Tuesday, August 26, 2008

နိုင်ငံရေးအကျဉ်းသားတချို့၏ အသက်အန္တရာယ် စိုးရိမ်ရ၊ အေအေပီပီပြော

ကိုသက် | သြဂုတ် ၂၆၊ ၂၀၀၈

မြန်မာနိုင်ငံ အကျဉ်းထောင်များရှိ နိုင်ငံရေးအကျဉ်းသားတချို့၏ ကျန်းမာရေးအခြေအနေသည် အသက်အန္တရာယ်ကိုပင် စိုးရိမ်နေ ရသည်ဟု ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) အဖွဲ့က ယနေ့ ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံ ကချင်ပြည်နယ် မြစ်ကြီးနားထောင်တွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် ဦးနေ၀င်းသည် သွေးတိုး နှင့် နှလုံးရောဂါတို့ကြောင့် ယခုအခါ မတ်တပ်မရပ်နိုင်တော့သည့် အခြေအနေနှင့် ရင်ဆိုင်နေရပြီး မွန်ပြည်နယ် မော်လမြိုင် ထောင်ရှိ နိုင်ငံရေးအကျဉ်းသား ကိုကျော်မျိုးမင်းသည် အောက်ပိုင်းသေသည့်ဝေဒနာကို ခံစားနေရသော်လည်း ထောင် အာဏာပိုင်တို့က ဆေး ၀ါးကုသပေးခြင်း မရှိကြောင်း အေအေပီပီအဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားသည်။

အသက် ၆၀ ရှိပြီဖြစ်သည့် ဦးနေ၀င်းသည် အန်အယ်လ်ဒီပါတီ၏ မြစ်ကြီးနားမြို့နယ် အတွင်းရေးမှူးဖြစ်ပြီး လွန်ခဲ့သည့်နှစ် စက်တင်ဘာလက သံဃာတော်များ သပိတ်မှောက်ကံဆောင်သည်ကို လမ်းမပေါ်ထွက်ကြည့်သဖြင့် အဖမ်းခံရကာ ထောင် ဒဏ် ၂ နှစ် ချမှတ်ခြင်းခံရသူ ဖြစ်သည်။

မော်လမြိုင်ထောင်ရှိ ကိုကျော်မျိုးမင်းသည်လည်း ၂၀၀၇ ခုနှစ်အတွင်းက နယ်စပ်မှ ပြည်တွင်းသို့ပြန်အ၀င် ဇနီးသည် မနှင်းပန်းနှင့်အတူ အဖမ်းခံရပြီး တရားမ၀င်အသင်း ဆက်သွယ်မှုဖြင့် ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံရသူ ဖြစ်သည်။

မြစ်ကြီးနားထောင်ရှိ ဦးနေ၀င်းကဲ့သို့ အသက်အန္တရာယ်စိုးရိမ်ရသည့် နိုင်ငံရေးအကျဉ်းသား ၁၀ ယောက်ခန့် ရှိသည်ဟု အေအေပီပီအဖွဲ့၏ အတွင်းရေးမှူး ဦးတိတ်နိုင်က ဧရာဝတီကို ပြောသည်။

“ဥပမာ - ခန္တီးထောင်က ဦးအုန်းသန်းဆိုရင် တော်တော်ကျန်းမာရေးမကောင်း ဖြစ်နေတယ်။ နောက်တော့ … ဦးစိုင်းညွန့်လွင် ဆိုရင်လည်း ကျန်းမာရေးမကောင်းဘူး၊ ဦးနေ၀င်းနဲ့ ကိုကျော်မျိုးမင်းတို့ဆိုရင်လည်း တော်တော် ကျန်းမာရေးမကောင်းဘူး။ လတ်တလောအခြေအနေအရ ကျန်းမာရေးစောင့်ရှောက်မှုက နယ်ထောင်တွေမှာ ပိုဆိုးတယ်လို့ ပြောလို့ရတယ်” ဟု ဦးတိတ်နိုင်က ပြောသည်။

အကျဉ်းသားများ ကျန်းမာရေးမကောင်းဖြစ်ရသည့် အဓိကအကြောင်းအရင်းမှာ အာဟာရချို့တဲ့ခြင်းကြောင့်ဖြစ်ပြီး အာဟာရ ချို့တဲ့သဖြင့် အောက်ပိုင်းချည့်နဲ့ခြင်းများ ဖြစ်ကြသည်ဟု ဦးတိတ်နိုင်က ဆက်ပြောသည်။

“နယ်ထောင်တွေမှာ မိသားစုတွေက ထောင်ဝင်စာပုံမှန်သွားမတွေ့နိုင်ဘူး၊ နောက်ပြီး နယ်ထောင်တွေမှာ လာဘ်ပေးလာဘ် ယူမှုတွေကလည်း ပိုများတယ်ဆိုတော့ နိုင်ငံရေးအကျဉ်းသားတွေကို ဆေးဝါးကုသပေးဖို့ဆိုတာ တော်တော်နဲ့မရတဲ့ကိစ္စ ဖြစ်တယ်” ဟုလည်း ဦးတိတ်နိုင်က ပြောသည်။

ရန်ကုန်မြို့အင်းစိန်ထောင်တွင် ဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသားများဖြစ်ကြသည့် ကိုအောင်သူ၊ ကိုမျိုးအောင်နိုင်၊ ကိုလှမျိုးနောင်၊ ကိုသက်ဇင်၊ ကိုမျိုးရန်နောင်သိမ်း၊ ကိုမင်းကိုနိုင်နှင့် မစုစုနွေးတို့၏ ကျန်းမာရေးအခြေအနေများသည် တိုးတက်ကောင်းမွန်မှုမရှိသည့်အပြင် လုံလောက်သည့် ဆေးဝါးကုသမှုများ မရကြသေးပေ။

လွန်ခဲ့သည့်အပတ်က ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ကိုအောင်သူအား အာဏာပိုင်တို့က ဆေးဝါးကုသရန် ပြင်ပဆေးရုံသို့ ခေါ်ဆောင်ကာ ရွာသာကြီးရှိ စိတ်ရောဂါအထူးကုဆေးရုံသို့ ခေါ်ဆောင်ခဲ့သဖြင့် ကိုအောင်သူအနေနှင့် စိတ်အနှောင့်အယှက် များစွာဖြစ်ရသည်ဟု အေအေပီပီကြေညာချက်တွင် ဖော်ပြထားသည်။

ယခုလပထမအပတ်က မြန်မာနိုင်ငံသို့လာရောက်လည်ပတ်ခဲ့သည့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်သစ် မစ္စတာ တောမတ်စ် အိုဟေး ကင်တာနာက ရန်ကုန်ရှိ အင်းစိန်ထောင်တွင် ၎င်းတွေ့ဆုံခွင့်ရခဲ့သည့် နိုင်ငံရေးအကျဉ်းသားများ၏ ထောင်တွင်း၌နေထိုင်ခွင့်ရသည့် အခြေအနေသည် မဆိုးလှကြောင်း ပြောဆိုခဲ့သည်။ ၎င်းပြောဆိုချက်ကို အေအေပီပီအဖွဲ့က တကယ့်လက်တွေ့နှင့် ကွာဟနေသည်ဟု ဝေဖန်လိုက်သည်။

“ပကတိအခြေအနေမှာ နိုင်ငံရေးအကျဉ်းသားတွေဟာ ရပိုင်ခွင့်တွေ ဆုံးရှုံးနေကြတယ်၊ လူ့အခွင့်အရေးတွေ အကြီးအကျယ် ချိုးဖောက်ခံနေရတဲ့ အနေအထားမျိုးဖြစ်တယ်။ အကျဉ်းထောင်ထဲက လူ ၅ ယောက်ကိုတွေ့ပြီး ဆုံးဖြတ်ချက်ချတာကတော့ အမှန်တရားနဲ့ တော်တော်ကို မနီးစပ်နိုင်ပါဘူး” ဟု ဦးတိတ်နိုင်က ပြောသည်။

မစ္စတာ ကင်တာနာ မြန်မာနိုင်ငံသို့ရောက်ရှိနေစဉ် စစ်အစိုးရက အင်းစိန်ထောင်တွင် သတင်းစာဆရာကြီး ဦးဝင်းတင်၊ စက်တင်ဘာသံဃာ့သပိတ်ခေါင်းဆောင် အရှင်ဂန္ဘီရနှင့် မစုစုနွေးအပါအ၀င် နိုင်ငံရေးအကျဉ်းသား ၅ ဦးနှင့် တွေ့ဆုံခွင့် ပေးခဲ့သည်။

“ကုလသမဂ္ဂကို ရှေ့လျှောက်အားကိုးဖို့ကတော့ အတော်ခက်ခဲမယ်ထင်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်း သားတွေ မလွတ်သေးဘဲနဲ့ တွေ့ဆုံဆွေးနွေးရေးကိစ္စတွေ၊ ဒီမိုကရေစီရေးတွေမှာ ဖြစ်ပေါ်တိုးတက်မှုတွေ ရှိနေပါတယ် ဆိုတာက ဘယ်လိုမှ မပြောသင့်တဲ့စကား၊ မဖြစ်နိုင်တဲ့ ကိစ္စမျိုးပါ” ဟုလည်း ဦးတိတ်နိုင်က ပြောသည်။

Source

No comments: