Wednesday, October 22, 2008

လူရွှင်တော် ဇာဂနာ နိုင်ငံတကာဆု ထပ်မံရရှိ

ဧရာဝတီ | အောက်တိုဘာ ၂၂၊ ၂၀၀၈

နာဂစ်မုန်တိုင်းဒဏ်ခံရသည့် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းအတွင်းရှိ ဒုက္ခသည်များအားကူညီရင်း စစ်အစိုးရ၏ ဖမ်းဆီး ခြင်းကိုခံခဲ့ရသည့် ဟာသ၀ိဇ္ဇာ လူရွှင်တော်ဇာဂနာအား ကနေဒါနိုင်ငံ ကလောင်ရှင်များအဖွဲ့ (PEN Canada) က One Humanity Award ဆုကို ချီးမြှင့်လိုက်ကြောင်း သိရသည်။

ကိုဇာဂနာကို PEN Canada အဖွဲ့က ဂုတ်ထူးဆောင် အဖွဲ့အ၀င်တဦးအဖြစ် သတ်မှတ်ထား သည်မှာ ၁၅ နှစ် ကျော်ခဲ့ပြီဖြစ်ပြီး ၎င်း၏ ရဲရင့်၊ တည်ကြည်မှုတို့ကြောင့် ဆုရွေးချယ်ရေး အဖွဲ့က ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

ကိုဇာဂနာ ဆုရရှိခြင်းပတ်သက်၍ ၎င်း၏ခယ်မဖြစ်သူ မငြိမ်းက “ကျမတို့ကတော့ သူ့အတွက် ဂုဏ်ယူပါတယ်။ သူ့ရဲ့လုပ်ဆောင်မှုတွေကို ကမ္ဘာက အသိအမှတ်ပြုတာ ကောင်းပါတယ်” ဟု ဧရာဝတီကို ပြောသည်။

ကိုဇာဂနာသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံမှစ၍ မြန်မာနိုင်ငံ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ထွန်းကားရေးလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်ခဲ့ပြီး စစ်အစိုးရက ၎င်းအား အကြိမ်ကြိမ် ဖမ်းဆီးအကျဉ်းချခဲ့သည်။

၎င်း၏နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ၁၉၈၈ မှ ၁၉၈၉ အထိတကြိမ်၊ ၁၉၉၀ မှ ၁၉၉၄ အထိတကြိမ် ထောင်ကျခဲ့သည်။ လွန်ခဲ့သည့်နှစ် စက်တင်ဘာလတွင်ပေါ်ပေါက်ခဲ့သည့် ရွှေဝါရောင်တော်လှန်ရေးအတွင်း သပိတ်မှောက်သံဃာများအား ဆွမ်းကပ်လှူသည့်အတွက်လည်း ယာယီထိန်းသိမ်းခြင်း ခံခဲ့ရသည်။ ထောင်ကျနေသည့် ၁၉၉၁ခုနှစ်အတွင်း လူ့အခွင့် အရေးဆိုင်ရာ နိုင်ငံတကာဆုတဆု ရရှိခဲ့သည်။

၂၀၀၀ ခုနှစ်နောက်ပိုင်းမှစ၍ စစ်အစိုးရက ဇာဂနာဟူသည့်အမည်ကို အသုံးပြုခွင့်ပိတ်ပင်ခဲ့သောကြောင့် အမည်ရင်း “မောင်သူရ” နာမည်ဖြင့် အနုပညာလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ခဲ့သည်။ အငြိမ့်ကခွင့်မရသည်မှာ ၁၉၈၈ ခုမှ ယနေ့အထိပင်ဖြစ်သည်။

ကိုဇာဂနာ၏ နိုင်ငံရေးဟာသပြက်လုံးများသည် မြန်မာပြည်သူအများအကြား အထူးရေပန်းစားခဲ့ပြီး ထိုပြက်လုံးများကြောင့် ပင် စစ်အစိုးရက ၎င်းအား အငြိုးအတေးထားခဲ့သည်။

ယခုနှစ် မေလဆန်းက မြန်မာနိုင်ငံ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့ကို နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့ပြီးနောက် ကိုဇာဂနာ သည် တခြားအနုပညာရှင်များနှင့်အတူ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ကိုင်ခဲ့သည်။

လူရွှင်တော်ဇာဂနာသည် မုန်တိုင်းကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ကိုင်နေစဉ်အတောအတွင်း လွန်ခဲ့သည့် ဇွန်လ ၄ ရက်နေ့တွင် အာဏာပိုင်တို့က ၎င်းအား နောက်တကြိမ် ထပ်မံဖမ်းဆီးထားသည်မှာ ယနေ့အထိပင် ဖြစ်သည်။

ရန်ကုန်မြို့ရှိ အင်းစိန်ထောင်တွင်သီးသန့်ရုံးထိုင်ထားသည့် အနောက်ပိုင်းခရိုင်တရားရုံးတွင် ပုဒ်မ ၇ ခုဖြင့် တရားစွဲခံထား ရသည့် ကိုဇာဂနာနှင့် ၎င်း၏ အမှုတွဲများကို ယနေ့ရုံးထုတ်စစ်ဆေးသော်လည်း ၎င်းရုံးချိန်းသို့ မိသားစုသွားရောက်ကာ ကြားနာခွင့်မရကြောင်း ကိုဇာဂနာ၏ ခယ်မဖြစ်သူ မငြိမ်းက ပြောသည်။


No comments: