Monday, August 25, 2008

လူရွှင်တော်ဇာဂနာ ကျန်းမာရေးမကောင်း

NEJ/ ၂၅ သြဂုတ် ၂၀၀၈

အင်းစိန်ထောင်တွင် ဖမ်းဆီးထိန်းသိမ်းခြင်းခံနေ ရသည့် လူရွှင်တော် ဇာဂနာသည် ကျန်းမာရေး မကောင်းသဖြင့် ယနေ့ တနလာင်္နေ့ ထောင်ဝင် စာတွေ့ချိန်တွင် ထောင်ဆေးရုံ တက်ခွင့်ရရန် တင်ပြမည်ဖြစ်ကြောင်း မိသားစုဝင် တဦးက ပြောသည်။

၎င်းက “ကိုသူရကကျန်းမာရေးသိပ်မကောင်းဘူး၊ နည်းနည်းဖျားပြီး ပိန်သွားတယ်။ လူလည်း ဖြူ ဖတ်ဖြူလျော် ဖြစ်လာတယ်။ ဆေးတွေကတော့ မျိုးစုံပေးနေရတယ်။ အပြင်မှာကတည်းက သူက သွေးတိုးလည်းနည်းနည်းရှိတယ်” ဟုပြောသည်။


သရုပ်ဆောင်ဒါရိုက်တာ မောင်သူရခေါ် ဇာဂနာကို စစ်အစိုးရက ပုဒ်မ(၇) ခုတပ်ပြီး စတင်တရားစွဲ ဆိုနေပြီ ဖြစ်သည်။ ၎င်းနှင့်အတူ မင်္ဂလာဒုံလေဆိပ်တွင် ဖမ်းဆီးခဲ့သည့် သူရအောင်၊ အတူနေ ကတုံး နှင့် အားကစားဂျာနယ် အယ်ဒီတာဟောင်း ကိုဇော်သက်ထွေးတို့ကို အမှုတွဲများအဖြစ် ဖမ်းဆီး တရားစွဲထားခြင်း ဖြစ်သည်။

ဇာဂနာအပေါ် စွဲဆိုထားသည့် ပုဒ်မများအနက် ၂၀၀၇ စက်တင်ဘာအရေးအခင်းကာလ သံဃာ တော်များအား ဆွမ်းကပ်သည့်အမှုလည်း ပါဝင်သဖြင့် ယခင်တကြိမ် ဖမ်းဆီးစဉ်က တရားမစွဲဘဲ ယခုလို တနှစ်ကြာမှ နောက်ကြောင်းပြန်တရားစွဲသည့်အပေါ် မိသားစုဝင်များက မကျေမနပ်ဖြစ်နေ ကြကြောင်းသိရသည်။

နိုင်ငံတော်ငြိမ်ဝပ်ရေးကို ထိခိုက်စေသည့် ပုဒ်မ ၅၀၅ (ခ)၊ ဘာသာ၊ သာသနာကို စော်ကားမှု ပုဒ်မ ၂၉၅ (က)၊ မတရားအသင်း ဆက်သွယ်မှု၊ ဗီဒီယိုအက်ဥပဒေအပါအ၀င် စုစုပေါင်း (၇) မှုဖြင့် စွဲချက် တင်ထားခြင်းဖြစ်သည်။

ယခုကဲ့သို့ အမှုတွဲ (၄) ယောက်ရှိခြင်း၊ ဇာဂနာတဦးတည်းကို အမှု (၇) မှုစွဲဆိုခြင်း စသည့်အချက် များကြောင့် မိသားစုဝင်များက ရှေ့နေ (၅) ဦ ငှားရမ်းလိုက်ပါဆောင်ရွက်ခွင့် တင်ပြခဲ့သော်လည်း အစိုးရက ရှေ့နေ (၃) ဦးသာ ငှားရမ်းခွင့်ပြုခဲ့ကြောင်းသိရသည်။

ဇာဂနာကို မိသားစုဝင်များက တနလာင်္နေ့တိုင်း တပတ်တကြိမ် ထောင်ဝင်စာတွေ့ခွင့်ရပြီး ကြာသပ တေးနေ့တိုင်း အင်းစိန်ထောင်အတွင်း က အထူးတရားရုံးတွင် ရုံးထုတ်စစ်ဆေးနေကြောင်း မိသားစု ၀င်တဦးကပြောသည်။

ဇာဂနာသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာရွှေဝါရောင်တော်လှန်ရေး သံဃာ့အရေးအခင်းကာလတွင် သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းမှုနဲ့ပတ်သက်ပြီး အချိန်အတော်ကြာ ဖမ်းဆီးအရေးယူခံခဲ့ရ သည်။ ၎င်းနှင့်အတူ ရုပ်ရှင်သရုပ်ဆောင် ကျော်သူနှင့် ဇနီးရွှေဇီးကွက်တို့လည်း ဖမ်းဆီးခံရပြီး နောက်ပိုင်းတွင် ပြန်လည်လွှတ်ပေးခဲ့သည်။ ဇာဂနာမှာ ပြန်လည်လွတ်မြောက်လာသော်လည်း
၎င်း၏ အနုပညာလုပ်ငန်းများ လုပ်ကိုင်ခွင့်မရခဲ့ပေ။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်မေလက နာဂစ်မုန်တိုင်းဘေး ကြုံတွေ့ရပြီးနောက်ပိုင်း ဇာဂနာသည် ၎င်းနှင့် စိတ်တူကိုယ်တူ အနုပညာ လောကမှ မိတ်ဆွေများနှင့် လေဘေးကယ်ဆယ်ရေးကို အားတက် သရော လုပ်ဆောင်ခဲ့သည်။

ယင်းသို့ လေဘေးကယ်ဆယ်ရေးကို အားတက်သရောလုပ်ဆောင်ခဲ့ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ပြင်ပမီဒီယာများကို အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုခဲ့ခြင်းတို့ကြောင့် ယခုကဲ့သို့ ဖမ်းဆီးအရေးယူသည်အထိဖြစ်လာသည်ဟု ၎င်းနှင့် မိသားစုဝင်များက ယုံကြည်နေကြသည်။

ကိုသူရကို နိုင်ငံတော်ငြိမ်ဝပ်ရေးကို ထိခိုက်စေသည့် ပုဒ်မ ၅၀၅ (ခ)၊ ဘာသာ၊ သာသနာကို စော် ကားမှု ပုဒ်မ ၂၉၅ (က)၊ မတရားအသင်းဆက်သွယ်မှု၊ ဗီဒီယိုအက်ဥပဒေ အပါအ၀င် စုစုပေါင်း (၇) မှုဖြင့် စွဲချက်တင်ထားပြီး လာမည့် ကြာသပတေးနေ့၌ ရက် ထပ်မံ ရုံးချိန်းထားကြောင်း သိရသည်။

Source

No comments: