Friday, August 22, 2008

နိုင်ငံတကာကို SMS စနစ်ဖြင့် ဆက်သွယ်နိုင်ပြီ

ဧရာဝတီ | သြဂုတ် ၂၂၊ ၂၀၀၈

မြန်မာနိုင်ငံရှိ လက်ကိုင်ဖုန်းများတွင် SMS (Short Message Service) စနစ်ကိုအသုံးပြု၍ အီးမေးလ်နှင့် အသိပေးလိုသော အချက်အလက်များကို တခြားနိုင်ငံများသို့ ပေးပို့ခြင်း၊ လက်ခံခြင်းများအား အင်တာနက်မှတဆင့် အသုံးပြုနိုင်ပြီဖြစ်ရာ ETM အီလက်ထရွန်းနစ်ကုမ္ပဏီက ၀န်ဆောင်မှုပေးလျက် ရှိသည်။

မြန်မာအစိုးရက SMS စနစ်ကိုသုံး၍ နိုင်ငံတကာနှင့် ဆက်သွယ်ခွင့်ကို လွန်ခဲ့သည့် လအတန်ငယ်က စတင် ခွင့်ပြုခဲ့ပြီးဖြစ် သဖြင့် ETM ကုမ္ပဏီတွင် SMS အသုံးပြုရန် မှတ်ပုံတင်ထားသူ တထောင်ခန့်ရှိသည်ဟု ၎င်းကုမ္ပဏီ ၀န်ထမ်းတဦးက ဧရာဝတီကို ပြောဆိုသည်။


အင်တာနက်စနစ်ကိုမဖြတ်ဘဲ နိုင်ငံတကာရှိ လက်ကိုင်ဖုန်းများနှင့် တိုက်ရိုက်ဆက်သွယ် အသုံးပြုခွင့်ကိုမူ မြန်မာစစ်အစိုးရ က ကန့်သတ်ပိတ်ပင်ထားဆဲ ဖြစ်သည်။

“မြန်မာနိုင်ငံက လက်ကိုင်ဖုန်းသုံး သူတွေဟာ ကျနော်တို့ဆီမှာ မှတ်ပုံတင်ပြီးမှ နိုင်ငံခြားလက်ကိုင်ဖုန်းတွေနဲ့ ဆက်သွယ်နိုင် မှာပါ” ဟု ETM ကုမ္ပဏီ၏ ၀န်ထမ်းက ပြောသည်။

မြန်မာနိုင်ငံတွင် SMS စတင်အသုံးပြုနိုင်ရန်အတွက် ETM ကုမ္ပဏီကို အသင်းဝင်ကြေး ကျပ်ငါးထောင် ပေးသွင်းရပြီး အသုံး ပြုခကို ကြိုတင်ငွေချေသည့်စနစ်ဖြင့် ပေးဆောင်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း အီးမေးလ်တစောင် (သို့မဟုတ်) သတင်းမှတ်တမ်းတို တစောင်ပို့ခမှာ ကျပ်တရာဖြစ်ပြီး နိုင်ငံခြားသို့ ပို့လျှင် ဒေသအကွာအဝေးပေါ်မူတည်၍ ၂၁၆ ကျပ်မှ ကျပ် ၆၀၀ အထိ သတ်မှတ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အင်တာနက်စနစ်ကို စစ်အစိုးရကထိန်းချုပ်ထားပြီး ၎င်းမှတဆင့် သတင်းအချက်အလက်များ ဖြတ်သန်းရ မည်ဖြစ်သဖြင့် SMS အသုံးပြုမှုသည် ကိုယ်ရေးကိုယ်တာ အချက်အလက်များနှင့် အစိုးရဆန့်ကျင်ရေး သတင်းအချက် အလက်များကိုပေးပို့ရာ၌ လုံခြုံမှုမရှိကြောင်း စင်ကာပူတက္ကသိုလ်တွင် ပညာသင်ကြားနေသည့် မြန်မာကျောင်းသားတဦးက ဧရာဝတီကို ပြောသည်။

မြန်မာနိုင်ငံရှိ နည်းပညာကျောင်းသားတဦးကမူ တယ်လီဖုန်း၊ အင်တာနက် အစရှိသည့် ဆက်သွယ်ရေးလုပ်ငန်း အားလုံးကို စစ်အစိုးရက ထိန်းချုပ်ထားသည်ဟု ပြောသည်။

မြန်မာနိုင်ငံတွင် လက်ကိုင်ဖုန်းအလုံးရေ နှစ်သိန်းကျော်ရှိပြီး တန်ဖိုးမှာ ကျပ် ၁၁ သိန်းခန့်ရှိသည်ဟု လက်ကိုင်ဖုန်းဆိုင်ရှင် တဦးက ပြောသည်။

SMS စနစ်ကို ၁၉၉၂ ခု နှစ်ကုန်ပိုင်း၌ Vodafone ကုမ္ပဏီက အင်္ဂလန်နိုင်ငံတွင် အင်္ဂလိပ်ဘာသာဖြင့် စတင်စမ်းသပ် အသုံး ပြုနိုင်ခဲ့သည်။ နောက်ပိုင်းတွင် SMS စနစ်သည် ပိုမိုတွင်ကျယ်လာခဲ့ရာ အာရပ်၊ တရုတ် အစရှိသော ဘာသာစကားများကို အသုံးပြုနိုင်သည်အထိ တိုးတက်ပြောင်းလဲလာခဲ့သည်။

Source

No comments: