Thursday, August 21, 2008

လေးဖြူ စင်ပေါ် ပြန်တက်ပြီ

အေးချမ်းမြေ့

သြဂုတ် ၂၄ ရက်နှင့် ၂၅ ရက်နေ့များတွင် သုဝဏ္ဏအားကစားကွင်း၌ ကျင်းပမည့် အိုင်းရင်းခရော့စ် (အိုင်စီ) တေးဂီတစင်မြင့် ဖျော်ဖြေပွဲတွင် အဆိုတော်လေးဖြူ ပြန်လည်ပါဝင် သီဆိုမည်ဖြစ်သောကြောင့် အိုင်စီ ပရိသတ်များ အလွန်စိတ်ဝင်စားနေကြ ကြောင်း ကြားသိရသည်။

“လက်မှတ် မရောင်းခင်ကတည်းက လာလာမေးနေကြတာ။ မနေ့က စလည်းရောင်းရော လူတွေကို အုံခဲ နေတာပဲ။ ကျမတို့ ရောင်းဖို့ ယူထား တဲ့ကိုတာ ခုအကုန်ရောင်းလို့ကုန်ပြီ” ဟု မန်းသီရိ တေးသံသွင်းဆိုင်မှ ဝန်ထမ်းတဦးက ပြောသည်။ ကျပ် ၉၀၀၀ တန်၊ ၁ သောင်း တန် နှင့် ၁ သောင်းခွဲတန် စုစုပေါင်း စောင်ရေ ၁၀၀၀ ကျော် ရောင်းကုန်သွားခြင်း ဖြစ်သည်ဟု သူကဆိုသည်။

အဆိုတော် လေးဖြူသည် လွန်ခဲ့သည့် ၂ နှစ်ကျော်က အိုင်စီ ၉ နှစ် ပြည့် အထိမ်းအမှတ် အမ်ပလပ်ရှိုးတွင် ပါဝင်သီဆိုခဲ့ပြီး နောက်ပိုင်း မည်သည့် စင်တင်ပွဲတွင်မှ ပါဝင်သီဆိုခြင်းမရှိခဲ့ဘဲ ယခုပွဲမှာ ၎င်း ပထမဆုံး ပြန်လည် ပါဝင်သော စင်တင်ပွဲဖြစ်သည်။

ယခု ပြုလုပ်မည့် စင်တင်ပွဲမှာ နာဂစ်ဆိုင်ကလုန်း မုန်တိုင်း ဒုက္ခသည် များအတွက် ရန်ပုံငွေပွဲဖြစ်ကြောင်း သိရသည်။

အိုင်စီပွဲလက်မှတ်များကို မန်းသီရိ တေးသံသွင်း၊ ဒဂုံစင်တာ၊ လပြည့် ဝန်းပလာဇာ၊ ကိုကိုညီညီ ဗြူတီဆလွန်း စသည့်နေရာများတွင် ရောင်း ချလျှက်ရှိပြီး လက်မှတ်ရောင်းဈေးများမှာ ကျပ် ၉၀၀၀ မှ ၂၀၀၀၀ အထိဖြစ်သောကြောင့် မြန်မာပြည် စင်မြင့်ဖျော်ဖြေပွဲလောကတွင် တခါမှ မကြားဘူးသော ဈေးဖြစ်သည်ဟု ရန်ကုန်မြို့နေ အိုင်စီပရိသတ်တဦးက ပြောသည်။

“လက်မှတ်က ဈေးကြီးပေမယ့် ကျနော်တို့ကတော့ ရအောင်ကြည့်မှာပဲ။ အိုင်စီပွဲက မကြည့်ရတာကြာပြီ။ နောက်ပြီး ကိုလေးဖြူပါ ပြန်ဆိုပြီဆိုတော့ ပိုကြည့်ချင်တယ်” ဟု ၎င်းက ပြောသည်။

လက်မှတ်အနေနှင့် စီဒီပြားပေါ်တွင် အိုင်စီတံဆိပ်နှင့် နေ့ရက်၊ အချိန်နှင့် နေရာတို့ကို ရေးသားထားခြင်းဖြစ်ပြီး ကျပ် ၉၀၀၀ တန်လက်မှတ်မှာ ထိုင်ခုံလွတ် မတ်တတ်ရပ် ကြည့်ရမည်ဖြစ်သည်။ ကျပ် ၁၀၀၀၀ တန်မှာ ထိုင်ခုံပါသော်လည်း ခုံနံပါတ် မပါသဖြင့် ဦးရာလူစနင့်ဖြင့် ထိုင်ရမည်ဖြစ်ပြီး ၁ သောင်းခွဲတန်မှာ ခုံနံပါတ်နှင့်ဖြစ်သည်ဟု မန်းသီရိဝန်ထမ်းက ပြောပြသည်။

ယခုကျင်းပမည့် အိုင်စီတေးဂီတ စင်တင်ပွဲတွင် နာမည်ကြီး လူကြိုက်များသော အဆိုတော်များ ဖြစ်ကြသည့် လေးဖြူ၊ အငဲ၊ မျိုးကြီးနှင့် ဝိုင်ဝိုင်း လေးယောက်သာ သီဆိုဖျော်ဖြေမည် ဖြစ်သည်။

ဂီတသမားများအနေနှင့် မိမိတတ်သည့်ပညာနှင့် ယခုကဲ့သို့ လူမှုရေးလုပ်ငန်းများတွင် ပါဝင်လာကြသည်ကို ဂုဏ်ယူကြောင်း တေးရေး မင်းချစ်သူက ပြောသည်။ မန္တလေးတွင် ပြုလုပ်သွားသည့် လေးဇီးကလပ်နှင့် သည်ထရီး တေးဂီတ ရန်ပုံငွေစင်မြင့် ဖျော်ဖြေပွဲတို့မှလည်း ကျပ် သိန်း ၂၀၀ ကျော်ရရှိခဲ့၍ နာဂစ် ဒုက္ခသည်များကို သွားရောက်လှူဒါန်းခဲ့ပြီး ဖြစ်ကြောင်း သူက ဆက်ပြောသည်။

“လေးဖြူက စတိတ်ရှိုး လုံးဝမဆိုတော့ဘူးလို့ ပြောထားတာပဲ။ ဒီပွဲကတော့ နာဂစ်ပွဲမို့လို့ ဝင်ဆိုတာဖြစ်မယ်။ နောက်ပွဲတွေ တော့ ဆက်ဆိုချင်မှ ဆိုမှာပေါ့” ဟု ၎င်း၏ ထင်မြင်ချက်ကို ပြောပြသည်။ အဆိုတော် လေးဖြူနှင့် အိုင်စီဝိုင်းတော်သားများမှာ သီချင်းတိုက်သည့်ကိစ္စနှင့် အလုပ်များနေသောကြောင့် စုံစမ်းမေးမြန်း၍ မရပေ။

အိုင်းရင်းခရော့စ် တေးဂီတဝိုင်းသည် ပြုလုပ်သည့်ပွဲတိုင်း အောင်မြင်ခဲ့ပြီး ပွဲတိုင်းတွင် အဆိုတော်လေးဖြူကို ပရိသတ်များက ပွဲတောင်းကြသည်။

“အရမ်း ကြည့်ချင်ပေမယ့် မကြည့်နိုင်ဘူး။ လက်မှတ်က ကျနော့်လစာ တဝက်နီးပါးလောက် ကျမှာ။ သူငယ်ချင်းတွေကတော့ သွားကြည့်မယ် ပြောတယ်” ဟု ကုမ္ပဏီဝန်ထမ်းတဦးက ပြောသည်။ ယခုပွဲကို အခွေအဖြစ် ပြန်ထုတ်မည် မဟုတ်သော ကြောင့် လက်လွှတ်လိုက်ရသည့်အပေါ် စိတ်မကောင်းကြောင်း သူက ဆက်ပြောသည်။

အိုင်စီပွဲ ဖြစ်မြောက်ရေးအတွက် မြန်မာနိုင်ငံ ဂီတအစည်းအရုံးနှင့် အယ်လ်ပိုင်း သောက်ရေသန့် ကုမ္ပဏီတို့က တာဝန်ယူ စီစဉ်ထားကြောင်း သတင်းရရှိသည်။

လေးဖြူမပါဝင်ခဲ့သည့် အိုင်စီ စင်မြင့်ဖျော်ဖြေပွဲများအပါအဝင် ယခင်အိုင်စီပွဲတိုင်းလိုလို လက်မှတ်များကို မှောင်ခိုဈေးဖြင့် ရောင်းရသည်အထိ ဖြစ်ခဲ့သည်။

Source

No comments: