Thursday, August 21, 2008

ဗုံးကြောင့် စစ်ဆေးရေးဂိတ်များ အလုပ်ဖြစ်

Kaowao:

လွန်ခဲ့သော သြဂုတ် ၁၃ ရက်နေ့ နေ့လည်ပိုင်းက သံဖြူဇရပ်မြို့ မြို့နယ်အခွန်ဦးစီးမှူးရုံးတွင် လက်ပစ်ဗုံးအဟောင်းတစ်လုံး ရှာဖွေတွေ့ရှိပြီးနောက် အာဏာပိုင်တို့က လုံခြုံရေး အကြောင်းပြကာ ရေး - မော်လမြိုင် အဝေးပြေးလမ်းမရှိ စစ်ဆေးရေး ဂိတ်များတွင် ပိုမိုတင်းကြပ်သောစစ်ဆေးမှုများ လုပ်ဆောင်နေပြီး ခရီးသွားပြည်သူများအား ငွေညှစ်တောင်းခံနေကြကြောင်း ပြည်တွင်းမှ လာသောသတင်းများ၏အဆိုရ သိရသည်။

ဗုံးတွေ့ရှိပြီးနောက် မော်လမြိုင်မြို့အဝင် ရိုးဂိုးဂိတ်၊ မုဒုံမြို့ ဆင်ဖြူတော်ဂိတ်၊ သံဖြူ ဇရပ်မြို့ ဝင်ထွက်နှစ်ဂိတ်၊ မော့ကနင်ရွာ (လမိုင်းမြို့နယ်ခွဲ)၊ ရေးမြို့အဝင်အထွက် ဂိတ်တို့တွင် ပိုမိုတင်းကြပ်သော စစ်ဆေး ခွင့် ရရှိလာသောကြောင့် လမ်းခရီးနှောင့် နှေးကြန့်ကြာမှုကြောင့် ခရီးသည်များ စိတ်ညစ်နေရကြောင်း ကားသမားတစ်ဦး က ပြောကြားသည်။ အာဏာပိုင်တို့က တရားခံရှာဖွေနေသည်ထက် ခရီးသွား ပြည်သူများထံမှ ငွေညှစ်ရန်အတွက်သာ ရည်ရွယ်ကာ အမျိုးမျိုး ခြိမ်းခြောက်ပြီး ပိုက်ဆံရှာနေကြကြောင်း ထိုကားသမား က ဆက်ပြောသည်။

အဆိုပါဂိတ်များတွင် သက်ဆိုင်ရာ စစ် ဒေသရုံး၊ နယ်မြေခံတပ်၊ မယကရုံး၊ စရဖ၊ လဝက၊ အကောက်ခွန်၊ စသုံးလုံး ရဲအထူး သတင်းတပ်ဖွဲ့၊ မြို့နယ်ရဲမှုးရုံးတို့မှ ပါဝင် ကြပြီး ရရှိသောဂိတ်ကြေးများကို နေ့စဉ် အချိုးကျဝေယူကြကြောင်း သံဖြူဇရပ် မြို့နယ်မှ အမည်မဖော်လိုသော ဝန်ထမ်း တစ်ဦး ပြောကြားခဲ့ပါသည်။

ဂိတ်တစ်ဂိတ်ဖြတ်တိုင်းကန့်သန့်ကုန်ဖြစ်သည့် ဆန်တစ်အိတ်အတွက် ကျပ်ငွေတစ်ရာ မပေးနိုင်ပါက ပစ္စည်းသိမ်းမည်ဟု သံဖြူ ဇရပ်မြို့နယ်၊ ကရုပ္ပိရွာနေ ဆန်ကုန်သည် တစ်ဦးက Kaowao သို့ ပြောကြားခဲ့သည်။

No comments: