Saturday, August 16, 2008

ကြားမိကြားရာ အပိုင်းအစများ (၁)

ခေါဇာမှ ပေါတာကြီး

အချိန်ကာလကား ၂၀၀၄ ခုနှစ် ဝန်းကျင်ခန့်ဖြစ်သည်၊ ယင်းအချိန်တွင် ဗိုလ်မှူးကြီး မျိုးဝင်း (ယခု အမှတ် ၁၉ စကခမှူး ဗိုလ်မှူးချုပ် မျိုးဝင်း) သည် ဗျူဟာမှူးတာဝန်ဖြင့် မွန်ပြည်နယ် ရေးမြို့နယ်ဘက်တွင် တာဝန်ကျနေချိန် ဖြစ်သည်။ သူ့၏ ဗျူဟာရုံးကို ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့နယ်ခွဲတွင် အခြေချထားသည်။ ထိုဗျူဟာမှူး မျိုးဝင်းကား စစ်သားပီပီ စိတ်ထားတော် နုသလို၊ ကိုယ်ခန္ဓာလည်း နုလှပေသည်။

ခေါဇာမြို့နယ်ကို ရောက်ရောက်ချင်း ရိုးရိုးမွေ့ယာဖြင့် အိပ်လျှင် ကိုယ်လက်နာကျင်သဖြင့် ကျေးရွာလူကြီးများကို ဆူပူကြိမ်း မောင်းလေ တော့သည်၊ ကျေးရွာလူကြီးများ မနေတာတော့ဘဲ ဂုံနီအိတ်ထဲကောက်ရိုး ထူထူထည့်ကာ ဗျူဟာမှူးအား အိပ်ခိုင်းတော့မှ အိပ်ပျော်သည် ဟုသတတ်။ နောက်တစ်နေ့တွင် သူ့အတွက် စိန်နဲ့မြ မွေ့ရာ အစုံလိုက်ဝယ်ပေးရန် ကျေးရွာလူကြီးများကို စေခိုင်းရာ ဘုန်းကြီးကျောင်း မှစ၍ မုဆိုးမအိမ်အလယ် နတ်ကွန်းအိမ်အဆုံး ငွေကောက်ခံပြီး ဝယ်ခဲ့ရလေသည်၊ ဤကား ဗျူဟာမှူး၏ မိတ်ဆက်ခြင်း နိဒါန်း ကိုယ်ကာ ယ ပျော့ပြောင်းခြင်း၏ တစိပ်တဒေသတည်း။

ထို့အပြင် ဆရာဝန်များ၏ ညွှန်ကြားချက်အရ ကျန်းမာရေးအတွက် ဆိုကာ ဘလက်လေဘယ် စကော့ဝီစကီများ နေ့စဉ် တစ်ပုလင်းကျ ဆက်သရသည်။ ရေးမြို့နယ်ရှိ ကျေးရွာလူကြီးများမှာ ဤတာဝန်ကို နေ့စဉ်မပျက်မကွက် တာဝန်ယူရသည်။ ထို့အပြင် သူ့ကိုယ်သူ မိုးခေါင်ကျော်စွာ (ဦးမင်းကျော်) ဝင်စားသည်ဟု အရက်မူးရူးလာသည့်အခါများတွင် ပြောဆိုတတ် သေးသည်။ အဆိုပါ ဗိုလ်မှူးကြီး မျိုးဝင်းကို ရေးမြို့နယ်တခွင်လုံးမှ ရှားရှားပါးပါး အရက်ချက်စက်ရုံတည်ထောင်ခွင့် ရခွင့်သူ ရွှေတောင်ကြား ဦးထွန်းမြင့်က ဗိုလ်မှူးကြီး မျိုးဝင်း၏ဓါတ်ပုံတောင်းယူကာ ဘုရားစင်အနား၌ ကန်တော့ပွဲပေးပြီး ပူဇော် ကိုးကွယ်ထားသည်ဟု သိရသည်။

ဦးထွန်းမြင့်၏အဆိုအရကား "ဟာ ကိုးကွယ်ရမှာပေါ့၊ သူ ဒီမှာ ဗျူဟာမှူး တာဝန်ယူတဲ့နှစ်နှစ်အတွင်းမှာ သူ့အတွက် ဘလက်လေဘယ် ရောင်းရငွေသက်သက် ကျနော် နောက်အိမ်အသစ်တစ်လုံး ထပ်ဆောက်နိုင်ပြီးလေ ဟဲဟဲ"။

ထို့အပြင် ဗိုလ်မှူးကြီး မျိုးဝင်း၏စိတ်ပိုင်းဆိုင်ရာ နုသည့်အပိုင်းကိုလည်း အချင်းချင်းမို့လက်တို့ပြီး ပြောရပေဦးမည်။ သူ ခေါဇာမြို့တွင် ရှိနေစဉ်အတွင်း တွေ့သမျှ မိန်းမပျိုများကို အမိန့်ဖြင့် ဆင့်ခေါ်ကာ ကာရာအိုကေ သီချင်းများ စုံတွဲ သီဆို လေ့ရှိသည်၊ သူ့အသံမှာ ကောင်းလှသည်ဟု ရွာသားတစ်ဦးက ဤသို့ မှတ်ချက်ချလေသည်။

"ဝရိန်ဆော်သံနဲ့ ဆိုင်ကယ်အိပ်ဇောပေါက်သံ နှောပြီး ဆိုသွားသလိုဘဲ ဖိနောင့်နဲ့ ပေါက်ပြီး ဂုဏ်ပြုလိုက်ချင်တယ်" သူနှင့် တွဲဘက် သီဆိုရသော အမျိုးသမီးငယ်များမှာ တနေ့တခြား အဆိုကျွမ်းကျင်ကာလက်ရည်တက်လာသဖြင့် ဖြူဖြူကျော်သိန်း၊ ဆုန်သင်းပါ တို့ခင်ဗျာ အသဲတထိပ်ထိပ် ရင်တဖိုဖိုနှင့် မိမိနေရာ မပျောက်ရေးအတွက် ဘုရား၌ ဆုတောင်းနေကြရမည်မှာ မလွဲပေ။

အဆိုပါ အမျိုးသမီးငယ်များမှာ မြန်မာဂီတလောကတွင် ဝင်ပြိုင်ရမည်ကို ဂုဏ်သိမ်ငယ်သည်ဟု ဆိုကာ ပရစ်တနေစပီးယား၊ မက်ဒေါနား စသည့်ကမ္ဘာကျော်အဆိုတော်များနှင့် အဆိုယှဉ်ပြိုင်နိုင်ရန် ဗိုလ်မှူးကြီး မျိုးဝင်းထံ အပူကပ်လေတော့သည်။ သူ့အပူ ကိုယ့်အပူဟု ဆိုစရာမလို။ တချို့အမျိုးသမီးများမှာ ရေဖျဉ်းရောဂါ စွဲသည်ဟုဆိုကာ ရေးမြို့ရှိ ဒေါက်တာမြဦးထံ သွားရောက် ဆေးကု နေရကြောင်း လည်း မကြားချင်အဆုံး ကြားနေရသည်။ ဤကား ဗိုလ်မှူးကြီး မျိုးဝင်း၏ တိုင်းရင်းသား ချစ်ကြည်ညီညွတ်ရေး စွမ်းရည်တည်း။

နအဖ ဗိုလ်မှူးကြီးများအနက် ဗိုလ်မှူးကြီး မျိုးဝင်းမှာ မြန်မာပြည်၏အနာဂတ်အရေးကို ပူပင်တတ်သူတယောက်ဖြစ်ကြောင်း သံဖြူ ဇရပ်က ကျနော့်မိတ်ဆွေတဦး ပြောသည်၊ မြန်မာနိုင်ငံတွင် ခရီးသည်ပို့ဆောင်ရေး၌ အသုံးပြုနေသော မော်တော်ကား များမှာ အနော်ရထာမင်း သံခွေလှိမ့်နေသည့်ကာလမှ ထုတ်ထားသောကားများအဆင့်သာ ရှိသည်။

အရေအတွက်လည်း နည်းနေသဖြင့် အနန်းကွင်းကျေးရွာ၌ သူ ဗျူဟာမှူးအဖြစ် တာဝန်ယူရနေစဉ်အတွင်း ဤပြဿနာကို ဖြေရှင်း ပေးခဲ့သည်။ ထိုင်းနိုင်ငံမှ ကားများကို ဘုရားသုံးဆူမှ သံဖြူဇရပ်အထိ တရားမဝင် ဆင်းလာချိန်တွင် နိုင်ငံတော်ဘဏ္ဍ တိုးတက်စေ ရန်အတွက် ကားတစီးလျှင် နှစ်သိန်းနူန်းဖြင့် အခွန်တော်ကောက်ယူပြီး ဆင်းခွင့်ပြုလေသည်၊ ထို့ကြောင့် သူ တာဝန်ယူခဲ့ချိန်တွင် ကျွန်ုတော် ကောက်ချက်ချမိသည်။

(၁) ကျန်းမာရေးကို လိုက်စားသောသူ (အရက်၊ မိန်းမ)။
(၂) ဆိုကရေးတီး ပြိုင်ပွဲကို အစဉ် ကျင်းပခဲ့သူ။
(၃) ခရီးသည်ပို့ဆောင်ရေးအတွက် မြန်မာနိုင်ငံတွင် ကားများ တိုးပွားအောင် လုပ်ဆောင်ခဲ့သောသူ။
(၄) နိုင်ငံတော်ဝင်ငွေ တိုးတက်အောင် လုပ်ဆောင်ပေးခဲ့သူ။
(၅) တချို့ပြည်သူတို့၏အကျိုးစီးပွားကို တိုးပွားအောင် လုပ်ဆောင်ပေးခဲ့သူ (ဒေါက်တာမြဦး၊ ဦးထွန်းမြင့် - ရွှေတောင်ကြား)။

ဤမျှ အရည်အချင်းနှင့်ပြည့်စုံသော စစ်ဗိုလ်တစ်ဦးကို ရေးမြို့နယ်ရှိ ပြည်သူများက လုံးဝမေ့ပျောက်၍ မရနိုင်တော့ပါ။ ထင်းခွဲသည့် အခါတိုင်း၊ ဝါးခုတ်သည့်အခါတိုင်း ဗိုလ်မှူးကြီး မျိုးဝင်းကို၏မျက်နှာအမှတ်နှင့် အံကြိတ်ကာ အားပါးတရ ခွဲခြမ်းခုတ်နေကြောင်း။


No comments: