Wednesday, October 22, 2008

အချင်းချင်း ပစ်ခတ်၍ နအဖ တပ်ကြပ်တဦး သေဆုံး

Narinjara News

မောင်သစ်အောင် (နိရဉ္စရာ) အိန္ဒိယ-မြန်မာနယ်စပ် ရှေ့တန်း၌ လှုပ်ရှားနေသော ခမရ ၅၅၀ တပ်ရင်းမှ စစ်ကြောင်း တခုတွင် အချင်းချင်းပစ်ခတ်၍ တပ်ကြပ်တဦး တနင်္လာနေ့က ပွဲချင်းပြီး သေဆုံးသွားခဲ့ သည်။

ချင်းလက်ဝ ကျေးရွာသားတဦးက “သူ့အလောင်းကို ရယက တွေနဲ့ ကျေးရွာသားတချို့ကို ခေါ်ယူပြီး ရွာသချိုင်းမှာ မြှုပ်ခိုင်းပါတယ်။ သူ့တို့ သေတမ်းစာလည်း ဖတ်ပါတယ်။ သေဆုံးသွားသူဟာ တပ်ကြပ် ဇော်ဝင်း ဖြစ်ပါတယ်”ဟု ပြောသည်။

တပ်ကြပ် ဇော်ဝင်းအား ပစ်ခတ်သူမှာ တပ်သား ဦးဆန်းလှိုင်ဖြစ်ပြီး ကင်းတာဝန်ယူထားစဉ် အိပ်ငိုက်သည်ကို ထိုးကြိတ်ပြီး အပြစ်ပေးသဖြင့် မကျေနပ်ရာမှ ဦးဆန်းလှိုင်မှ တပ်ကြပ် ဇော်ဝင်းအား ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။

တပ်သား ဦးဆန်းလှိုင်အား ယခုအခါ ပလက်ဝ မြို့နယ် ချင်းလက်ဝ ရှေ့တန်းစခန်းတွင် ဖမ်းဆီးထားပြီး များမကြာမှီ ပလက်ဝသို့ ပို့ဆောင်မည် ဖြစ်ကြောင်း သိရှိရသည်။

ခမရ ၅၅၀ တပ်ရင်းမှာ ပုဏ္ဏားကျွန်းအခြေစိုက် တပ်ရင်းဖြစ်ပြီး တပ်ရင်းမှူးမှာ ဒုဗိုလ်မှူးကြီး အေးနိုင်ဖြစ်ပြီး ချင်းလက်ဝတွင် တာဝန်ကျနေသော ရှေ့တန်း စစ်ကြောင်းမှူးမှာ ဗိုလ်ကြီး အောင်ဇော်ဦးဖြစ်ကြောင်း ကျေးရွာသားက ပြောသည်။

ယခုအခါ နအဖစစ်တပ်အတွင်း အချင်းချင်း သတ်ဖြတ်မှုများ တိုးပွားလာနေသဖြင့် အထူးသဖြင့် အောက်ခြေစစ်သားများက အထက်အရာရှိများအား သတ်ဖြတ် မှု တိုးပွားလာနေသဖြင့် ယခုအခါ ရှေ့တန်းနယ်မြေတွင်သာမက နောက်တန်းနယ်မြေများ၌ပါ အရာရှိ စစ်ဗိုလ်များမှာ ပစ္စတိုကို လက်ကမချဝံ့ဘဲ ဖြစ်နေသည်ဟု ဒေသအတွင်းက လာသော သတင်းများအရ သိရှိရသည်။


No comments: