Tuesday, October 21, 2008

နအဖ တပ်မှ ရခိုင် ဒုတပ်ကြပ်တဦး မွန်ပြည်နယ်တွင် ကျဆုံး

Narinjara News

မင်းအောင် (နိရဉ္စရာ) ပလက်ဝ အခြေစိုက် နအဖ ခမရ ၂၈၉ တပ်ရင်းမှ ရခိုင်အမျိုးသား ဒုတပ်ကြပ်တဦးမှာ မွန်ပြည်နယ်တွင် တိုက်ပွဲဖြစ်၍ လွန်ခဲ့သော တနင်္လာနေ့က ကျဆုံးသွားကြောင်း သူ၏ဆွေမျိုး တဦးက ပြောသည်။

ကျဆုံးသွားသူ နအဖစစ်သားမှာ ဒုတပ်ကြပ် ကျော်သူဖြစ်ပြီး ကျောက်ဖြူဇာတိ ဖြစ်သည်။

ကျော်သူမှာ ၁၉၉၆ ခုနှစ်က ကျောက်ဖြူ မြို့နယ် အခြေစိုက် ခလရ ၃၄ သို့ ၀င်ရောက်ခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် ခမရ ၂၈၉ တပ်ရင်းသို့ လွဲပြောင်းခံခဲ့ရသည်။

၂၀၀၁ ခုနှစ်တွင် ဒုတပ်ကြပ်အဆင့်သို့ ရာထူးတိုးခံရသည်ဟု သူဆွေမျိုးက ပြောသည်။

ခမရ ၂၈၉ တပ်ရင်းမှာ ဇူလိုင်လ ပထမအပတ်က ပလက်ဝမြို့မှ မွန်ပြည်နယ် အရှေ့ တောင်တိုင်း စစ်မြေပြင်သို့ ထွက်ခွာသွားခဲ့သည်။ ၎င်းနောက်ပိုင်း ကျော်သူ တိုက်ပွဲတွင် ကျဆုံး သွားခြင်း ဖြစ်သည်။

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ စစ်မြေပြင်တွင် ရခိုင်ပြည်နယ် အခြေစိုက် တပ်ရင်းပေါင်း ၁၀ ရင်းကျော် ရောက်ရှိနေပြီး တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး ပါတီများနှင့် စစ်ပွဲများ ဆင်နွဲနေရကြောင်း သိရသည်။

ထိုသို့ စစ်ပွဲများ ဆင်နွဲရာတွင် ရခိုင်တွေသတ္တိရှိတယ်ဟု အထက်ဗမာ စစ်အရာရှိများက မြှောက်ပင့်ပေးမှုအပေါ် ရခိုင်စစ်သားများက ကျေနပ်သဘောကျကာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား ရှေတန်းမှ မကြောက်မရွှံ့ တိုက်ခိုက်နေမှုကြောင့် ရခိုင်စစ်သားများမှာ မကြာခဏ သေဆုံးနေကြကြောင်း သတင်းရရှိသည်။

ရခိုင်စစ်သားအများစုဖြင့် ဖွဲ့စည်းထားသော ရသေ့တောင်မြို့နယ် အခြေစိုက် ခလရ ၅၃၆ တင်ရင်းမှ ရှေ့တန်းစစ်ကြောင်းတခုသည်လည်း မွန်ပြည်နယ် ရှေ့တန်းသို့ လွန်ခဲ့သော တရက်နှစ်ရက်က ထပ်မံပြီး ထွက်ခွာသွားကြောင်း သိရသည်။

No comments: