Monday, October 20, 2008

မွန်အမျိုးသားတို့၏နောက်ခံသမိုင်း အခန်း (၅)

ဗြိတိသျှဆန့်ကျင်ရေး မွန်အမျိုးသားတို့၏အခန်း

ဗြိတိသျှနယ်ချဲ့သမားသည် ဧကရာဇ် မြန်မာနိုင်ငံအားလုံးကို၊ ၁၈၈၅ ခုနှစ်တွင် တိုက်ရိုက်သိမ်းပိုက်လိုက်သည်၊ မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားအားလုံး ဗြိတိသျှ နယ်ချဲ့သမားလက်အောက်သို့ ရောက်ရှိသွားသည်၊ မွန်အမျိုးသားတို့သည် ပထမတွင် ပဒေရာဇ် ဖိနှိပ်ရေးအသွင်ထက် သာသော အရင်းရှင်နယ်ချဲ့ ဖိနှိပ်ရေးအသွင်အောက်တွင် သက်သာသလို ရှိသည်၊ ပဒေသရာဇ်ခေတ်၏ ဒဏ်ရာ ဒဏ်ချက်ကြောင့် မိမိလူမျိုးသည် မွန်လူမျိုးဟု ပြောရန်ပင် အများစုက ကြောက်ရွံ့နေကြသည်၊


မိမိမွန်စကားကို မိမိတို့ရပ်ရွာ မိသားစုများကြားတွင်သာ ပြောကြသည်။ မြို့ရွာများတွင်၎င်း၊ လူစုလူဝေးနေရာ များတွင်၎င်း ပြောဆိုရန် ဝန်လေးကြသည်၊ ကြောက်ရွံ့ကြသည်၊ စီးပွားရေးအရလည်း မွန်များသည် လယ်သမားများပီပီ၊ လယ်ယာလုပ်ငန်းကိုသာ လုပ်ကြသည်၊ အရင်းရှင်စနစ်အရ ပထမတွင် လွတ်လပ်စွာ ရောင်ဝယ်ရခြင်းကြောင့်၎င်း၊ အကျိုးရရှိခဲ့သော်လည်း နောက်ပိုင်းတွင် အရင်းရှင်စနစ်၏ ကျင့်သုံးချက်အတိုင်း ကုန်ကြမ်းကို ဈေးပေါပေါ ရရှိရန်၊ မြန်မာနိုင်ငံ ထွက်ကုန်ကြမ်းများ ဖြစ်သော ဆန်၊ စပါး၊ ရေနံ၊ သစ်၊ သတ္တုများကို ကုမ္မဏီကြီးများဖွင့်ကာ ဈေးနှိမ်ဝယ်ယူခဲ့သည်၊ အရင်းရှင်နိုင်ငံ ထွက်ပစ္စည်းများ၊ အင်္ဂလိပ် လုပ်ပစ္စည်း ကုန်ချောများကို အမြတ်များများ ရရန် ဈေးကြီးကြီးနှင့် ရောင်းသည်၊ မြန်မာနိုင်ငံအတွင်းသို့ အိန္ဒိယမှ မိမိတို့၏ လက်ဝေခံ ချစ်တီးများကို ခေါ်သွင်းလာပြီး လယ်သမားပေါ်တွင် သွေးစုတ်စေသည်၊ လယ်သမားများသည် ၎င်းစီးပွားရေးဒဏ်ကို ခံရသည်၊ မွန်တို့အများစုမှာ လယ်သမားဖြစ်၍ ၎င်းဒဏ်ကို ခံရသည်။

ဗြိတိသျှ နယ်ချဲ့အောက်သို့ မွန်ဒေသသည် ပထမဆုံးရောက်ရှိခဲ့သဖြင့် မွန်အချို့မှာ အရင်းရှင်ကိုယ်စားလှယ် အဖြစ် ကူးသန်းရောင်းဝယ်ရေးများ လုပ်လာကြသည်၊ ချမ်းသာသော လယ်သမားစုများမှ လယ်သမား သားသမီးများသည် ဗြိတိသျှဖွင့်လှစ်သော အင်္ဂလိပ်ကျောင်းများတွင် နေကြ၍ အင်္ဂလိပ်စာသည် အဓိက ဘာသာ ဖြစ်လာ၍ ၎င်းဘာသာကို တတ်ကြသည်၊ အများစုမှာ ဗြိတိသျှအစိုးထံတွင် အမှုထမ်းကြသည်၊ အင်္ဂလိပ်စာကို သင်ယူရ၍ ဗဟုသုတကြွယ်ဝလာပြီး နယ်ချဲ့ဗြိတိသျှဖိနှိပ်မှုကို သိသထက်သိလာ၍ နယ်ချဲ့သမားအား ဆန့်ကျင်ရန် တိုင်းရင်းသားများနှင့် ပူးတွဲ လုပ်ဆောင်လာကြသည်၊ ထိုသို့ လုပ်ဆောင်ရန် တာစူလှုပ်ရှားနေစဉ် ပထမကမ္ဘာစစ်ကြီးအတွင်း ၁၉၁၇ ခုနှစ် နိုဝင်ဘာလ ၇ ရက်တွင် ပေါ်ပေါက်ခဲ့သော ရုရှားတော်လှန်ရေးသည် ကမ္ဘာကြီးကို ကိုင်လှုပ်လိုက်သည်၊ အရင်းရှင်စနစ်၊ ပဒေသရာဇ်စနစ်ကို ဖျက်သိမ်းပြီး၊ လူလူချင်း ခေါင်းပုံဖြတ်ခြင်း၊ လူမျိုးတမျိုးနှင့်တမျိုး ဖိနှိပ်မူ ကင်းသော ဆိုရှယ်လစ်စနစ်ကို တည်ဆောက်ခြင်း ဖြစ်သည်၊ ၎င်းဂယက်သည် မြန်မာနိုင်ငံသို့လည်း ရိုက်ခတ်ခဲ့သဖြင့် လူမျိုးချင်း ဖိနှိပ်မှုကင်းသော လွတ်လပ်သော မြန်မာနိုင်ငံကို ပြန်လည်တည်ဆောက်ရန် အားဖြည့်ပေးခဲ့သည်။

မြန်မာနိုင်ငံသည် အမျိုးသားလှုပ်ရှားမှုအဖြစ် ၁၉၀၆ ခုနှစ်လောက်တွင် အမျိုးဘာသာ၊ သာသနာကို အရင်းခံသော ဝိုင်-အမ်-စီ-အေ (ခရစ်ယာန်ကလျာဏယုဝအသင်း) ကဲ့သို့သော ဝိုင်-အမ်-စီ-အေ (ဗုဒ္ဓကလျာဏယုဝအသင်း) ကို တည်ထောင်သည်၊ များမကြာမီ ဝိုင်-အမ်-စီ-အေ မျိုးချစ်ပုဂ္ဂိုလ်များသည် စုစည်း၍ ဂျီ-စီ-ဘီ-အေ ခေါ် မြန်မာအသင်းချုပ်ကို တည်ထောင်ပြီး အမျိုးသားလွတ်မြောက်ရေးတာဝန်ကို စတင်ထမ်းဆောင်လာသည်။

ထို ဂျီ-စီ-ဘီ-အေ အဖွဲ့ချုပ်တွင် ခေါင်းဆောင်အဖြစ် မွန်အမျိုးသားဖြစ်သော ဦးချစ်လှိုင်မှာ ထင်ရှားသော မျိုးချစ်ခေါင်းဆောင်တဦး ဖြစ်သည်၊ မွန်အမျိုးသားများသည်လည်း ဂျီ-စီ-ဘီ-အေ တွင် မြို့နယ်၊ တိုက်နယ် ကျေးရွာအလိုက် တာဝန်ယူခဲ့ကြသည်။

၁၉၂၀ ခုနှစ်တွင် သမိုင်းဝင် အမျိုးသားနေ့အဖြစ် တည်ရှိနေသော တက္ကသိုလ်ကျောင်းသားသပိတ်တွင်လည်း မွန်အမျိုးသားများသည် တိုင်းရင်းသားများနှင့်အတူ ရှေ့တန်းမှ ပါဝင်ခဲ့သည်၊ ၎င်းတို့မှာ ဆရာကြီး ဦးသာဒင် (ပဲခူး)၊ ဦးလူဖေဝင်း၊ ဦးချစ်သောင်းတို့ ဖြစ်သည်။ မထင်ရှားသော မွန်အမျိုးသားသည် တက်ကြွစွာ ပါဝင် ခဲ့ကြသည်။

၁၉၃၀ ပြည့်နှစ်တွင် လယ်သမား သူပုန်ဆရာစံနှင့်အတူ မွန်လယ်သမားများလည်း နယ်ချဲ့ဗြိတိသျှတို့အား တိုက်ရိုက်ခဲ့သည်။ ၁၉၃၆ -၃၈ ခုနှစ်၌ ကျောင်းသားသပိတ်များတွင် မွန်များလည်း ပါဝင်ခဲ့ကြသည်၊ ၁၉၃၂ ခုနှစ်လောက်တွင် တည်ထောင်ခဲ့သော ဒို့ဗမာအစည်းအရုံးတွင် မွန်အမျိုးသားများသည် တက်ကြွစွာ ပါဝင်ခဲ့ကြသည်။ ဆိုရှယ်လစ်ဇင်ကို ပထမဆုံး မြန်မာသို့ သမစိတ္တ အမည်ဖြင့် ဘာသာပြန်သော မွန်သခင်ကြီး (သခင်ကြီး)သည် ထင်ရှားသောခေါင်းဆောင်တယောက် ဖြစ်သည်၊ သခင်ကြီးသည် မွန်လူမျိုးရေးရာ အဖွဲ့ချုပ်တွင် ဒုတိယ ဥက္ကဌ တာဝန်ထမ်းဆောင်ရင်း ၁၉၄၆ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ ထို့ပြင် သခင်ဖေသန်း၊ သခင်ဘစော ကဲ့သို့သော မွန်များနှင့် မထင်မရှားသော မွန်များလည်း အများအပြား ရှိသည်။


No comments: