Sunday, October 26, 2008

နုပျိုခြင်းများဖြင့် လေဟုန်ကိုဆန်


ကေအန်ယူ ၏ ၁၄ ကြိမ်မြောက် ညီလာခံ ကျင်းပပြီးစီးသွားသည့် သတင်းနှင့် အမျိုးသမီးခေါင်းဆောင် တဦးဖြစ်သည့် နော်စီဖိုးရာစိန်ကို အထွေထွေ အတွင်းရေးမှူးအဖြစ် ပထမဦးဆုံးအကြိမ် ရွေးချယ် တင်မြှောက်လိုက်ကြောင်း သိရှိရသည်။ အခြား မျက်နှာသစ် ခေါင်းဆောင်များလည်း တက်လာကြသည်။ အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်သူ ဗိုလ်ချုပ် တာမလာဘောမှ အပ ကျန် ခေါင်းဆောင် အများအပြားက ငယ်ရွယ်သေးသူများဟု ဆိုလျှင် ရနိုင်သလို၊ ကရင့်တော်လှန်ရေးကို နောက်ထပ် မျိုးဆက်သစ်တခုထဲသို့ စ၍ လက်ဆင့်ကမ်းခဲ့ပြီဟု ဆိုလျှင်လည်း ရနိုင်ပါသည်။ ယခု ခေါင်းဆောင် အများစုမှာ ၁၉၄၉ ခုနှစ် ကရင် လက်နက်ကိုင် တော်လှန်ရေးကို စတင်ခဲ့သူများ မဟုတ်ကြပါ။ မျိုးဆက်သစ်များဟု ဆိုလျှင် ရနိုင်ပါသည်။

အမျိုးသမီးတဦးကို အရေးပါသည့် နေရာ တာဝန်ပေး ခန့်အပ်ခဲ့ခြင်းမှာလည်း ထူးခြားသည်ဟု ဆိုနိုင်သည်။ အမျိုးသမီးတို့၏ စွမ်းဆောင်နိုင်မှု ကဏ္ဍကို အလေးပေးလာသည်ဟု ဆိုနိုင်သကဲ့သို့၊ နောက်ထပ် ဖြစ်ထွန်းလာသည့် လူမှု လှုပ်ရှားမှုသစ်များ (တနည်း စစ်တပ်အခြေခံ မဟုတ်သည့် အရပ်ဖက် လူမှုလှုပ်ရှားမှု civil society, new social movement) များကို နေရာ ပေးလာခြင်းဟုလည်း ပြောလျှင် ရနိုင်မည်ဟု ထင်သည်။ အရပ်ဖက်အင်အားစု (civil society) အုပ်စုများနှင့် ပို၍ ဆွေးနွေး ညှိနှိုင်းမှု အားကောင်းလာသည်ဟု ပြောလျှင်လည်း ရနိုင်ပါသည်။

သို့သော်လည်း ညီလာခံ ထုတ်ပြန် ကြေညာချက်များကို မတွေ့ရသေးပါ။ မည်သို့သော မူဝါဒများ ခေတ်နှင့် အညီပြောင်းလဲ ကျင့်သုံးပါမည်နည်း။ စိတ်ဝင်စားဖွယ် ကောင်းနေသည်။ သေချာသည်ကတော့ ကေအန်ယူ ခေါင်းဆောင်မှုသစ် အနေဖြင့် ယခင်တကြိမ်က သူတို့ဘိုးဘေးများ၊ ယနေ့ မြန်မာနိုင်ငံဟု ခေါ်သည့် မြေသို့ ရွှေ့ပြောင်းလာစဉ် ကာလကလို ရေထိုး၊ သဲစီး ခက်ခဲသော တော်လှန်ရေးနှင့် လူမှု လှုပ်ရှားမှု မြစ်ကြီးကို ဖြတ်သန်းကြရဦးမည် ဆိုသည်ပင် ဖြစ်ပါသည်။ ခေါင်းဆောင်မှု အသစ်အတွက် အခက်အခဲ၊ စိန်ခေါ်မှု များက စီးကြိုနေကြပါသည်။

(၁)

ကရင်လူမျိုးတို့တွင် ရှေးအစဉ်အဆက်က နှုတ်တိုက်ချပေးလာကြသည့် "ထားလင်္ကာ" များအရ သူတို့၏ သမိုင်းကို မှတ်တမ်းတင်ခဲ့ကြပါသည်။ ကရင်လူမျိုးတို့က တချိန်က မွန်ဂိုကုန်းမြင့်တွင် နေထိုင်ခဲ့ကြသည်ဟု ယူဆပြီး ဘီစီ ၁၁၂၈ ခန့် တွင် တောင်ဖက်သို့ ရွှေ့ပြောင်း အခြေချလာကြသည်ဟု ယူဆကြသည်။ ဒဏ္ဍာရီဆန်လှသည့် ခေါင်းဆောင် "ထော့မဲပါ" က ဦးဆောင်၍ အခက်အခဲများ၊ မြစ်ချောင်း၊ တောင်တန်း အတန်တန်ကို ဖြတ်၍ ပြောင်းရွှေ့လာကြသည်ဟု ယုံကြည်ကြပါသည်။ ထီးဆဲမက်ရွာကို ကရင်လူမျိုး အတော်များများက သိကြသည်။ "သဲစီးသောချောင်း" ဟု အဓိပ္ပါယ်ရပြီး မွန်ဂို ကုန်းမြေမြင့်မှ ဆင်းသက်လာရာလမ်းတွင် ဂိုဘီသဲန္တာရကို ဖြတ်သန်းခဲ့ရသည်ဟုလည်း ဖော်ပြ ပြောဆိုကြပါသည်။ ယနေ့ ကာလတွင် မြန်မာနိုင်ငံရှိ ကရင်အမျိုးသားများ၏ လူဦးရေကို ၃-၅ သန်းကြားဟု ခန့်မှန်းကြသလို၊ စင်္ကာပူ ကရင်ဆယ်မီနာ တခု၏ မှတ်တမ်းအရ ၇ သန်း (ကရင်ပြည်နယ်တွင် ၁. ၅ သန်း၊ ရန်ကုန်တိုင်းတွင် ၀. ၇၅ သန်း၊ ဧရာဝတီတိုင်းတွင် ၁. ၅ သန်း၊ ပဲခူးတိုင်းတွင် ၀. ၇၅ သန်း၊ တနင်္သာရီတိုင်းတွင် ၀. ၅ သန်း၊ မွန်ပြည်နယ်တွင် ၁ သန်းနှင့် အခြားနေရာဒေသများ တွင် ၁ သန်းခန့် ရှိနေမည်ဟု တွက်ချက် ထားကြသည်။)

သို့သော်လည်း ကရင်လူမျိုး မိတ်ဆွေတဦးက ပြောသည်ကို စိတ်မချမ်းမြေ့စွာ ကြားခဲ့ရဖူးသည်။ "ခင်ဗျား စဉ်းစားကြည့်ဗျာ။ ကျနော်တို့ ကရင်လူမျိုးတွေ အခုနှစ်များမှာ ပြောင်းရွှေ့ အခြေချနေကြရတဲ့ ဖြစ်ရပ်က အရင် မွန်ဂိုကုန်းမြင့်က အစုအပြုံလိုက် ပြောင်းရွှေ့လာပြီးတဲ့ နောက်ပိုင်းမှာ ဒုတိယအကြီးဆုံး ရွှေ့ပြောင်းရမှုကြီးလို့ ဆိုနိုင်တယ်"။

သူက ယခု တတိယနိုင်ငံသို့ ပြောင်းရွှေ့အခြေချနေ ထိုင်ခြင်းများနှင့် ထိုင်းနိုင်ငံတွင်းရှိ သိန်းကျော်သော ဒုက္ခသည်များ၊ ပြည်တွင်း၌ အိုးအိမ်အခြေပျက်၍ ရွှေ့ပြောင်းထွက်ပြေး နေကြသော ပြည်တွင်းဒုက္ခသည် IDPs များကို ရည်ရွယ်ပြောခြင်း ဖြစ်ပါသည်။ သူပြောသည်မှာ ဖြစ်လည်း ဖြစ်နိုင်ပါသည်။

ဒုက္ခသည်စခန်းများတွင် ကရင်လူမျိုး အရေအတွက် ၂ သိန်းခန့် ရှိနေပြီး၊ (တီဘီဘီစီ) အဖွဲ့အဆိုအရ မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသများတွင် ပြည်တွင်းဒုက္ခသည် IDPs အရေအတွက် ၅ သိန်းကျော် ရှိသည်ဟု ခန့်မှန်းထားရာ၊ အများစုမှာ ကရင်လူမျိုးများ ဖြစ်ကြပါသည်။

ထိုမျှမက ထိုင်းနှင့် အိမ်နီးချင်းနိုင်ငံများတွင် တရားမ၀င် လာရောက်ရွှေ့ပြောင်း အလုပ်လုပ်ကိုင်နေသူ အများအပြားလည်း ရှိနေပါသေးသည်။ မိန်းမပျိုလေးဟု ခေါ်သော ကရင်စကား "မူးနော်" က ယခု တော့ "အိမ်ဖော်၊ အိမ်စေ" ဟု အဓိပ္ပါယ် ဖြစ်လာကြောင်း ထိုင်းနယ်စပ်ရှိ ကရင်လူမျိုးများ အခြေအနေကို မခိုင်မာကျော်ဇော ကလည်း စာရေးဖူးသည်။ ကရင်ပြည်နယ် အတွင်းရှိ ရွာများတွင် အားကောင်းမောင်းသန် လူငယ်မကျန်တော့၊ ကလေးများ နှင့် ကျီးစောင့်ကြက်နှင် အဖိုးအဖွားအိုများသာ ကျန်ရှိတော့ကြောင်းလည်း မျက်မြင်အချို့က ပြောပြကြပါသည်။ နှစ်ရှည် ကြာမြင့်လာပြီ ဖြစ်သည့် ပြည်တွင်းစစ်၏ ဒဏ်များ ဖြစ်နိုင်သလို၊ စီးပွားရေး ဆုတ်ယုတ်ကျဆင်းလာသည့် တနိုင်ငံလုံး အခြေအနေကြောင့်လည်း ဖြစ်နိုင်ပါသည်။


(၂)

ဤဖက်ပေါင်းစုံ အခြေအနေများကို တွေးလျှင် ကရင် ခေါင်းဆောင်မှုသစ်အတွက် မေးခွန်းများစွာ ရှိလာနိုင်ပါသည်။

အမျိုးသားရေး အာမခံချက် အတွက်နှင့် လွတ်မြောက်ရေး စစ်ပွဲကို ဆက်လက် ဆင်နွှဲမည်ဟု ဆိုပါသည်။ မလွတ်မြောက်သော လူမျိုးတမျိုးက ခုခံကာကွယ် စစ်ဆင်နေရမည့် အရေးကို မေးခွန်းထုတ်ဖွယ် မရှိပါ။ သို့သော်လည်း မပြီးမစီးနိုင် စစ်ပွဲ၏ အကျိုးဆက်များကို ဆက်၍ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားသင့်ပြီဟု ထင်လာမိသည်။

ပညာရှင်များက ပြေလည်မှု မရနိုင်တော့မည့် ပဋိပက္ခမျိုး (Intractability of conflict) ရှိသည်ဟု လေ့လာချက်အရ ဆိုခဲ့ကြ ဖူးသည်။ ပဋိပက္ခက နှစ်ရှည်လာပြီး အမယ်ဘုတ်သူ့ချည်ခင် ရှင်းရမရတော့မည့် ကိစ္စမျိုးကို ဆိုကြခြင်း ဖြစ်ပါသည်။ ဂျွန် ပေါလ် လက်ဒရစ် (John Paul Lederach) က ပြေလည်မှုမရနိုင်တော့မည့် ပဋိပက္ခမျိုးဟု အဓိပ္ပါယ်ဖွင့်ရာတွင် ခေါင်းမာ တင်းခံနေသည့်၊ ပြင်းထန်သည့်၊ ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေသည့်၊ ပြေလည်မှုရရန် ခက်ခဲသည့် ပဋိပက္ခမျိုးဟု ဆိုသည်။

တိုင်းထွာမှုအရ တနှစ်လျှင် လူ ၁၀၀၀+ သေဆုံးနေရသည့် လက်နက်ကိုင် ပဋိပက္ခမျိုးကို သူက "စစ်" ဟု သတ်မှတ်သည်။ အကယ်၍ ဤသို့ လူ ၁၀၀၀+ သေဆုံးရမှုက ဆယ်စုနှစ်တခု၊ နှစ်ခုထက်ပို၍ ကြာရှည် ဖြစ်လာပြီဆိုလျှင် လက်ဒရစ်က "ပြေလည်မှု မရနိုင်သည့် ပဋိပက္ခ" ထဲသို့ ထည့်လိုက်ပါသည်။ သူတင် ကိုယ်တင် ရန်ကြွေးများကြောင့်လည်း ဖြစ်နိုင်ပါသည်။

ဤသတ်မှတ်ချက်အရဆိုလျှင် ၁၉၄၉ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့မှ စတင်လာခဲ့သော ကေအန်ယူ၏ တော်လှန်ရေးသည် ဆယ်စုနှစ် ၆ ခု တိုင်တော့မည် ဖြစ်သည်။ ကမ္ဘာ့သက်တမ်း အရှည်ဆုံး တော်လှန်ရေးတခုဟု ဂုဏ်ယူဖို့ ရှိပါသည်။ သို့သော်လည်း ဤစစ်ပွဲအတွင်းမှာပင် အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့၏ အသက်အိုးအိမ်၊ စည်းစိမ်၊ ဘ၀၊ အနာဂတ် အလားအလာများ ပျက်စီး ဆုံးရှုံးခဲ့ကြရသကဲ့သို့ နောက်ဆုံး မြန်မာတနိုင်ငံလုံးသည်ပင် ပြည်တွင်းစစ်ကြောင့် ကျရှုံးနိုင်ငံ (failed state) ဖြစ်လုတည်းတည်း အခြေအနေသို့ ဆိုက်နေရပြီ ဖြစ်သည်။

ဤအခြေအနေတွင် ကေအန်ယူအနေနှင့် တွေ့ဆုံငြိမ်းချမ်းရေး၊ ဆွေးနွေးအဖြေရှာရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးကို မငြင်း ပယ်ခဲ့ပါ။ သို့သော်လည်း ဤသို့ ပြေလည်မှု မရနိုင်တော့သည့် ပဋိပက္ခအဖြစ်သို့ ကျဆင်းရမည့် ထောင်ချောက်မှ ရုန်း ထွက်ရန် လိုအပ်ပါသည်။ ဤသို့ ဖြစ်စေရန်အတွက်လည်း ဖက်အသီးသီးမှ အားစိုက်ထုတ် ကြိုးပမ်းရမှုများ၊ သဘောထား ကြီးရမှု၊ အနစ်နာခံရမှုများလည်း လိုအပ်လိမ့်ဦးမည်သာ ဖြစ်ပါသည်။

သို့သော်လည်း မိမိက မျက်စိထဲ မြင်ကြည့်သည်။ ကေအန်ယူနှင့် စစ်အစိုးရ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲသစ်များတွင် အမျိုးသမီး အထွေထွေ အတွင်းရေးမှူးသစ်က စားပွဲတဖက်တွင် ကေအန်ယူ ကိုယ်စားလှယ်အဖြစ် ထိုင်နေသည် ဆိုပါစို့။ ရှေးရိုးစွဲဆန်လွန်းသော၊ မဟာဖိုဝါဒီ၊ စစ်ဝါဒီ အယူအဆများကို ကိုယ်စားပြုထားသည့် စစ်အစိုးရဗိုလ်ချုပ်များအဖို့ အတော် မသက်မသာ ရှိနိုင်ပါသည်။ ယခင်က ကေအန်ယူနှင့် မြန်မာအစိုးရခေါင်းဆောင်များ ဆွေးနွေးပွဲများတွင် အမျိုးသမီးများ မပါဝင်ခဲ့ကြဖူးသည် မဟုတ်ပါ။ ၁၉၄၉ ခုနှစ်၊ ဧပြီ ၆ ဖဆပလ အစိုးရနှင့် ဆွေးနွေးပွဲတွင်သာ မစ္စက် ဘမောင်ချိန်က ကြား ခုံသမာဓိလူကြီးအဖြစ် ပါခဲ့ဖူးသည်။ နောက်ပိုင်း ဆွေးနွေးပွဲများတွင် အမျိုးသမီး ကိုယ်စားလှယ်များ မတွေ့ခဲ့ရပါ။ အကယ်၍ ယခုတကြိမ် ပြန်၍ စစ်အစိုးရနှင့် ကေအန်ယူအကြား ဆွေးနွေးပွဲဖြစ်ခဲ့လျှင် အသစ်အဆန်း အတွေ့အကြုံ ဖြစ်နိုင်သလို၊ တိတ်ဆိတ်မှုများ ဖြိုခွင်းခဲ့သည့် (တနည်း ကရင်ပြည်နယ် အတွင်း စစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖွင့်ချ ဖော်ထုတ်ခဲ့သည့် "Shattering Silences report ထုတ်ဝေခဲ့သည့်) အမျိုးသမီး ခေါင်းဆောင်တဦးကို မည်သို့မည်ပုံ တုံ့ပြန် မည်ဆိုသည်ကလည်း စိတ်ဝင်စားဖွယ် ဖြစ်ပါသည်။

တပြိုင်နက်တည်းမှာပင် ကေအန်ယူ ခေါင်းဆောင်မှု အနေနှင့် လူမျိုးရေးအရ စဉ်းစားမည်ဆိုလျှင်လည်း မေးခွန်းများ ရှိနေပါ သည်။ ကျနော့်မိတ်ဆွေ ညည်းညူပြောဆိုခဲ့သလို ကရင်လူမျိုးများ အစုအပြုံလိုက် ပြောင်းရွှေ့နေကြရမှုက မွန်ဂိုလီးယား ဒေသမှ လွန်ခဲ့သော နှစ်ပေါင်းထောင်ချီသည့် ကာလ၊ စတင်ပြောင်းရွှေ့ အခြေချလာချိန်မှစ၍ ယခုအချိန်သည် နောက်ထပ် "ဒုတိယအကြိမ် ပြောင်းရွှေ့အခြေချရမှု" (second migration) ဟု ခေါ်ဆိုရလောက်အောင် ပြဿနာ ကြီးကျယ်နေပါပြီလား။ သို့ဆိုလျှင် ဤပြဿနာကို လူမျိုးရေးအရ ထည့်သွင်းစဉ်းစားရန် လိုအပ်လာပြီဟု မြင်လာပါသည်။ ပြောရလျှင် ယနေ့ အခြေအနေသည် ကရင်လူမျိုးများအတွင်း သွေးစည်းညီညွတ်မှု၊ စုစည်းနိုင်မှု အားအနည်းဆုံး အခြေအနေကဲ့သို့ ဖြစ်နေပါသည်။ စစ်အစိုးရ တက်လာချိန် ၁၉၈၈ ခုနှစ်မှစ၍ နယ်စပ်ရှိ လွတ်မြောက်နယ်မြေ၊ အခြေစိုက်စခန်းများ ဆုံးရှုံးခဲ့ရသည်။ ကရင်အမျိုးသားရေး လှုပ်ရှားမှုတွင် အင်အား အကြီးဆုံး ဖြစ်သည့် ကေအန်ယူမှ အင်အားများ (စစ်အစိုးရ၏ သွေးခွဲသပ်လျှိုမှုကြောင့်ပင် ဆိုဆို) ကွဲပဲ့ထွက်ခဲ့ကြရသည်။ ဒီကေဘီအေ၊ ယခင် ဗိုလ်မှူးသုမူဟဲ ဦးဆောင်သည့် တပ်ရင်း ၁၆-အုပ်စုများ၊ ဖဒိုအောင်ဆန်းဦးဆောင်သည့် ဘုရားကုန်း ကရင်ငြိမ်းချမ်းရေးအဖွဲ့မှသည် နောက်ဆုံး တပ်မဟာ-၇ တပ်မှူးဟောင်း ဗိုလ်ချုပ်ထိန်မောင်ဦးဆောင်သည့် အင်အားများ ကွဲထွက်ခဲ့ရသည်။ ပိုဆိုးသည်မှာ အချင်းချင်း သွေးထွက်သံယို တိုက်ခိုက်မှုများနှင့် လုပ်ကြံသတ်ဖြတ်မှုများပါ ဆက်လက် ဖြစ်ပေါ်နေခဲ့ခြင်း ဖြစ်ပါသည်။ ကေအန်ယူ၏ အထွေထွေ အတွင်းရေးမှူးဟောင်း ဖဒိုမန်းရှာသည်ပင် ဤသို့ လုပ်ကြံသတ်ဖြတ်မှုကြောင့် အသက် ဆုံးရှုံးခဲ့ရပါသည်။

ကရင်အမျိုးသားထုများအတွင်း အမျိုးသား သွေးစည်းညီညွတ်ရေး အရေးတကြီး လိုအပ်နေပြီဟု ကျနော်ဆိုချင်ပါသည်။ သို့ဆိုလျှင် အသစ်တက်လာသည့် ခေါင်းဆောင်မှုအဖို့ ကရင်တိုင်းရင်းသား အချင်းချင်း သွေးထွက်သံယို တိုက်ခိုက်နေမှုများကို အလျှင်အမြန် ရပ်စဲပစ်ရန် လိုအပ်ပါလိမ့်မည်။ စကော၊ ပိုး၊ တောင်ပေါ်၊ မြေပြန့် စသည့် ကရင်အမျိုးသား အုပ်စုများကြား သာမက နိုင်ငံရေးအရ အမြင်၊ မဟာဗျူဟာ ကွဲပြားနေသည့် အုပ်စုများကြားတွင်ပါ ဘုံတူညီနိုင်သည့် အနိမ့်ဆုံး လုပ်ငန်းစဉ်များကို ရှာဖွေ၍ အမျိုးသား ညီညွတ်ရေးကို အရေးတကြီး ပြန်လည် တည်ဆောက်ရတော့မည့် အချိန်ဖြစ်ပါသည်။ မည်သို့သော မဟာဗျူဟာကို ချမှတ်သည်ဖြစ်စေ အာဃာတများဘေးချိတ်၍ အမျိုးသား ညီညွတ်ရေးကို ပြန်လည် ခေါင်းငဲ့ကြည့်ရတော့မည့် အချိန်လည်း ဖြစ်ပါသည်။

ကေအန်ယူအနေနှင့် လက်နက်ကိုင် တော်လှန်ရေးကို ဆောင်ရွက်နေသော အဖွဲ့အစည်း ဖြစ်သော်လည်း အခြားသော အမျိုးသားရေး အကျိုးစီးပွားဆိုင်ရာ ကိစ္စများကိုလည်း ဆက်လက်စဉ်းစားရန် လိုအပ်လိမ့်မည်ဟု ယူဆပါသည်။ ၂၀၀၃ ခုနှစ်က စင်္ကာပူနိုင်ငံတွင် ကရင်အမျိုးသား ဆယ်မီနာတခု ကျင်းပဖူးပြီး၊ ပြည်တွင်း ပြည်ပရှိ အချို့သော ကရင်အမျိုးသား များက ကရင်အမျိုးသား နိုင်ငံတော် (nation ဟု သုံးထားသောကြောင့် ဖြစ်ပါသည်။) ပြန်လည် ထူထောင်နိုင်ရေးအတွက် ကဏ္ဍ ပေါင်းစုံ လမ်းပြမြေပုံ ၁၂ ခုကို ရေးခဲ့ဖူးကြပါသည်။ (ရပ်ရွာဖွံ့ဖြိုးရေး လမ်းပြမြေပုံ၊ ယဉ်ကျေးမှု၊ စာပေနှင့် ဘာသာ စကား ဆိုင်ရာ လမ်းပြမြေပုံ၊ စီးပွား ဘဏ္ဍာနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ လမ်းပြမြေပုံ၊ အခြေခံ အဆောက်အဦ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ စာရင်းအင်းနှင့်ဒေတာဘေ့စ် ဆိုင်ရာကိစ္စ၊ နောက်ဆုံး နိုင်ငံရေး အုပ်ချုပ်ရေးရာနှင့် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုင်ရာ လမ်းပြမြေပုံများကို စိတ်ကူးမှန်းဆ၍ ပုံထုတ်ခဲ့ကြဖူးပါသည်။) ဤအစည်းအဝေး၏ စဉ်းစားချက်များက သိပ်ပြီး လက်တွေ့မဆန် စိတ်ကူးယဉ်လွန်းနေသည်လည်း ဖြစ်နိုင်ပါသည်။ ရှေ့ကို ရောက်နေနှင့်သည်လည်း ဖြစ်နိုင်ပါသည်။ မည်သို့ပင် ဖြစ်စေ ကေအန်ယူ ခေါင်းဆောင်မှု အသစ်အနေနှင့် ပို၍ ဖက်ပေါင်းစုံသည့် အနာဂတ် ရေးစဉ်းစားချက်များကို ပြင်ဆင်သင့်သည့် အချိန် ဖြစ်သည်ကတော့ အမှန်ပင် ဖြစ်ပါသည်။ ယခု ညီလာခံရလဒ်များတွင် အလားတူ စဉ်းစားချက်များ ရှိခဲ့မည်ဟုလည်း ယူဆပါသည်။ ထိုမျှမက ပြည်တွင်း ပြည်ပ ကရင်အမျိုးသား အင်အားစုများ ပူးပေါင်း၍ မိမိတို့လူမျိုး ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကျိုးစီးပွားအတွက် မည်သို့ မည်ပုံ ဆောင်ရွက်နိုင်မည်ကိုလည်း ခေါင်းချင်း ရိုက်ရတော့မည့် အချိန် ဖြစ်ပါသည်။ ထိုမျှမက အရည်အသွေး မြှင့်တင်ရေး ကိစ္စများကိုလည်း အာရုံထား ဆောင်ရွက်ရန် လိုအပ်လာပါလိမ့်ဦးမည်။

အနာဂတ်က ဝေးပါသေးသည် ထားဦး။ ကေအန်ယူ အဖွဲ့အစည်း၏ ရပ်တည်ရေးကို အနီးကပ် ခြိမ်းခြောက်နေသည့် ကိစ္စများလည်း ရှိနေပါသေးသည်။ သဘာ၀၀န်းကျင်ကို အကန့်အသတ်မရှိ ဖျက်ဆီး အသုံးချနေမှုများနှင့် သံလွင်မြစ်ပေါ်တွင် ဆည်များ တည်ဆောက်တော့မည့် ကိစ္စ ဖြစ်သည်။ စင်္ကာပူ၌ ကျင်းပခဲ့သည့် (၂၀၀၃) ကရင် ဆယ်မီနာက အကယ်၍ ကရင်ပြည်နယ်တွင် အေးအေးချမ်းချမ်း ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ရခဲ့လျှင် ဘိလပ်မြေစက်ရုံ အပါအ၀င်၊ ရေအရင်းအမြစ်များ အသုံးချမှု (ရေအားလျှပ်စစ်ထုတ် ဆည်များ) နှင့် အခြားလုပ်ငန်းများကြောင့် လာမည့် နှစ် ၂၀ အတွင်း အမျိုးသားစုစုပေါင်း ထွက်ကုန်တန်ဖိုး (GDP) တနှစ်လျှင် အမေရိကန် ဒေါ်လာသန်းပေါင်း (၅၀၀၀) မှ (၇၀၀၀) ကြား ရရှိနိုင်မည် ဟု ခန့်မှန်းခဲ့ကြဖူးသည်။ သို့သော်လည်း လက်ငင်း သံလွင်မြစ်ပေါ်တွင် တည်ဆောက်တော့မည့် ဆည်များက ကေအန်ယူ အဖွဲ့၏ တည်ရှိမှုကိုပါ ခြိမ်းခြောက်နေခဲ့ပြီ ဖြစ်သည်။ ဒေါ်လာ သန်း ၁,၀၀၀ ရင်းနှီး မြှုပ်နှံမှုရှိသည့် ဟတ်ကြီးဆည်ကို မကြာမီ စတင် တည်ဆောက်မည်ဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ လျှပ်စစ် တင်ပို့ရောင်းချနိုင်မည်ဟု ထိုင်းနိုင်ငံရှိ EGAT ကုမ္ပဏီက ကြေညာထားပြီး ဖြစ်သည်။ ဟတ်ကြီးဆည်ပြီးလျှင် ၀ဲကြီးနှင့် ဒါးကွင်းဆည်များကို ဆက်လက် တည်ဆောက်ကြ ဦးမည် ဖြစ်သည်။ ဤနေရာများက ကရင်တော်လှန်ရေးတပ်များ အခြေပြုနေကြသည့် နေရာများ ဖြစ်နေပါသည်။ ခေါင်းဆောင်မှုအသစ် အနေနှင့် ဤသို့ ခြိမ်းခြောက်လာတော့မည့် ရပ်တည်ရေးဆိုင်ရာ ကိစ္စများကိုလည်း ယှဉ်၍ စဉ်းစားရဖွယ် ရှိနေပါသည်။

နောက်ဆုံး ပြောရသော်လည်း အရေးကြီးသည့် ကိစ္စများ ရှိပါသေးသည်။ ကေအန်ယူ ခေါင်းဆောင်မှု အသစ်အနေနှင့် မိမိ လူမျိုးတရပ်လုံးနှင့် အခြားသော တော်လှန်ရေး အင်အားစုများ၊ ဒီမိုကရေစီ အင်အားစုများအတွက် မည်သို့ စိတ်အားတက်ဖွယ် မျှော်လင့်ချက်၊ ရည်မျှော်မှန်းချက်များ (Vision, Hope) ပေးမည်နည်း ဆိုသည့် ကိစ္စပင် ဖြစ်ပါသည်။ လူအများက အလှည့်အပြောင်းကို တောင်းတနေကြပါသည်။ ၀ါရင့် သဘာရင့် အဖွဲ့ကြီးတခု ဖြစ်သည့် ကေအန်ယူအနေနှင့် ဤကိစ္စကို လည်း ချွင်းချန်ထား၍ စဉ်းစားရန် မဖြစ်နိုင်ပါ။

ခေါင်းဆောင်မှုသစ်အတွက် လျှောက်လှမ်းရမည့် လမ်းက အခက်အခဲများ များပြား လွန်းနေပါသည်။ သို့အတွက်ကြောင့်လည်း ကျနော်က ကရင်လူမျိုးများ ဖြတ်သန်းခဲ့ရာ ရေထိုးသဲစီး မြစ်ကြီးဧရာနှင့် ဤအခက်အခဲ ပြဿနာ များကို နှိုင်းယှဉ်၍ ပြောခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ဒဏ္ဍာရီထဲက ထော်မဲ့ပါလည်း သမိုင်းအသစ်တွင် ရှိနိုင်ပါသေးသည်။ ကရင်လူကြီးများ ဆိုခဲ့ကြသည့် ရှေးဟောင်းထား ကဗျာတပုဒ်အတိုင်း ဖြစ်လာစေဖို့သာ မျှော်လင့်စိတ်ကူးနေမိပါ တော့သည်။

"သာယာဝပြောသော နိုင်ငံ ............

ထိုဒေသ၌ ကလေးသူငယ်များ ညှိုးနွမ်းခြင်းမရှိဘဲ လှည့်ပတ်ပြေးကစားလျှက် ရှိကြပါသည်။

သင်ရော ကျန်ုပ်ပါ ကြီးသူငယ်သူအားလုံး ပြန်လည်ဆုံဆည်း မြင်တွေ့ကြရလိမ့်ဦးမည်ဟု

မျှော်လင့်လွမ်းဆွတ် တသမိပါသည်။"



အောင်သူငြိမ်း

No comments: