Tuesday, August 19, 2008

ပြည်တွင်း ဆန်တင်ပို့ခွင့် လွှတ်ပေးခြင်းမဟုတ်ဟု ဗိုလ်မှူးကျော်ထူးရှင်းလင်း ၂၀၀၉ ခုနှစ် ဆန်တန်ချိန် (၃) သန်း နိုင်ငံခြားပို့ပြီးမှ ဆန်လွှတ်မည်ပြော

NEJ/ ၁၉ သြဂုတ် ၂၀၀၈

ရန်ကုန် ပြည်မြန်မာဂျာနယ်မှာ ရန်ကုန်ဆန်များကို ပြည်နယ်နှင့်တိုင်း အသီးသီးသို့ လွတ်လပ်စွာ တင်ပို့ခွင့်ရပြီဟု မကြာခင်က ရေးခဲ့သည့် သတင်းမှားယွင်းကြောင်း ကူးသန်းရောင်းဝယ်ရေး
ဝန်ကြီးဌာန စစ်ဘက်အရာရှိတဦးက ရန်ကုန်ဆန်ကုန်သည်ကြီးများအား ယနေ့ ခေါ်ယူရှင်းလင်း ခဲ့သည်။

ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ဗိုလ်မှူးကျော်ထူးက ယနေ့ ရန်ကုန် ဆန်ကုန်သည်ကြီး များအား ခေါ်ယူရှင်းလင်းခဲ့ပြီး ယခုကဲ့သို့ ပြောဆိုခြင်းဖြစ်ကြောင်း ဆန်ကုန်သည်တဦးက ပြောသည်။

ရန်ကုန်ဆန်များကို လွတ်လွတ်လပ်လပ် တင်ပို့ခွင့် ပေးသည်ဆိုသည့်အချက် မဟုတ်ကြောင်း၊ အနည်းဆုံး (၂) လ (၃) လအတွင်း ဆန်ကို လွှတ်ပေးမှာမဟုတ်ကြောင်း မြန်မာစစ်အစိုးရက နိုင်ငံခြားသို့ လာမည့်နှစ် ဆန်တန်ချိန် (၃) သန်း ပို့ပြီးမှသာ ကုန်သည်များကို ဆန်လွတ်လွတ် လပ်လပ် ဆန်တင်ပို့ရောင်းချခွင့်ပေးမည်ဟု ဗိုလ်မှူးကျော်ထူးက ပြောကြောင်း ကုန်သည်များက ပြောသည်။

ဗိုလ်မှူးကျော်ထူး ရှင်းလင်းချက်ကို ဆန်ကုန်သည်တဦးက ပြန်ပြောပြရာ "မဟုတ်ပါဘူးတဲ့။ ခင်ဗျားတို့ ဘယ်တုန်းက ပိတ်လို့တုန်းတဲ့။ ဘယ်တုန်းက ဈေးနှုန်းကန့်သတ်လို့တုန်းတဲ့။ မပိတ် လည်း မပိတ်ဘူး။ ဈေးနှုန်းလည်း မကန့်သတ်ဘူး။ သွားလည်းမသွားရဘူး။ သွားရမလားမေး တော့လည်း ကျနော်တို့ ထမေးတယ်လေ။ ကျနော်တို့ မှောင်ခိုလည်း မထွက်ဘူး။ ပြည်တွင်း လမ်းကြောင်းကိုပဲ ကျနော်တို့သွားမယ်။ ပြည်တွင်းလမ်းကြောင်းပဲ သွားဖို့ ကျနော်တို့ အာမခံ တယ်။ မဟုတ်ဘူးဆိုလို့ရှိရင် ကျနော်တို့ ပစ္စည်းကိုသိမ်း၊ ကျနော်တို့ကို ထောင်ချ၊ ကျနော်တို့ ပွဲရုံကို သိမ်းပါ။ အဲလိုလည်း မသွားရဘူးတဲ့။" ဟု ပြောသည်။

ဆန်အတားအဆီးကို ဂိတ်မထားသော်လည်း ပါမစ်မပါဘဲ ဆန်ပို့ခွင့်မရှိဟု ဗိုလ်မှူးကျော်ထူးက လက်တလုံးခြား ရှင်းပြသည်ဟု ဆန်ကုန်သည်ကြီးများက ပြောသည်။ လောလောဆည် ရှမ်းပြည် တောင်ပိုင်းနှင့် မန္တလေးတိုင်းအတွက်သာ တနေ့ကို ရန်ကုန်မှ ဆန်အိတ် (၇၀,၀၀၀) သာ ပါမစ်နှင့် တင်ပို့ခွင့်ပေးထားပြီး ကျန်တိုင်းနှင့်ပြည်နယ်များ တင်ပို့ခွင့် ပိတ်ထားဆဲ ဖြစ်သည်ဟု စုံစမ်းသိ ရသည်။

ဆန်ကုန်သည်အချို့ကလည်း "ကျနော်တို့ ဆန်ဟာ အဓိက ပို့ဆောင်ရေးကုန်ဖြစ်တယ်။ အဲဒီတော့ တခါတလေ ကားတွေက ခါလီပြန်ရတယ်။ ကုန်မရှိဘူးပေါ့။ ပွဲရုံတွေမှာလည်း အလုပ်မရှိဘူးပေါ့။ အလုပ်သမားတွေက တနေ့ကို (၃,၀၀၀) လျှော်ရတယ်။ အလုပ်သမား စားဝတ်နေရေး ရှိသေး တာပေါ့။ (၅) ယောက်ကို ကျပ် (၁၅,၀၀၀) ကုန်ပါတယ်။ အဲတော့ ကုန်စည်စီးဆင်းမှုတွေဟာ အကုန်လုံး ရပ်ဆိုင်းနေပါတယ်ပေါ့။ အဲလိုပြောတယ်။ တင်ပြစရာရှိတာ တင်ပြပါလို့ သူကပြော တာကိုး" ဟု တင်ပြခဲ့ကြောင်း ပြောသည်။

ဆန်ကုန်သည်များက အခက်အခဲ တင်ပြသော်လည်း ဗိုလ်မှူးကျော်ထူးက လက်မခံဘဲ “ခင်ဗျား တို့၊ ဒီ (၂) လ (၃) လ အတွင်းကတော့ မပေးနိုင်သေးဘူး ခင်ဗျားတို့ ဒီပြည်တွင်းသွားဖို့လောက်ပဲ ခင်ဗျားတို့သိတာ ခင်ဗျားတို့ အမြင်တွေက တိမ်တယ်။ ခင်ဗျားတို့ နိုင်ငံခြားပို့ဖို့ မစဉ်းစားဘူး” ဟု ကြိမ်းမောင်းပြောခဲ့သည်ဟု သိရသည်။

မြန်မာစစ်အစိုးရသည် ရန်ကုန်မှာ ဆန်ဈေးအေးနေကြောင်း ဆန်အလုံအလောက်ရှိကြောင်း သတင်းများကို အစိုးရသတင်းစာများမှ မကြာခဏ ရေးနေသော်လည်း ရန်ကုန်မှာ ဧရာဝတီဆန် အ၀င်နည်းနေကြောင်း ယနေ့ထုတ် မြန်မာ့အလင်းတွင် ၀န်ခံရေးသားထားသည်။

Source

No comments: