Friday, August 22, 2008

နာမည်ကြီး စီးပွားရေးသမားဦးတေဇ နယ်စပ်ကုန်သွယ်ရေးလုပ်ရန်တရုတ်-မြန်မာနယ်စပ်ရောက်ရှိ

NEJ/ ၂၂ သြဂုတ် ၂၀၀၈

နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နီးစပ်သူဟု လူသိများသည့် ဦးတေဇသည် တရုတ်-မြန်မာနယ်စပ်သို့ ယမန်နေ့ကလာရောက်ပြီး နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများကို လေ့လာကြောင်းသိရသည်။

တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် အဓိကလမ်းကြောင်းဖြစ်သည့် မန္တလေး-မူဆယ် လမ်း ကြောင်းမှတဆင့် ကုန်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန် ယမန်နေ့နံနက်ပိုင်းတွင် ကွတ်ခိုင်မြို့သို့ ရောက်ရှိလာပြီး ညနေပိုင်းတွင် မူဆယ်သို့ လာရောက်ကာ နကသမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးကြောင်း နယ်စပ်ကုန်သည်ကြီးတဦးက ပြောသည်။


တွေ့ဆုံဆွေးနွေးသည့် အကြောင်းအရာ အသေးစိပ်ကို မသိရှိရသေးသော်လည်း အဆိုပါ ကုန်သည် ကြီးက “သူက ဒီဘက်မှာ လုပ်ငန်းလုပ်ဖို့အတွက်လာကြည့်တာ၊ စင်ကာပူတို့ ဘာတို့နဲ့ လုပ်နေတဲ့ ဟာက အမေရိကန်က ဘဏ်ငွေကြေးပိတ်ဆို့တာတွေ၊ စီးပွားရေးပိတ်ဆို့မှုတွေ လုပ်လာတော့ လန့်လာပုံရတယ်။ ဒီတရုတ်ဘက်ကို နေရာရွှေ့လာချင်ပုံရတယ်” ဟု ပြောသည်။

အဲပုဂံလေကြောင်းလိုင်း ပို့ဆောင်ရေးလုပ်ငန်း၊ သစ်လုပ်ငန်း၊ သွင်းကုန်ထုတ်ကုန်လုပ်ငန်း၊ ဖားကန့် ဒေသရှိ ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများကို လုပ်ကိုင်နေသည့် ဦးတေဇအား နအဖ အာဏာ ပိုင်များနှင့်နီးစပ်နေသည့်အတွက် အမေရိကန်နိုင်ငံသားများ၊ အမေရိကန်အဖွဲ့အစည်းများနှင့် စီးပွား ရေးမလုပ်ရန် အမေရိကန်အစိုးက သတ်မှတ်ထားသည့် နာမည်ပျက်စာရင်းဝင် မြန်မာစီးပွားရေး လုပ်ငန်းရှင်များတွင် ဦးတေဇနှင့် သူပိုင် ကုမ္ပဏီများလည်းပါသည်။

တရုတ်-မြန်မာနယ်စပ်တွင် နအဖအာဏာပိုင်များနှင့် ပတ်သက်ဆက်စပ်သည့် ကုမ္ပဏီများ ရောက် ရှိလာခြင်းသည် သမရိုးကျ လုပ်ကိုင်နေကြသည့် နယ်စပ်ကုန်သည်များအနေဖြင့် သူတို့နှင့် ယှဉ်ပြိုင် လုပ်ကိုင်ရမည်ဖြစ်၍ ရေရှည်တွင် လုပ်ငန်းထိခိုက်နိုင်သည်ဟု သွင်းကုန်လုပ်ငန်းရှင် ကုန်သည် တဦးကပြောသည်။

၎င်းက“ဗိုလ်ချုပ်မောင်အေးသမီး နန္ဒာအေး၊ သူရရွှေမန်းရဲ့သားတို့ရဲ့ အများပိုင် အမျိုးသားကြီးပွား တိုးတက်ရေးကုမ္ပဏီ ဒီဘက်ကို ရောက်လာတယ်။ ရေထွက်ပစ္စည်း ပို့ကုန်လုပ်ငန်း သူတို့ထိန်း ချုပ်လိုက်ပြီ။ သွင်းကုန်သမားတွေကို earning ပြန်ရောင်းတယ်၊ အမြတ်ငွေရပြီးရင်း ရနေကြတာ၊ အခုလည်း တေဇလာရင် သူတို့တွေက ပါမစ်လိုင်စင်ဆိုတာ ကျနော်တို့လို ဟိုမျှော်ဒီမျှော် လုပ်စရာ မလိုတော့ဘူး။ ပြီးတော့ ကြိုက်သလောက်သွင်းနိုင်တဲ့ ငွေအင်အားတွေရှိတယ်။ ဈေးကွက်ထဲမှာ သူတို့တွေနဲ့ ယှဉ်ပြီးရောင်းဖို့ကတော့ ဘယ်ဖြစ်နိုင်တော့မလဲ” ဟု ပြောသည်။

နအဖစစ်တပ်နှင့် စစ်မှုထမ်းဟောင်းများ ပိုင်ဆိုင်သည့် မြန်မာ့စီးပွားရေးဦးပိုင်သည်လည်း တရုတ် နယ်စပ်ကုန်သွယ်ရေးတွင် လာရောက်လုပ်ကိုင်ရန် ပြင်ဆင်နေကြောင်း၊ ယခုအခါ စစ်တပ်ပိုင် မြ၀တီဘဏ်ခွဲကို မူဆယ်မြို့တွင် ဖွင့်လှစ်ရန် စီစဉ်နေကြောင်း နယ်စပ်ကုန်သည်များက ပြောသည်။

Source

No comments: