Monday, August 18, 2008

တိုင်းပြည်ငြိမ်းချမ်းရေး၊ ပြည်သူ့လွတ်လပ်ရေးအတွက် အာဏာရှင်စနစ်ကို ငါတို့ငြင်းဆိုသည်

ယောဆွေ

တို့နိုင်ငံသည် ကျွန်နိုင်ငံ၊ တို့လူမျိုးသည် ကျွန်လူမျိုးအဖြစ် သမိုင်းတွင် အကြိမ်ကြိမ် နှစ်ပေါင်းရှည် ကြာဖြစ်ခဲ့ဘူးပြီ။ လက်နက်စွဲကိုင်ခြင်းမရှိသော ပြည်သူများ အပေါ် လူစုဓားကိုင်ပြီး မင်းလုပ်ခဲ့ကြ သော ရှေးပဒေသရာဇ်ဘုရင်များ၊ သေနတ် လက်နက်စွဲကိုင်၍ ပြည်သူကို ကျွန်ပြုအုပ်ချုပ်ခဲ့သော အင်္ဂလိပ်သခင်ကြီးများ၊ ထို့ နောက် အမြောက်၊ သေနတ်၊ လေယာဉ်အစုံအညီနှင့် ၀င်ရောက် သိမ်းပိုက်ခဲ့ကြသော နိပွန်ဂျပန် မာစတာများ၊ ထိုအာဏာရှင် အားလုံး၏ တူညီသော အချက်မှာ ပြည်သူ၏ အလိုဆန္ဒမပါ၊ အာဏာကို လက်နက်အားကိုးဖြင့် အနိုင်အထက် ရယူကြပြီး အာဏာတည်မြဲရေးအတွက် ပြည်သူအပေါ် ရက်စက်ကြမ်းကြုတ်ဖို့ ၀န်မလေးကြခြင်းပင်။

အစွယ်ရှိသော သတ္တ၀ါက အစွယ်မဲ့သော သတ္တ၀ါအပေါ်၊ အချွန်အတက်ရှိသော သတ္တ၀ါက အချွန်အတက်မဲ့သော သတ္တ၀ါအပေါ်၊ အားကြီးသောသတ္တ၀ါက အားနည်းသော သတ္တ၀ါအပေါ် ထင်သလိုပြုကျင့်ခွင့်၊ ကြီးနိုင်ငယ်ညှဉ်းခွင့်သည် တောတွင်းတိရစ္ဆာန် ဥပဒေသာဖြစ်သည်။ လက်နက်ရှိသူက လက်နက်မဲ့သူအပေါ် ထင်သလိုအနိုင်ကျင့် ဗိုလ်ကျတောင်းဆိုရန် မည်သည့် လူသားတွင်မှ အခွင့်အရေးမရှိ။ ထို့အတူ လူသားသည် လက်နက်ကင်းမဲ့ခြင်းအကြောင်းကြောင့် တောတွင်း တိရစ္ဆာန်ဥပဒေကို ထိတ်လန့်ကျိုးနွံစွာ လိုက်နာရန် တာဝန်မရှိ။

လူတို့မွေးဖွားလာခြင်းငှာ အားကြီးသူပြုသမျှ ငုံ့ခံ၍ ကျွန်အဖြစ် အသက်ရှင်ကြရန် မဟုတ်။ လူသည် လွတ်လပ်သော စိတ်ဓာတ် ကိန်းအောင်းမွေးမြူရန်၊ လွတ်လပ်သော နှုတ်စကား ပြောကြားနိုင်ရန်၊ လွတ်လပ်သော အပြုအမူ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် မွေးဖွားလာခဲ့ကြခြင်းဖြစ်သည်။ ထိုအခွင့် အရေးတို့ တားမြစ်ပိတ်ပင် ချုပ်ချယ်ခံရသည့်အခါ ထိုအာဏာရှင်တို့ကို ငြင်းဆိုရန်၊ ခုခံရန်၊ ဆန့်ကျင်ရန်၊ တွန်းလှန်ရန် လူသားတွင် မွေးရာပါအခွင့်အရေး၊ ရှောင်လွဲခွင့်မရှိသော မွေးရာပါ တာဝန် ဖြစ်လာရပေသည်။

ထိုအခွင့်အရေးကို စွဲကိုင်၍ ထိုတာဝန်ကို ထမ်းဆောင်ရန် ၁၈၈၅ မှ ၁၉၄၂ အထိ မြန်မာပြည်သား ငါတို့အဘိုးအဘွား၊ အမိအဘတို့သည် တောင်သူလယ်သမားအရေးတော်ပုံ၊ အလုပ်သမားသပိတ်၊ ကျောင်းသားသပိတ်၊ ဌာနပေါင်းစုံသပိတ်၊ လူ ထုတိုက်ပွဲမျိုးစုံဖြင့် လွတ်မြောက်ရေး ကြိုးပမ်းခဲ့ကြ သည်။

အောင်မြင်ခြင်းမရှိသော အခါ ၁၉၄၂ တွင် ဂျပန်လက်အောက်ခံ (BIA) စစ်တပ်ကြီးဖွဲ့ပြီး အင်္ဂလိပ် တို့ကို တိုက်ထုတ်သောပွဲတွင် ပါဝင်ခဲ့ကြသည်။ ရလဒ်အဖြစ် ဂျပန်ကျွန်ဖြစ်ရပြန်သည်။ ၁၉၄၅ တွင် ဖက်ဆစ်ဂျပန်တို့ကို လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲကြပြန်သည်။ ရလဒ်အဖြစ် အင်္ဂလိပ်ကျွန် ဖြစ်ကြရပြန်သည်။

၁၉၄၅ မေလမှ ၁၉၄၈ ကြား လက်နက်ကိုင်တော်လှန်ရေးမရှိတော့။ လွတ်လပ်ရေးကို သေနတ်ကိုင် တိုက်ရုံ သက်သက်ဖြင့် မရခဲ့။ သို့သော် လွတ်လပ်ရေးအတွက် အသက်ပေးရန်အသင့်ရှိနေသော နိုင်ငံရေးဦးဆောင်သူများ၊ လက်နက်ကိုင်တိုက်ပွဲ ထပ်မံဆင်နွှဲရန် အသင့်ရှိနေသော တော်လှန်ရေး သမားများ၊ လွတ်လပ်ရေးအတွက် မည်သည့်စွန့်လွှတ်မှုကိုမဆို စွန့်လွှတ်ရန် ပိုင်းဖြတ်ထားသော ပြည်သူတရပ်လုံး၏ အားကို အင်္ဂလိပ်တို့ မလွန်ဆန်နိုင်တော့ပေ။ ပြည်သူတို့၏ “နေသူရိန်” ညီလာခံ နိုင်ငံရေး ဆုံးဖြတ်ချက်အောက်တွင် ဂန္ဒီစာချုပ်၊ အောင်ဆန်းအက်တလီစာချုပ်၊ လက်ျာဖရီးမင်း စာချုပ်၊ ပင်လုံစာချုပ်၊ နုအက်တလီစာချုပ်များဖြင့် ဆွေးနွေးပွဲ အကြိမ်ကြိမ်ထိုင် စာချုပ်အဆင့်ဆင့် ချုပ်ဆိုပြီး လွတ်လပ်ရေး အရယူခဲ့ကြသည်။

၁၉၄၈ ဇန်န၀ါရီ (၄) ရက်။ ဤနိုင်ငံသည် လွတ်လပ်သောနိုင်ငံ၊ ဤလူမျိုးသည် လွတ်လပ်သော လူမျိုးများဖြစ်ကြောင်း ကမ္ဘာသို့ ကြေညာခဲ့ကြသည်။ လွတ်လပ် ရေးကြေညာစာတမ်း အပိုဒ် (၅) တွင် ဤသို့ ဖော်ပြခဲ့ကြသည်။

အပိုဒ် (၅)။ ။ ငါတို့နိုင်ငံတော်ကြီးသည် မည်သူတဦးတယောက်၊ တဖွဲ့တသင်း၏ အမွေအနှစ် မဟုတ်။ မည်သူတဦးတယောက်၊ တဖွဲ့တသင်း၏ ပုဂ္ဂလိကအပိုင် ပစ္စည်းမဟုတ်။ မည်သူတဦး တယောက်၊ တဖွဲ့တသင်းက ချုပ်ကိုင်အနိုင်သိမ်းယူ၊ အကျိုးခံစားအပ်သော နိုင်ငံမဟုတ်။ ---လူ အပေါင်းတို့ သဘောဆန္ဒအရ လူအ၀ှမ်း၏ အကျိုးကို ကောင်းစွာဆောင်ရွက်နိုင်အံ့သော ပုဂ္ဂိုလ်ကို ရွေးကောက်၍ သမ္မတ တင်မြှောက်ကြသော မဖောက်မပြန်၊ မစွန်းမငြိ------ လူအပေါင်းတို့ ဆန္ဒ သာလျှင် အဓိကဖြစ်သော သမ္မတမြန်မာနိုင်ငံတော်တည်းဟူသော မြတ်သောအဖြစ်ကို ငါတို့ လက်ဆုပ်လက်ကိုင် ငါတို့ အပိုင်ရပြီ။----ဤ ငါတို့ ကြေညာချက်ကို တကမ္ဘာလုံး တယောက်မကျန် ကြားသိစေသတည်း။

လွတ်လပ်သောနိုင်ငံတခုသက်တမ်းတွင် တကြိမ်သာ ဖော်ပြခွင့်ရှိသော ပြောင်းလဲ ပြင်ဆင်ခွင့် မရှိ တော့သည့် အပြီးသတ် ဆုံးဖြတ်ချက် ကြေညာစာတမ်းဖြစ်သည်။

ကမ္ဘာစစ် ပြာပုံဘ၀မှ ငါတို့ရုန်းထခဲ့ကြသည်။ အနှောင့်အယှက်၊ အဖျက်အဆီး မျိုးစုံကြားမှပင် လွတ်လပ်ရေးသစ်ပင် ရှင်သန်ကြီးထွားလာခဲ့သည်။ ၁၉၆၀ ၀န်းကျင် ရောက်သောအခါတွင်မူ ထို လွတ် လပ်ရေးသစ်ပင်၌ အသီးအပွင့်များ စတင်မြင် တွေ့ခဲ့ကြရပြီ။ ထိုအချိန်က ငါတို့နိုင်ငံသည်----

ဖွဲ့စည်းပုံအခြေခံဥပဒေအောက်က ဒီမိုကရေစီနိုင်ငံတော်
ပြည်သူက ရွေးချယ်တင်မြှောက်သည့် ပြည်သူ့ကိုယ်စားလှယ်အစိုးရ
နိုင်ငံရေးအားဖြင့် ကမ္ဘာ့ဘက်မလိုက်နိုင်ငံများအဖွဲ့၏ ဦးဆောင်နိုင်ငံ။ ကမ္ဘာ့နိုင်ငံအသီးသီးမှ အကြီးအကဲတို့ လာရောက်လည်ပတ်နေရသော နိုင်ငံ။
စီးပွားရေးအားဖြင့် ဘဏ်တိုက်တွင် ရွှေအပြည့်၊ ငွေအပြည့်ဖြင့် အာရှ၏ ချမ်းသာကြွယ်ဝသောနိုင်ငံတခု။
စိုက်ပျိုးရေးအားဖြင့် ကမ္ဘာတွင် ဆန်အများဆုံး တင်ပို့သောနိုင်ငံ။
အရှေ့တောင်အာရှ၏ အစောဆုံးသော နိုင်ငံတကာလေယာဉ်ကွင်းနှင့် နိုင်ငံတကာလေကြောင်းလိုင်း။
စက်မှုလက်မှုထုတ်ကုန်များ နိုင်ငံခြားသို့ တင်ပို့စပြုနေသောနိုင်ငံ။
ဖွံ့ဖြိုးတိုးတက်မှုအားဖြင့် အရှေ့တောင်အာရှနိုင်ငံအားလုံးက စံနမူနာပြု ငေးကြည့်နေရသောနိုင်ငံ။
ကျန်းမာရေးအားဖြင့် တနိုင်ငံလုံး ဆေးရုံဆေးခန်းများတွင် အခမဲ့ဆေးကုသ စောင့်ရှောက်မှု။
ပညာရေးအားဖြင့် အာရှ၏ထိတ်တန်းနိုင်ငံ။
လွတ်လပ်စွာ ရေးသားဖော်ပြခွင့်ရှိသော သတင်းစာနယ်ဇင်းခေတ်။


၁၉၆၂ မတ်လ (၂) ရက်။ ထိုလွတ်လပ်ရေး သစ်ပင်ပျိုသည် ရုတ်ခြည်း ခါးလယ်မှ ပိုင်းဖြတ်ခြင်း ခံလိုက်ရသည်။ စစ်အာဏာသိမ်းမှုဖြင့် အရပ်သား နိုင်ငံရေးခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်း ဆောင်များအားလုံး ဖမ်းဆီးချုပ်နှောင်ခံခဲ့ရသည်။ နိုင်ငံသားတို့၏ လွတ်လပ်ရေး ရုတ်တရက် ဆုံးရှုံးခဲ့ကြရပြန်သည်။ ၁၉၆၂ မှ ယနေ့တိုင် စစ်အာဏာရှင်စနစ်၊ တပါတီအာဏာရှင်စနစ်၊ စစ်အာ ဏာရှင်စနစ်။ အသွင်သဏ္ဌာန်ပြောင်း၊ လူအမျိုးမျိုး ပြောင်းခဲ့သော်လည်း အနှစ်သာရအားဖြင့် မပြောင်းလဲခဲ့ကြပေ။

ထိုအာဏာရှင်စနစ်သည်---

တိုင်းပြည်လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားခဲ့သော လွတ်လပ်ရေး ကြေညာစာတမ်းနှင့် နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေကို စက္ကူစုတ်အဖြစ် ဆွဲဆုတ်ပစ်ခဲ့သည်။
ပြည်သူကို ကိုယ်စားမပြုနိုင်သည့် လူတဦးတစုက ပြည်သူ့အာဏာကို အပိုင်သိမ်းယူ ထားသည့် အာဏာရှင်အစိုးရ။
“တရားဥပဒေက မည်သို့ပင်ဆိုစေကာမူ” အာဏာရှင်လူတစုအလိုကျ ထင်သလို အုပ်ချုပ်မှု၊ တရားစီရင်မှု။
နိုင်ငံစီးပွားရေးကို အာဏာရှင်တို့ ထင်သလို စီမံခန့်ခွဲမှု။


နှစ်ပေါင်း (၄၀) ကျော် အာဏာရှင်စနစ်သည် အောက်ပါခါးသီးဖွယ် အနိဋ္ဌာရုံများကို ပေါက်ဖွား စေခဲ့သည်။

(က) ငှက်ပျောသီးသည် ငှက်ပျောပင်ကို သတ်သကဲ့သို့၊ ၀ါးသီးသည် ၀ါးပင်ကို သတ်သကဲ့သို့ လွတ်လပ်ရေးအတွက် ပြည်သူက မွေးကျွေးခဲ့သော လက်နက်ကိုင်တပ်သည် မိဘပြည်သူကို ပြန်လည်ဖိနှိပ်အုပ်ချုပ်နေရခြင်းဖြင့် ပြည်သူ့လွတ်လပ်ရေးကို ဖျက်ဆီးခဲ့သော တပ်ဘ၀ ရောက် ခဲ့ရသည်။

(ခ) ၁၉၆၀ ခုနှစ်ဝန်းကျင်က ဥပဒေမဲ့ တောတွင်းလက်နက်ကိုင်တပ်ဖွဲ့ဝင် သုံးလေးထောင်ခန့်သာ ရှိတော့ရာမှ ယခုအခါ သုံးသောင်းလေးသောင်း။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ပေါင်းများစွာ ပေါ်ပေါက်လာခြင်းဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပျက်ပြားခဲ့ရသည်။

(ဂ) တိုင်းတပါးသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည့် လက်နက်မဲ့ တောသူ တောင်သား တိုင်းရင်း သားများ သိန်းဂဏန်းရှိနေပြီ။

(ဃ) နိုင်ငံရေးအားဖြင့် ကမ္ဘာ့ယဉ်ကျေးသော နိုင်ငံအများက ဘေးဖယ်ဝိုင်းကျဉ်ခံနေရသည့် အာဏာရှင်တို့အုပ်စိုးခံ သိက္ခာမဲ့နိုင်ငံအဖြစ်။

(င) စီးပွားရေးအားဖြင့် ဘဏ်တိုက်ရှိ ရွှေ၊ ငွေများ ကုန်ခန်းသွားပြီး နိုင်ငံတကာ ကြွေးမြီများဖြင့် နွံနစ်နေသည့် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတခု၊ အရှေ့တောင်အာရှ၏ အောက်ဆုံးပိတ် နိုင်ငံတခု။

(စ) နိုင်ငံသားတို့ သုံးစွဲရန် အပ်၊ ဓား၊ အိုးခွက်ပန်းကန်မှအစ အ၀တ်အထည်၊ လူသုံးကုန် ပစ္စည်းအလယ်၊ ယာဉ်ကား၊ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ သံထည်၊ ဘိလပ်မြေအဆုံး တိုင်းတပါးက တင်သွင်းနေရသောနိုင်ငံ။

(ဆ) စိုက်ပျိုးရေးအားဖြင့် နိုင်ငံတကာသို့ ဆန်တင်ပို့ရောင်းချနိုင်ခြင်း မရှိတော့ရုံမက မကြခဏ ဆန်စပါးသီးနှံ ရှားပါးမှုပင် ကြုံတွေ့ခဲ့ရသောနိုင်ငံ။

(ဇ) သားစဉ်မြေးဆက် သုံးမကုန်နိုင်ဟု မှတ်ယူခဲ့သော သစ်တောများ၊ မြေပေါ်မြေအောက် ကျောက်မျက်ရတနာ သယံဇာတများ ဆယ်စုနှစ် တခုနှစ်အတွင်းပင် ကုန်ခန်းပျောက်ကွယ် သွားစေခဲ့ပြီ။

(ဈ) ဆေးရုံ ဆေးခန်းများတွင် ဆေးမရှိတော့ရုံမက ဆေးဘက်ဝန်ထမ်းအများတို့သည် လူနာနှင့် ငွေရှာစားနေရသော အသပြာဆေးဝန်ထမ်းများအဖြစ် ရောက်ခဲ့ရပြီ။

(ည) ကျောင်းများတွင်လည်း စာသင်ကြားရေးစနစ် ချွတ်ယွင်းပျက်စီးသွားရုံမက ဆရာများသည် ကျောင်းသားနှင့် ငွေရှာစားနေရသော အသပြာဆရာများဘ၀ ကျရောက်ခဲ့ရပြီ။

(ဋ) အဆိုးဆုံးအဖြစ် နိုင်ငံသားလူငယ်များ တိုင်းတပါးသို့ ကျွန်ခံသွားနေရပြီ။ ယောက်ျားလူငယ် အများသည် သူတပါး မလုပ်လိုသော အလုပ်ကို နည်းပါးသော အခကြေးငွေဖြင့် ကာယကျွန်အဖြစ် လုပ်နေရပြီး မိန်းကလေးငယ်အများ ကာမကျွန်ဘ၀ ရောက်နေကြရပြီ။

(ဌ) ပြည်သူတို့ လွတ်လပ်ရမည်ဟူသော နိုင်ငံရေးယုံကြည်ချက်ကြောင့် လက်နက်စွဲကိုင်ခြင်း မရှိသော ပြည်သူထောင်ပေါင်းများစွာသည် အကျဉ်းထောင်များတွင် နှစ်ပေါင်း သောင်းကျော် ကျရောက်ခံခဲ့ကြရပြီ။

(ဍ) လွတ်လပ်ခြင်းကင်းစွာ အာဏာရှင်အလိုကျ ရေးသားဖော်ပြနေကြရသည့် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများ။

(ဎ) တိုင်းပြည်အကျိုးမငဲ့ကွက်၊ ကိုယ်ကျိုးသက်သက်သာ ကြည့်တော့သည့် အခွင့်သာလျှင် ဘနဖူး သိုက်တူးဖို့ ၀န်မလေးတော့သည့် ကိုယ်ကျိုးစီးပွား လူပေါင်းများစွာ “အာဏာရှင်စနစ်နွံ” မှ ပေါက်ဖွားကြီးထွားစေခဲ့ပြီ။

ပြည်သူလွတ်လပ်ခြင်းမရှိလျှင် နိုင်ငံသည်လည်း လွတ်လပ်သော နိုင်ငံမဟုတ်တော့ပေ။ တိုင်းပြည် လွတ်လပ်ရေး၊ ပြည်သူ့လွတ်လပ်ရေးအတွက် ကိုယ်ကျိုးစွန့် အသက်ပေးလှူခဲ့ကြသူများ ခုအချိန် အသက်ရှိနေလျှင် သူတို့ ဘာလုပ်ကြမည်နည်း။ ဘာပြောကြမည်နည်း။

တို့နိုင်ငံ ကြီးစွာသော နိုင်ငံရေးအမှား ဖြစ်ပွားခဲ့ပြီးပြီ။

*အဘိုးအဘွားတို့ ထားရစ်ခဲ့သည့် ခက်ခဲကြီးလေးသည့် သမိုင်းပေးဝန်ကို မျှဝေထမ်းဆောင်ရန်...
*တို့ ညီငယ် ညီမငယ်များ လွတ်လပ်သောလေ ရှူရှိုက်နိုင်စေရန်...
*တို့သား၊ တို့သမီးများ လွပ်လပ်ရေး၏ အသီးအပွင့်များ ပြန်လည်ခံစားနိုင်စေရန်...

ယနေ့ခေတ်တွင် လူဖြစ်နေရသော ငါတို့သည် တိုင်းပြည်ငြိမ်းချမ်းရေး၊ ပြည်သူ့လွတ်လပ်ရေး အတွက် အာဏာရှင်စနစ်နှင့် ထိုစနစ် သက်ဆိုးရှည်စေရေး ဆောင်ရွက်ချက်များကို ငြင်းဆိုရန်မှတပါး အခြားရွေးရန် လမ်းမရှိ။ ။

No comments: