Monday, August 18, 2008

နအဖဆန့်ကျင်ရေး ပို့စတာကပ်သည့်လှုပ်ရှားမှု ကချင်ကျောင်းသားများ ပြုလုပ်

သတင်းနှင့်မီဒီယာ ကွန်ယက်။ သြဂုတ်လ ၁၈ ရက်၊ ၂၀၀၈ ခုနှစ်။

မြန်မာအစိုးရ တပ်ဖွဲ့ဝင်များ ကျူးလွန်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို နိုင်ငံတကာနှင့် ပြည်သူအများ အလေးထားလာမိစေရန် ရည်ရွယ်၍ ကချင်ကျောင်းသား လူငယ်များက ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အနှံ့တွင် အစိုးရ ဆန့်ကျင်သော စာများ လိုက်လံကပ်ခဲ့သည်။

ယင်းပို့စတာများတွင် နအဖစစ်တပ်၏ လူ့အခွင့်ရေးချိုးဖောက်မှု အလိုမရှိ၊ နအဖ စစ်အစိုးရ ကျဆုံးပါစေ၊ ဒီမိုက ရေစီအရေးတော်ပုံ အောင်ရမည်ဟု ရေးထားကာ မြစ်ကြီးနား မြို့ပေါ်ရှိ ဧရာ၊ သီတာ၊ ယုဇန၊ အောင်နန်း၊ မြေမြင့်၊ မင်းရပ်၊ ရန်ကြီးအောင်၊ ဒူကထောင် ရပ်ကွက်များရှိ လမ်းဆုံလမ်းခွနှင့် လူမြင်သာသည့် အုတ်နံရံ၊ ဓာတ်တိုင် တို့ တွင် ကပ်ခဲ့သည်ဟု ကချင်ပြည်လုံး ဆိုင်ရာကျောင်းသားများသမဂ္ဂမှ တာဝန်ရှိသူ တဦးက ပြောသည်။

“တစ်အချက်အနေနဲ့ နအဖစစ်တပ်ရဲ့ လူ့အခွင့်ရေးချိုးဖောက်နေတာတွေကို တကမ္ဘာလုံး က သိစေ ချင်တယ်။ နှစ်အချက်အနေနဲ့ လူထုတွေကလည်း လူ့အခွင့်ရေးဆိုတာဘာလဲ၊ လူ့အခွင့်ရေးချိုး ဖောက် ခံရလို့ရှိရင် ဘယ်လို လုပ်သင့်သလဲဆိုတာကို အသိအမြင် ဗဟုသုတလေး ရအောင်လို့ ကျနော်တို့ ပို့စတာကင်ပိန်းကို လုပ်ရခြင်းဖြစ်တယ်။ ” ဟု ၎င်းက ဆက်လက်ပြောသည်။

ကချင်အမျိုးသမီးများအပါအ၀င် တိုင်းရင်းသားအမျိုးသမီးများ စစ်တပ်က မကြာခဏ အတင်းအဓမ္မပြုကျင့်ကာ သတ်ဖြတ်နေပြီး ဇူလိုင်လ ၂၇ ရက်နေ့ကလည်း မိုးမောက် မြို့နယ်၊ နန်ဆိုင်ရွာမှာ ၁၅နှစ်အရွယ် ရှစ်တန်း ကျောင်းသူ ကချင်အမျိုးတဦးကို ခမရ(၄၃၇)မှ စစ်သားများ၏ အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခံခဲ့ရသည်ဟု ကချင် ပြည်ဖွံ့ဖြိုး တိုးတက်ရေးကွန်ယက်မှ ဥက္ကဌ ကိုအောင်ဝါက ပြောသည်။

ကချင်ပြည်နယ်အတွင်း စစ်အစိုးရ တပ်ဖွဲ့ဝင်များသည် ယခုနှစ်များအတွင်း အဓမ္မပြုကျင့် သတ်ဖြတ်မှုများ ပိုမို များပြားလာနေသည်ဟု ကိုအောင်ဝါက ဆက်လက်ပြောသည်။

“မနှစ်တုန်းကလည်း ပူတာအိုဘက်မှာလေ ကျောင်းသူတွေကို အဓမ္မပြုကျင့်တယ်၊ နောက်ဆုံးမှာ မိဘ တွေက တိုင်တော့လည်း စစ်တပ်ကနေ သူတို့ကိုဘဲ ပြန်ပြီးဖမ်းဆီး တာတွေလည်း ရှိတယ်လေ။ နမ္မတီးမှာတွေလည်း အလားတူရှိတယ်။ တနိုင်းဘက်မှာလည်း ရှိတယ်။ ပူတာအိုဘက်မှာလည်း ရှိ တယ်။”

ယနေ့ မနက်က မြစ်ကြီးနားမြို့တွင် ပြုလုပ်ခဲ့သည့် စစ်အစိုးရဆန့်ကျင်ရေး ပိုစတာ လှုပ်ရှားမှုကို အာဏာပိုင် များက သက်ဆိုင်ရာ ရပ်ကွက်အာဏာပိုင်များမှတဆင့် ဖေါ်ထုတ်ဖမ်းဆီးနိုင်ရန် လိုက်လံရှာဖွေ နေသည်။

ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂသည် ၂၀၀၇ ခုနှစ်၊ စက်တင်ဘာ အရေအခင်းတွင် ဖွဲ့စည်းခဲ့သည် အဖွဲ့အစည်း ဖြစ်ပြီး မြစ်ဆုံရေကာတာဆန့်ကျင်ရေး အပါအ၀င် စစ်အစိုးရ၏ လူ့အခွင့်ရေး ချိုးဖောက်မှုများကို မကြာခဏဝေဖန်ဆန့်ကျင်သည့် လှုပ်ရှားမှုများကို ပြုလုပ်နေသည့် အဖွဲ့လည်း ဖြစ်သည်။

Source

No comments: