Wednesday, August 20, 2008

စီးပွားရေးမနိုင်ကြောင်း စစ်အစိုးရ ၀န်ခံချိန်တန်ပြီ

ခေတ်ပြိုင်

အက်ဖ်အီးစီ ငွေလဲနှုန်းစနစ်ကြောင့် နာဂစ်အတွက် ကူညီနေသည့် ကုလသမဂ္ဂအဖွဲ့ကြီး ဒေါ်လာ သန်း (၂၀) ကျော် အရှုံးပေါ်၏။ ထိုကိစ္စအတွက် စစ်အစိုးရ အရှက်ကွဲ၏။ သို့တိုင် စီးပွားရေးစနစ် စီမံခန့်ခွဲမှု မှားယွင်းနေကြောင်း ၀န်မခံ။ နောက်ဆုံး မြန်မာစစ်အစိုးရ၀န်ကြီး ဦးစိုးသာက အောက် လမ်းနည်းဖြင့် လုပ်ကိုင်နိုင်ပါသည်ဟု ဖြေရှင်းချက်ထုတ်ရသည့်အဖြစ် ရောက်၏။

နာဂစ်အတွက် လူမှုရေးအကူအညီ ပစ္စည်းများ ၀ယ်လိုလျှင် မြန်မာနိုင်ငံမှ ရောင်းသူ၏ ဒေါ်လာ ဘဏ်စာရင်းထဲ ၀ယ်သူက ဒေါ်လာ တိုက်ရိုက်ငွေချေသည့်နည်းကို ၀န်ကြီးဦးစိုးသာက အကြံပြု၏။ ရောင်းမည့်သူတွေထဲမှာ အများစုက စစ်အစိုးရနှင့် ပတ်သက်သူတွေ၊ စစ်အစိုးရနှင့် ပတ်သက်သည့် အဖွဲ့အစည်းတွေဆိုလျှင် မည်သူ့ အိတ်ထဲရောက်မည်ကို အလွယ်တကူ တွက်နိုင်၏။ အက်ဖ်အီးစီနှင့် လဲလျှင်လည်း စစ်အစိုးရမြတ်၏။ ရောင်းသူကို ဒေါ်လာနှင့် တိုက်ရိုက်ချေလည်း ကိုယ့်လူတွေချည်း ဖြစ်၍ စစ်အစိုးရမြတ်၏။ ထိုအချက်ကို အလှူရှင်နိုင်ငံတွေ မည်မျှလိုက်လျောမည်ကို စောင့်ကြည့်ဖို့ လို၏။

ယခုကဲ့သို့ ကုလသမဂ္ဂ အရှုံးပေါ်ရသည်မှာ အက်ဖ်အီးစီကို ဒေါ်လာနှင့် တန်ဖိုးညီအောင် စစ်အစိုးရ ဘက်က ကျားကန်မပေးနိုင်ခြင်းဖြစ်၏။ မှောင်ခိုဈေးကွက် ငွေလဲနှုန်းပေါ်ရခြင်းသည် တရားဝင်
မြန်မာငွေနှင့် ဒေါ်လာတန်ဖိုးလဲနှုန်း ယုတ္တိမရှိသည့်သဘောဖြစ်၏။ မြန်မာငွေတန်ဖိုး ချပေးဖို့လို သည့် အဓိပ္ပာယ်ဖြစ်၏။

မြန်မာငွေတန်ဖိုးကို ချမပေးခြင်းကြောင့် အဆိုပါပြဿနာမျိုးတွေ ပေါ်လာခြင်းဖြစ်၏။ ထိုအချက် သည် စစ်အစိုးရ၏ စီးပွားရေး စီမံခန့်ခွဲမှု ညံ့ဖျင်းသည့်အချက်ကို ပြနေ၏။ ထိုအချက်ကြောင့် မြန်မာနိုင်ငံမှာ စစ်မှန်သည့် အရပ်ဘက်အုပ်ချုပ်ရေးစနစ် အမြန်လိုအပ်နေကြောင်း စစ်ခေါင်း ဆောင်များ သိဖို့လို၏။

စစ်အစိုးရအုပ်ချုပ်မှုအောက်တွင် စီးပွားရေးတိုးတက်သည့် နိုင်ငံဟူ၍ ကမ္ဘာမှာ သာဓကမရှိ။ တနှစ် တာမျှ အုပ်ချုပ်ခဲ့သည့် ထိုင်းစစ်အစိုးရကိုပင် တိုင်းပြည်စီးပွားရေး ကျဆင်းမှုအတွက် တာဝန်ရှိ သည်ဟု နောက်တက်သည့် အရပ်သားအစိုးရက အပြစ်တင်ခဲ့၏။ မြန်မာစစ်ခေါင်းဆောင်တွေ သင်ခန်းစာယူဖို့ကောင်း၏။

စင်စစ် မြန်မာငွေတန်ဖိုး ချပေးသင့်သည့်ကိစ္စသည့် ၁၉၉၀ ခုနှစ်များ အစောပိုင်းကစပြီး နိုင်ငံ တကာက မေးခွန်းထုတ်နေသည့် ပြဿနာဖြစ်၏။ မြန်မာငွေတန်ဖိုး ချမပေးခြင်း၊ မြန်မာငွေကို နိုင်ငံတကာငွေကြေးနှင့် အလွယ်တကူ လဲမရခြင်းတို့ကြောင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် တိုင်းပြည်စီးပွားရေး တိုးတက်မှုကိုပါ အနှောင့်အယှက်ဖြစ်ရ၏။

သို့သော် မြန်မာငွေတန်ဖိုး ချပေးလျှင် ဈေးနှုန်းတွေ ရုတ်တရက် တက်လာမည်၊ ငွေဖောင်းပွမှု ခုန်တက်လာမည်၊ အလုပ်လက်မဲ့တွေများပြီး လူမှုရေးအုံကြွမှုတွေ ဖြစ်လာမည်ကို ၁၉၉၀ ခုနှစ်များ အစောပိုင်းကတည်းက မြန်မာစစ်အစိုးရ တွေးလန့်ခဲ့၏။

မြန်မာငွေကိုသာ တန်ဖိုးချပေးရမည်ဆိုလျှင် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)၊ ကမ္ဘာ့ ဘဏ် စသည့် ငွေကြေးအဖွဲ့အစည်းများ၏ အကူအညီမပါဘဲ လုပ်နိုင်ဖို့ မလွယ်၊ အဆိုပါ ပြဿနာတွေ ကာမိဖို့၊ အစိုးရ အထောက်အပံ့တွေပေးဖို့ ဒေါ်လာ သန်း (၂) ထောင်နှင့် (၃) ထောင်ကြား လိုမည်ဟု ဘဏ္ဍာရေးဝန်ကြီး ဦးတင်ဝင်း ၁၉၉၅ ခုနှစ်က ပြောခဲ့ဖူးသည်။

သို့သော် မြန်မာစစ်အစိုးရ အုပ်ချုပ်နေသရွေ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)၊ ကမ္ဘာ့ ဘဏ်တို့က အကူအညီ မပေးနိုင်အောင် အမေရိကန်က ဒဏ်ခတ်ထား၏။ သန်း (၂) ထောင် မပြောနှင့် (၁) ဒေါ်လာပင် မပေးခဲ့။

ဤတွင် ရွှေဥာဏ်တော်စူးရောက်သည့် စစ်အစိုးရက မသိမသာ ငွေတန်ဖိုးချသည့် သဘောဖြင့် အမေရိကန် (၁) ဒေါ်လာနှင့် ညီမျှသည်ဆိုသည့် အက်ဖ်အီးစီကို ထုတ်ခြင်းဖြစ်၏။ အက်ဖ်အီးစီ စထုတ်ပြီးကတည်းက မှောင်ခိုးဈေးကွက်မှာ ဒေါ်လာဈေးနှင့် အက်ဖ်အီးစီ ညီမျှသည်ဟူ၍ မရှိ။ အက်ဖ်အီးစီတန်ဖိုးကို စစ်အစိုးရက ဒေါ်လာနှင့်ညီအောင် ကျားကန်မပေးနိုင်သည်နှင့်အမျှ အက်ဖ်အီးစီတန်ဖိုး ပို၍ကျလာ၏။ ထို့ကြောင့် နာဂစ်ကူညီသည့် ကုလအဖွဲ့ကြီး ခွက်ခွက်လန် အောင် အရှုံးပေါ်ရခြင်းဖြစ်၏။

ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၏ တချိန်က နေပြည်တော် သတင်းစာရှင်းလင်းပွဲပြောဆို ချက်အရ ၂၀၀၆ ခုနှစ်တွင် မြန်မာနိုင်ငံတွင်း လည်ပတ်နေသည့် အက်ဖ်အီးစီပမာဏမှာ ယူနစ် (၂၇) သန်းရှိသည်ဆို၏။ ၂၀၀၈ ခုတွင် နာဂစ်ကိစ္စ ကူညီနေသည့် ကုလသမဂ္ဂစသည့် အဖွဲ့ အစည်းများက အက်ဖ်အီးစီကို ပိုသုံးစွဲနေရသဖြင့် အက်ဖ်အီးစီယူနစ်မှာ (၂၇) သန်းထက် များဖို့သာရှိ၏။

သို့သော် စစ်အစိုးရ ထုတ်ပြန်သည့် ကိန်းဂဏန်းများ မယုံကြည်ရကြောင်း နိုင်ငံတကာအဖွဲ့ အစည်းများ ပြောလာသည်မှာ အနှစ် (၂၀) မကတော့ပြီ။

စီးပွားရေးတိုးတက်မှုကိုလည်း စစ်အစိုးရက အမျိုးမျိုးလိမ်၏။ ၂၀၀၆-၂၀၀၇ စီးပွားရေးတိုးတက် မှုကို (၁၃) ရာနှုန်းရှိသည်ဟု ၀န်ကြီး ဦးစိုးသာက ပြော၏။ သို့သော် မြန်မာနိုင်ငံ၏ ၂၀၀၆ ခုနှစ် စီးပွားရေး တိုးတက်မှုမှာ (၃.၈) ရာနှုန်းသာ ရှိသည်ဟု လန်ဒန်အခြစိုက် အီးအိုင်ယူ စီးပွားရေး မဂ္ဂဇင်းကြီးက မှန်း၏။ တဖန် ၂၀၀၇ ခုနှစ် စီးပွားရေးတိုးတက်မှုမှာ (၂) ရာနှုန်းနှင့် (၄) ရာနှုန်း ကြားရှိသည်ဟု အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) တို့က မှန်း၏။ စစ်အစိုးရ ပြောသည်နှင့် တက် တက်စင်လွဲ၏။

ငွေဖောင်းပွမှုကိုလည်း ၂၀၀၆ ခုနှစ် စက်တင်ဘာမှာ (၁၆) ရာနှုန်းသာရှိသည်ဟု ၀န်ကြီး ဦးစိုး သာက ပြော၏။ သို့သော် ၂၀၀၆-၂၀၀၇ ခုနှစ် ငွေဖောင်းပွမှုကို (၃၀) ရာနှုန်းထိ ရှိနိုင်သည်ဟု အေဒီဘီက မှန်း၏။

ငွေဖောင်းပွမှု တိုက်ဖို့အတွက် စစ်အစိုးရအနေဖြင့် ရှေ့နောက်ညီသည့် စီးပွားရေး ပေါ်လစီများ ချမှတ်ဖို့လိုသည့်အပြင် ကြိုတင်တွက်ဆ၍ရသည့် စီးပွားရေးပေါ်လစီများ တိုးတက်အောင်လည်း လုပ်ဖို့လိုသည်ဟုပင် အေဒီဘီက အကြံပြုရသည့်အဖြစ်ရောက်၏။

ချုပ်ကြည့်လျှင် ကုလသမဂ္ဂအဖွဲ့ကြီး အရှုံးပေါ်ရသည့် ပြဿနာမှာ မြန်မာနိုင်ငံ၏ ငွေလဲနှုန်း ပြဿ နာမဟုတ်။ တိုင်းပြည်စီးပွားရေးပြဿနာ၏ အစိတ်အပိုင်းတရပ်သာဖြစ်၏။ မြန်မာစစ်အစိုးရ၏ စီးပွားရေး ကိုင်တွယ်မှု ညံ့ဖျင်းသည့် ပြဿနာဖြစ်၏။ မြန်မာနိုင်ငံ၏ စီးပွားရေး ထိုမျှ လူစဉ်မမီ ဖြစ်ရသည်မှာလည်း စစ်အုပ်ချုပ်ရေးကြောင့် ဖြစ်သည်ကို စစ်ခေါင်းဆောင်တွေ သိဖို့လို၏။ စီးပွားရေးပြဿနာ ဖြေရှင်းဖို့ဆိုလျှင် နိုင်ငံရေး ပြုပြင်မှ ဖြစ်မည်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နားလည်ဖို့ ကောင်း၏။

မြန်မာစစ်အစိုးရခေါင်းဆောင်ပိုင်းသည် စီးပွားရေး နိုင်နိုင်နင်းနင်း မကိုင်တွယ်နိုင်သည်ကို ၀န်ခံဖို့ အချိန်ရောက်ပြီဟု ခေတ်ပြိုင်က ထောက်ပြလိုပါ၏။

No comments: