Wednesday, August 27, 2008

အက်ဖ်အီးစီနှင့် ၀ယ်ခွင့်ရ ဓာတ်ဆီ၊ ဒီဇယ်ဆီ ဈေးနှုန်းများ နေ့စဉ်ပြောင်းလဲသတ်မှတ်

NEJ/ ၂၇ သြဂုတ် ၂၀၀၈

စစ်အစိုးရ ဆီဆိုင်များမှ အက်ဖ်အီးစီနှင့် သတ်မှတ်ရောင်းချပေးနေသည့် ဓာတ်ဆီနှင့် ဒီဇယ်ဆီ ဈေးနှုန်းများကို ပြောင်းလဲ သတ်မှတ်ရုံမျှ မက သာမန်ပြည်သူများနှင့် ကုလသမဂ္ဂကဲ့သို့အဖွဲ့အစည်း များအတွက်ပါ ဈေးနှုန်းခွဲခြား ရောင်းချနေကြောင်း သိရသည်။

ကိုယ်တိုင်သွားရောက်ဝယ်ယူခဲ့သူတဦးက “သြဂုတ် (၂၂) ရက်ကနေ (၂၄) ရက်အထိ ဓာတ်ဆီ တဂါလန် (၃.၇၅) အက်ဖ်အီးစီ၊ ဒီဇယ်ဆီ တဂါလန် (၄.၂ ) အက်ဖ်အီးစီဆိုပြီး သတ်မှတ်ရောင်း တယ်။ သြဂုတ် (၂၅) ရက်ကျတော့ ဓာတ်ဆီတဂါလန် (၄.၀) အက်ဖ်အီးစီ၊ ဒီဇယ် တဂါလန် (၄.၄) အက်ဖ်အီးစီ ဆိုပြီးသတ်မှတ်လိုက်တယ်။ ထူးခြားတာက ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ သံတမန် ကားတွေကိုတော့ ဓာတ်ဆီ တဂါလန် (၃.၇) အက်ဖ်အီးစီ၊ ဒီဇယ်တဂါလန် (၄.၀) အက်ဖ်အီးစီ ဈေးနှုန်းနဲ့ရောင်းပေးမယ်ဆိုပြီး ခွဲခြားသတ်မှတ်လိုက်တယ်” ဟု ပြောသည်။

အက်ဖ်အီးစီနှင့် ၀ယ်ယူရာတွင် အဓိကအခက်အခဲမှာ ၀ယ်ယူသည့်ဆီဂါလန်အလိုက် ပြန်အမ်းစရာ အက်ဖ်အီးစီအကြွေ မရှိခြင်းဖြစ်ကြောင်း၊ ဆီဆိုင်စာရေးများက အတိအကျဖြစ်စေရန် (၅) ဂါလန် ဖြစ်ဖြစ် ၀ယ်ခိုင်းပြီး ထိုသို့မဟုတ်ပါက ပိုသမျှအက်ဖ်အီးစီငွေကို ဆိုင်မှာစာရင်းမှတ်စနစ် ထားခိုင်း ကြောင်း ဆီကိုယ်တိုင်သွားရောက် ၀ယ်ယူခဲ့သူက ပြောသည်။

မြန်မာစစ်အစိုးရသည် အမေရိကန်ဒေါ်လာနှင့် တန်ဖိုးချင်းတူညီသည့် အက်ဖ်အီးစီငွေကို ထုတ်ဝေ ထားခဲ့ရာ အငယ်ဆုံး (၁) ယူနစ်တန်၊ (၅) ယူနစ်၊ (၁၀) ယူနစ်နှင့် တန်ဖိုးအကြီးဆုံး (၂၀) ယူနစ် တန်တို့ ထုတ်ဝေထားကြောင်းသိရသည်။ နာဂစ်အတွက်ကူညီသည့် ကုလသမဂ္ဂအဖွဲ့ကြီး ဒေါ်လာ သန်း (၂၀) နီးပါး အရှုံးပြရခြင်းသည် မြန်မာ စစ်အစိုးရ၏ ငွေလဲနှုန်းစနစ်ကြောင့်ဟု စွပ်စွဲခံရပြီး နောက် စစ်အစိုးရက လောင်စာဆီကို အက်ဖ်အီးစီနှင့် ရောင်းချခဲ့ခြင်း ဖြစ်သည်။

ရန်ကုန် စီးပွားရေးလုပ်ငန်းရှင်တဦးကမူ “အက်ဖ်အီးစီကို တန်ဖိုးတက်အောင် ရွှေတို့၊ ဒေါ်လာတို့
နဲ့ အစိုးရဘဏ်က ကျားကန်ပေးရမယ့်အစား လောင်စာဆီဝယ်ခွင့်ပေးတာ အမှန်တကယ် ဖြေရှင်း နည်းမှ မဟုတ်တာ၊ တပွဲတိုးပဲဖြစ်မှာပဲ။ ခုလည်း အက်ဖ်အီးစီ တန်ဖိုးတက်ရုံ မှောင်ခိုမှာ ဒေါ်လာ
ဈေးနဲ့ ညီရုံလောက် ရည်မှန်းတာမို့ အက်ဖ်အီးစီတန်ဖိုး အ၀ယ်လိုက်အောင် လောင်စာဆီနဲ့ မက် လုံးပေးပြီး ခဏပန်းဖြေရှင်းပေးတာပဲ။ မကြာခင် လောင်စာဆီကို အက်ဖ်အီးစီနဲ့ဝယ်ခွင့် ပြန်ပိတ် ဖို့များတယ်” ဟု ပြောသည်။

ဓာတ်ဆီ၊ ဒီဇယ်ဆီဈေးနှုန်းကိုနေ့စဉ် နေပြည်တော်မှ ဈေးနှုန်းပြောင်းလဲသတ်မှတ်ပေးမည်ဟု ဆို သော်လည်း မည်သည့်ဈေးနှုန်းကို မည်သို့အခြေခံသတ်မှတ်ကြောင်း အစိုးရကထုတ်ပြန်ကြေညာ ထားခြင်းမရှိပေ။

အက်ဖ်အီးစီနှင့် စတင်ရောင်းသည့်နေ့က ဓာတ်ဆီတဂါလန် (၃.၆၅) အက်ဖ်အီးစီ၊ ဒီဇယ်တဂါလန် (၄.၁၀) အက်ဖ်အီးစီဖြင့် ရောင်းချခဲ့ခြင်းဖြစ်ပြီး တဖြည်းဖြည်း ဈေးတက်လာခြင်းဖြစ်သည်။ သို့သော် ဆီဆိုင်များတွင် ၀ယ်သူသိပ်မရှိဟု သိရသည်။

ယခုကဲ့သို့ ဓာတ်ဆီ၊ ဒီဇယ်များကို အက်ဖ်အီးစီနှင့် ၀ယ်ယူခွင့်ပြုလိုက်သဖြင့် ပြင်ပဒေါ်လာ၊ အက်ဖ် အီးစီမှောင်ခိုဈေးကွက်တွင် အက်ဖ်အီးစီသည် ဒေါ်လာနည်းတူ အရောင်းအ၀ယ်သွက်လာနေ ကြောင်း၊ နေ့စဉ်ဈေးနှုန်းအတက်အကျ ရှိနေကြောင်း ရန်ကုန်မြို့ခံများကပြောသည်။

ယမန်နေ့ ဈေးနှုန်းမှာ ဓာတ်ဆီတဂါလန် (၃.၇၅) အက်ဖ်အီးစီ၊ ဒီဇယ်တဂါလန် (၄.၂) အက်ဖ်အီးစီ ရှိသည်။

Source

No comments: