Thursday, October 16, 2008

ကေအန်ယူ ဗိုလ်မှူးကြီးနေအိမ် မီးရှို့ခံရ

ကန္တာရ၀တီတိုင်း( မ် )

တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသား ဒီမိုကရက်တစ် တပ်မတော် (ဒီကေဘီအေ) က ကရင်အမျိုးသား တပ်မတော် (ကေအဲန်အယ်လ်အေ) တပ်မဟာ ၆ နယ်မြေထဲရှိ ဗိုလ်မှူးကြီးနာဒါးမြ၏ နေအိမ်ကို ပြီးခဲ့သည့် တနင်္ဂနွေနေ့က လာရောက်မီးရှို့ခဲ့သည်ဟု ကေအဲန်အယ်လ်အေမှ အရာရှိတဦးက ပြောသည်။

အင်အား ၃၀ကျော်ဝန်းကျင်ခန့်ရှိသည့် ဒီကေဘီအေ တပ်ရင်း ၉၀၇ မှ ညနက်သန်းခေါင်ယံတွင် လာရောက်မီးရှို့သွားခဲ့သော်လည်း အသေအပျောက်နှင့် ဆုံးရှုံးမှုများမရှိဘဲ လွတ်မြောက်ခဲ့ကြသည်ဟု ကေအဲန်အယ်လ်အေ တပ်ရင်း ၁၀၁ မှ တပ်ရင်းမှူး ဖေါဒိုက ပြောသည်။

"အကုန်လုံး မီးလောင်တယ် အိမ်တအိမ်လုံး ပစ္စည်းဆုံးရှုံးမှု အထွေအထူး မရှိပါဘူး၊ မရှိပေမယ့်လို့ အခြေအနေ မကောင်းတာနဲ့ အကုန်လုံးပြောင်းရတာပေါ့နော် လုံခြုံရေးတော့ ရှိပါတယ်၊ ဒါပေမယ့် ညကြီးမင်းကြီးလာတော့ ဗြုန်းကနဲ ဒိုင်းကနဲဆိုတော့ အခုလိုဖြစ်သွားတာ ဖြစ်တယ်"

ဗိုလ်မှူးကြီး နာဒါးမြ၏ နေအိမ်သည် တပ်မဟာ ၆ နယ်မြေထဲရှိ ကရင်အခေါ် ဝေါလေဒေသဖက်တွင် တည်ရှိပြီး ထိုင်းနိုင်ငံ အုန်းဖြန်မြို့နယ်ထဲရှိ မယ်တောခီးရွာ အနီးတွင် တည်ရှိသည်။ ကွယ်လွန်သွားပြီဖြစ်သည့် ယခင် ကေအဲန်ယူ ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ကြီးစောဘိုမြ၏ သား ဗိုလ်မှူးကြီး နာဒါးမြသည် ယခုတွင် ကေအဲန်ယူ ကာကွယ်ရေးဌာန၏ အတွင်းရေးမှူး ၁ တာဝန်ကို ထမ်းဆောင်လျက်ရှိသည်။


No comments: