Friday, August 22, 2008

ရန်ကုန် နိုင်ငံကူးလက်မှတ်ရုံးမှာ အဂတိလိုက်စားမှု များပြား ငွေမပေးသူများကို ၀န်ထမ်းတွေက ပမာမခန့်ဆက်ဆံ

ကိုဝိုင်း/ ၂၂ သြဂုတ် ၂၀၀၈

မြန်မာစစ်အစိုးရက အဂတိမှုများကို နှိမ်နင်းလျက်ရှိကြောင်း ပြောဆိုထုတ်ပြန်နေသော်လည်း ရန်ကုန်ပန်းဆိုးတန်းလမ်းရှိ ပတ်စ်ပို့ရုံး၌ လာဘ်ပေးလာဘ်ယူမှုများ ပြောင်ကျကျ ကျူးလွန်နေ သည်သာကမ လာဘ်ငွေမပေးသူများကိုပင် ပမာမခန့် ဆက်ဆံလျက်ရှိကြောင်း မကြာသေးမီက ကိုယ်တိုင်ပတ်စ်ပို့သွားလုပ်ခဲ့သူ ရန်ကုန်မြို့ခံတဦးက ပြောသည်။

နိုင်ငံခြားသွားမည့်သူများ ပေးဆောင်ရမည့် အခွန်ရုံးမှ ပုံစံ (၁၉) ခေါ် အခွန်ကင်းလွတ်စာ ရယူရန် အတွက် ပုံစံ (၁၇) ခေါ် မြို့နယ်ရုံးမှ အခွန်ကင်းလွတ်စာနှင့်အတူ တွဲတင်ရမည့် စလစ်စာရွက် ထုတ်ပေးသော ပတ်စ်ပို့ရုံးအထပ် (၃)၊ အခန်းအမှတ် (၃၀၃) ရှိ ၀န်ထမ်းများ အဂတိမှု ကျူးလွန် နေကြခြင်းဖြစ်သည်။

“အဲဒီစာရွက်လေး ထွက်လာဖို့အတွက် တတိယထပ်မှာ တန်းစီရတဲ့နေ့ကပေါ့။ အခန်းနံပါတ်က
(၃၀၃) ပါ။ အပေါက်ဝနဲ့ မျက်နှာချင်းဆိုင်က စားပွဲတလုံးမှာ စာရေးအမျိုးသား တယောက် ထိုင်နေတာပေါ့။ အခန်းထဲမှာ ကောင်တာ နံပါတ် (၁၊ ၂၊ ၃) ဆိုပြီး သုံးခုရှိတယ်။ အပြင်စားပွဲမှာ ထိုင်နေတဲ့လူက ငွေထိုးတဲ့သူတွေရဲ့ စာရွက်စာတမ်းတွေကို အထဲကို အရင်ပို့ပေးနေတာ” ဟု ၎င်းကပြောသည်။

ပတ်စ်ပို့လုပ်သူများက ၎င်းတို့၏ ကိုယ်ရေးပုံစံများ၊ ပြေစာများနှင့် ရက်ချိန်း တုန်ကင်တို့ကို အခန်း အပြင်မှ အဆိုပါဝန်ထမ်းက စာအုပ်အတွင်း၌ မှတ်တမ်းသွင်း၍ မည်သူ မည်သည့်ကောင်တာသို့ သွားရမည်ကို ဆုံးဖြတ်ပေးခြင်းဖြစ်သည်။ ထုံးစံအရဆိုလျင် စောစီးစွာရောက်ရှိသူ၏ စာရွက်စာ တမ်းများကို ဦးစားပေးရမည်ဖြစ်သော်လည်း နောက်မှ ရောက်လာပြီး ငွေ အနည်းဆုံး (၃,၀၀၀) ကျပ် လာဘ်ထိုးသူများကိုသာ ဦးစားပေးနေခြင်းဖြစ်သည်။

“ပြောင်ပြောင်တင်းတင်းကို ယူနေတာ။ တချို့လူတွေက ပိုက်ဆံကို လက်ထဲထည့်ပြီး ပေးတယ်။ အထဲမှာ ကွန်ပြူတာလုပ်တဲ့ စာရေးတယောက်ကတောင်ပြောတယ်။ အဲဒီလို ပေါ်တင်ကြီး မလုပ် နဲ့လေတဲ့။ ဘေးက လူတိုင်းကြားနေတယ်။ သူက ပိုက်ဆံကို ဘောင်းဘီအိတ်ထဲ ထည့်တယ်။ ပြီးရင် အဲဒီလူဟာကို အရင်ရေးပေးလိုက်တယ်” ဟု အဆိုပါမြို့ခံက ဆက်ပြောသည်။

ထိုသို့ပြုလုပ်နေသည်ကို မခံနိုင်၍ ၎င်းကိုယ်တိုင် ပြောဆိုသတိပေးခဲ့သော်လည်း ပမာမခန့် ပြန် လည်ခြိမ်းခြောက်ခြင်း ခံခဲ့ရကြောင်းသိရသည်။ ယခင်ကကဲ့သို့ တိုင်စာပုံးများ မရှိခြင်း၊ လာဘ်ငွေ ကိုပြောင်ယူနေသည့် အဆိုပါဝန်ထမ်း၌ ၀န်ထမ်းတံဆိပ် ကပ်ထားခြင်း မရှိခြင်း၊ အလုပ်ရှုတ်ခံလို စိတ်မရှိခြင်းတို့ကြောင့် သက်ဆိုင်ရာသို့ တိုင်ကြားမှုမပြုပဲ ယခုကဲ့သို့ သတင်းဌာနမှတဆင့် ထုတ် ဖော်ရခြင်းဖြစ်ကြောင်း မြို့ခံက ပြောသည်။

၎င်းက “ဘာဖြစ်လို့ နောက်မှလာတဲ့လူတွေကို အရင်ရေးပေးတာလဲ။ ငါတို့ရောက်နေတာ
(၈) နာရီ (၉) နာရီကတည်းကဆိုတော့၊ စီနီယာအတိုင်း လုပ်နေတာပဲနော်တဲ့။ ဘာစီနီယာအတိုင်း လုပ်လို့လည်းလို့ နင်လုပ်နေတာမြင်သားပဲလို့ ပြောတော့။ မရေးပဲနဲ့ နေလိုက်ရမလားတဲ့။ သူတို့က ကြည့်ရတာ ပမာမခန့် ပုံစံပဲ။ သူတို့ လုပ်နေတာကို သိနေ မြင်နေ ကြားနေတာကိုလည်း အရေး မထားတဲ့ပုံစံ” ဟု ပြောသည်။

အခန်းအနီးရှိ လုံခြုံရေးယူနီဖောင်း ၀တ်သူများပင် သက်ဆိုင်ရာ ၀န်ထမ်းတံဆိပ်များ မရှိကြကြောင်း၊ သို့သော် လာဘ်ငွေယူနေသည့် ၀န်ထမ်းထံမှ ဦးစားပေး စာရွက်စာတမ်းများကို လက်ခံ လက်မှတ် ထိုးပေးနေသူမှာ ကောင်းတာအမှတ် (၁) မှ ဒုရဲအုပ် အေးအေးဆိုသူဖြစ်ကြောင်းကိုမူ တံဆိပ်တုန်းမှ တဆင့် သိရကြောင်း ရန်ကုန်မြို့ခံက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ပန်းဆိုးတန်းလမ်းရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး အဖွဲ့ရုံးသို့ ဆက် သွယ်မေးမြန်းရာ တာဝန်ကျဝန်ထမ်းအမျိုးသမီးက “အဲဒါကတော့ ကျမ ဘာမှမပြောတတ်ပါဘူးရှင်။ သက်ဆိုင်ရာလူကြီးကို မေးကြည့်လိုက်ပါ” ဟု ပြော၍ ဖုန်းချသွားသည်။

ပြည်တွင်း၌ အလုပ်အကိုင် ရှားပါးခြင်း၊ စားဝတ်နေရေး အဆင်မပြေခြင်းတို့အပါအ၀င် အကြောင်း အမျိုးမျိုးကြောင့် ပြည်ပသို့ ထွက်ခွာကြရန် ပတ်စ်ပို့လုပ်ကြရာ၌ ကိုယ်တိုင်လုပ်သူများရှိသကဲ့သို့ ပွဲစားများ အသုံးပြုသူများလည်းရှိသည်။ ကိုယ်တိုင်လုပ်လျင် ပတ်စ်ပို့ရုံး၌ တရားဝင် ကုန်ကျငွေမှာ ဓာတ်ပုံရိုက်ခ၊ ပတ်စ်ပို့လျှောက်လွှာကြေး၊ ကိုယ်ရေးပုံစံကြေး၊ ပုံစံဖြည့်အချက်အလက်များ မှန်မမှန် စစ်ဆေးကြေး၊ ဘဏ်ချလန်ကြေးတို့၊ ပတ်စ်ပို့စာအုပ်ဖိုး အပါအ၀င် ခန့်မှန်းချေ (၁) သောင်း (၆) ထောင်ဝန်းကျင်ဖြစ်သည်။

ပုံစံ (၁၇) အတွက်မူ မြို့နယ်အလိုက် ကွာခြားမှုများရှိသော်လည်း အနည်းဆုံး (၆,၀၀၀) ကုန်ကျ မည်ဖြစ်သည်။ ပုံစံ (၁၉) အတွက်လည်း (၁) သောင်းဝန်းကျင် ကုန်ကျမည်ဖြစ်သောကြောင့် ကိုယ်တိုင်လုပ်လျင် ခန့်မှန်းချေ စုစုပေါင်း (၃) သောင်းကျော်သာ ကုန်မည်ဖြစ်သည်။

ပွဲစားနှင့် လုပ်သူများမှာလည်း ပွဲစားများအပေါ် မူတည်ပြီး ကုန်ကျမှု အမျိုးမျိုးရှိသည်။ အနည်းဆုံး (၅) သောင်းခန့် ကုန်မည် ဖြစ်ပြီး ပတ်စ်ပို့ရသည်အထိ ပုံမှန်ချိန်အတိုင်း တလ၀န်းကျင်ကြာမည် ဖြစ်သည်။ သို့သော် ရက်သီတင်းပတ်အတွင်း ရလိုပါက ကျပ်ငွေ (၁) သိန်းကျော်ကုန်ကျမည်ဖြစ် ကြောင်း သိရသည်။

Source

No comments: