Monday, August 25, 2008

စစ်တွေတွင် လူငယ်များနှင့် ခိုက်ရန် ဖြစ်ပွားရာမှ လုံထိန်း ၂ ဦးသေဆုံး

Narinjara News
ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် လူငယ်များနှင့် လုံထိန်းတပ်ဖွဲ့ဝင်များ အကြားခိုက်ရန် ဖြစ်ပွားရာမှ လူငယ်များက ဓါးနှင့် ထိုးသဖြင့် လုံထိန်း ၂ ဦး ပွဲချင်းပီး သေဆုံးပြီး ကျန် ၂ ဦးမှာ ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားကြောင်း သတင်းရရှိသည်။

အဆိုပါ လူသတ်မှုမှာ လွန်ခဲ့သော သောကြနေ့ ( သြဂုတ်လ ၂၂ ရက်နေ့) ညနေ ၉ နာရီခွဲခန့်တွင် စစ်တွေမြို့ ကသည်းရွာ ရပ်ကွက် တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

စစ်တွေမြို့ အရပ်လူကြီး တဦးက “လူငယ်တွေကတော့ ပြဿနာ ဖြစ်ပွားပီးတာနဲ့ ထွက်ပြေးသွားကြတဲ့အတွက် ဖမ်းဆီးရမိခြင်း မရှိသေးဘူး။ ပြဿနာ စဖြစ်တာက လူငယ်တွေ ဂီတာတီးနေတာကို အရက်မူးနေတဲ့ လုံထိန်းတွေက သွားရန်စရာကနေ လူငယ်တွေက သည်းမခံနိုင်တော့ ပါလာတဲ့ ဓါးတွေနဲ့ ၀ိုင်းထိုးလိုက်တဲ့အတွက် လုံထိန်းတွေ သေဆုံးသွား တာဖြစ်ပါတယ်။” ဟု ပြောသည်။

လုံထိန်း ၄ ဦးတွင် နှစ်ဦးမှာ ပွဲချင်းပီးသေဆုံးသွားပြီး သူတို့ ၄ ဦးစလုံးကို ကားဖြင့် ကယ်ထုတ်သွားရသည်ဟု မျက်မြင် တဦးက ပြောသည်။

ယခုအခါ အဆိုပါ လူငယ် ၅ ဦးအား သက်ဆိုင်ရာမှ အပူတပြင်းလိုက်ရှာနေပြီး သူတို့ မိသားစုများအား သက်ဆိုင်ရာမှ ခေါ်ယူ စစ်မေးမြန်းနေကြောင်း သတင်းရရှိသည်။

စစ်တွေမြို့ ကသည်းရွာ ရပ်ကွက်မှာ စစ်တွေဆင်ခြေဖုံးရပ်ကွက်တွင် တည်ရှိပြီး မကြာခဏ ယခုကဲ့သို့ ဓါးထိုးမှုများ ဖြစ်ပွားလေ့ရှိကြောင်း သိရှိရသည်။

Source

No comments: