Friday, October 24, 2008

တွေ့ဆုံဆွေးနွေးမှသာ မြန်မာ့နိုင်ငံရေးပြဿနာ ပြေလည်မည်ဟု ကေအန်ယူပြော

NEJ/ ၂၄ အောက်တိုဘာ ၂၀၀၈


တွေ့ဆုံဆွေးနွေးရေးကို မှန်မှန်ကန်ကန် လုပ်ဆောင်လာစေရန်အတွက် ချော့မြှူရေးဝါဒနည်းလမ်း သုံးမရသည့် နအဖစစ်အုပ်စုအား နိုင်ငံရေး၊ စစ်ရေးအရ ပြတ်ပြတ်သားသား ရှေ့ဆက်တိုက်ပွဲဝင်သွားမည်ဟု ကေအန်ယူက ပြောသည်။

ကေအန်ယူ ဒု-ဥက္ကဋ္ဌ ပဒိုဒေးဗစ်သာကပေါက “တွေ့ဆုံဆွေးနွေးရေးမူကို ကေအန်ယူက ဆက်လက်ကိုင်စွဲထားပေမယ့် နအဖက ကေအန်ယူကို တဖက်သတ် သူတို့နဲ့ပူးပေါင်းဖို့ လက်နက်ချဖို့ပဲ ပြောတယ်။ နိုင်ငံရေးအရ ဖြေရှင်းမှုကို မကြိုးစားဘူး။ သူတို့ရဲ့ အာဏာတည်မြဲရေးလမ်းစဉ်ကိုပဲ ဆက်လုပ်နေတယ်။ တွေ့ဆုံဆွေးနွေးရေးလုပ်မှသာ ငြိမ်းချမ်းစွာနဲ့ မြန်မာနိုင်ငံပြဿနာကို ဖြေရှင်းနိုင်မယ်” ဟုပြောသည်။

သို့သော် နအဖက နိုင်ငံရေးပြဿနာကို စစ်ရေးနှင့်သာ ဖြေရှင်းလိုသည့်အတွက် ကေအန်ယူလက်အောက်ခံ တပ်မဟာများတွင် တိုက်ပွဲများ အမြဲဖြစ်ပွားနေသကဲ့သို့ ကျန်တပ်မဟာများတွင်လည်း ဖြစ်ပွားနေကြောင်း ၎င်းကပြောသည်။

“နအဖ အနေနဲ့ ကေအန်ယူ အပါအဝင် တော်လှန်ရေးအဖွဲ့အစည်းတွေကို နောက်ထပ်အနှစ် (၁၀၀) အထိ ဆက်တိုက်ချင်ရင်လည်း ရတယ်။ ဗိုလ်သန်းရွှေကို ပြောချင်တာက မြန်မာ့နိုင်ငံရေးပြဿနာကို စစ်ရေးနည်းနဲ့ ဘယ်လိုမှ ဖြေရှင်းလို့ရမှာမဟုတ်ဘူး။ ဒါကြောင့် တွေ့ဆုံဆွေးနွေးရေးနည်းကသာ အကောင်းဆုံးဖြစ်တယ်” ဟု ပဒိုဒေးဗစ်သာကပေါက ပြောသည်။

၂ဝဝ၅ ခုတွင် အတိုင်းအတာတခုအထိ ရရှိခဲ့သော နှုတ်ကတိ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို နအဖက ကေအန်ယူမှ လက်မခံနိုင်သော တောင်းဆိုချက်များဖြင့် လည်းကောင်း၊ ၂ဝဝ၆ ခု နှစ်ဦးပိုင်းမှစ၍ ကေအန်ယူ နယ်မြေအတွင်း တပ်အင်အား အဆမတန်တိုးပြီး ယနေ့တိုင် စစ်ဆင်ရေးများ ပြုလုပ်ခဲ့ခြင်းကြောင့် လည်းကောင်း ထိုနှုတ်ကတိသဘောတူညီချက်သည် ပျက်ပြယ်သွားခဲ့သည်ဟု မကြာခင်ကကျင်းပပြီးစီးသွားသည့် ကရင်အမျိုးသားအစည်းအရုံး ကွန်ဂရက်အပြီး ယခုလ (၂ဝ) ရက်စွဲဖြင့် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။

ထိုကြောင့် ကေအန်ယူသည် ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေး၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေး ကြိုးပမ်းဆောင်ရွက်မှုများကို ကရင်တမျိုးသားလုံးနှင့် ပြည်တွင်းပြည်ပရှိ ဘဝတူ မဟာမိတ်အင်အားစုများနှင့်အတူ တစိတ်တဝမ်းတည်း ဆက်လက်ပူးပေါင်းတိုက်ပွဲဝင် သွားမည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့အပြင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် တရားမျှတစွာဖြေရှင်းရေးနှင့် ဘက်သုံးဘက် တွေ့ဆုံဆွေးနွေးရေး သဘောထားရပ်တည်ချက်ကို ဆက်လက်ဆုပ်ကိုင်သွားမည်ဟု ကွန်ဂရက်မှ ဆုံးဖြတ်ခဲ့သည်။

ပြည်သူ့ကိုယ်စားလှယ်နှင့် ပြည်သူ့ဆန္ဒ အစစ်အမှန်မပါဘဲ ၂ဝဝ၈ ခု မေလ၌ အဓမ္မနည်းဖြင့် လူထုဆန္ဒခံယူပွဲကျင်းပ အတည်ပြုလိုက်ခြင်းနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်းလည်း သဘောတူဆုံးဖြတ်ခဲ့သည်။

ယခုလ (၆) ရက်မှ (၂ဝ) ရက်အထိ ကေအန်ယူနယ်မြေတွင် ကျင်းပခဲ့သည့် ကွန်ဂရက်သို့ ကေအန်ယူဗဟိုနှင့် ခရိုင်အသီးသီးမှ ကိုယ်စားလှယ်ခေါင်းဆောင်ပေါင်း (၁၃၁) ဦး၊ လေ့လာသူ (၄၂) ဦး၊ နိုင်ငံတကာရှိ ကေအန်ယူမှ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြသည်။

၎င်းကွန်ဂရက်မှဗဟိုကော်မတီဝင် (၃ဝ) ဦး၊ အရန်ဗဟိုကော်မတီဝင် (၁၅) ဦး၊ ဗဟိုအလုပ်အမှုဆောင် (၁၁) ဦးနှင့် လုပ်ငန်းဌာန (၁၄) ခုအတွက် ဌာနတာဝန်ခံများကို ရွေးချယ်တင်မြှောက်တာဝန်ပေးအပ်ခဲ့ပြီး အောက်ပါ (၅) ဦးကိုလည်း ရွေးချယ်တင်မြှောက်ခဲ့သည်။

(၁) စောတာမာလာဘော ဥက္ကဋ္ဌ
(၂) စောဒေးဗစ်သာကပေါ ဒု-ဥက္ကဋ္ဌ
(၃) နော်စီဖိုးရာစိန် အထွေထွေအတွင်းရေးမှူးချုပ်
(၄) စောလှငွေ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁)
(၅) စောဒေါလေမူး တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) တို့ဖြစ်သည်။

ကေအန်ယူကို အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက် မြေပေါ်ပါတီအဖြစ် ၁၉၄၇ ခုတွင် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၄၉ ခုတွင် မတရားအသင်းအဖြစ် ကြေညာခံရပြီးချိန်မှစ၍ လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့သည်မှာ နှစ်ပေါင်း (၆ဝ) ရှိပြီဖြစ်သည်


No comments: