Tuesday, October 14, 2008

အိန္ဒိယ-မြန်မာ နယ်စပ်မှ နောက်ထပ် ကုန်သွယ်ဂိတ်များ အကျိုးရှိနိုင်မည်လား

မုံပီး အင်္ဂါနေ့၊ အောက်တိုဘာလ 14 2008

နယူးဒေလီ။ ။ မြန်မာနိုင်ငံသို့ လည်ပတ်မည့် နှစ်ရက်တာ (အောက်တိုဘာ ၁၄ ရက်နှင့် ၁၅ ရက်) ခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံ ပြည်နယ် ကူးသန်းရောင်းဝယ်ရေးနှင့် စွမ်းအင် ဝန်ကြီး "ဂျီယာရမ် ရာမတ်(ရှ်)" သည် မန္တွလေးမြို့တွင် စစ်အစိုးရအရာရှိများနှင့် တွေ့ဆုံကာ ဒိုးယိုပေါက်ဖြစ်နေသော နှစ်နိုင်ငံနယ်စပ်တွင် ကုန်သွယ်ရေးဇုံသစ် နှစ်ခု ထပ်မံဖွင့်လှစ်ရန် ဆွေးနွေးတိုင်မင်ကာ နယ်စပ်ကုန်သွယ်ရေး တိုးမြှင့်ရန် အိန္ဒိယက ကြိုးစားလျှက် ရှိသည်။

အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးဌာန နှင့် စက်မှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကုန်သွယ်ရေးနှင့် ရင်းနှီးမြုပ်နှံရေးအဖွဲ့ကိုဦးဆောင်မည့် "ရာမတ်(ရှ်)" ကကီလိုမီတာ ၁၆၀၀ ရှည်လျားသည့် နှစ်နိုင်ငံနယ်စပ်၌ နောက်ထပ်ကုန်သွယ်မှု ပြုရာနေရာ နှစ်ခု ဖွင့်လှစ်လိုက်ခြင်းဖြင့် နယ်စပ်ကုန်သွယ်ရေးကို တိုးချဲ့လိုသော အိန္ဒိယ၏ ဆန္ဒကို မြှင့်တင်လိုက်မှာ ဖြစ်သည်။

ယခုလက်ရှိ ရောင်းဝယ်ဖောက်ကားလျက်ရှိသော မဏိပူရပြည်နယ် မိုးရေးမြို့မှ ကုန်သွယ်ရာဌာနအပြင် နာဂလန်းပြည်နယ် "အဗန်ခု"နှင့် မီဇိုလန်းပြည်နယ် "ဇိုခါသာ" တို့တွင်လည်း နောက်ထပ်ဌာန နှစ်ခုအဖြစ် ဖွင့်လှစ်ရန် အိန္ဒိယအစိုးရက အဆိုပြုမှာ ဖြစ်သည်။ ထိုဇုန်သစ် ၂ ခု ဖွင့်လှစ်နိုင်ရေးမှာ ထိုပြည်နယ်နှစ်ခု၏ ကာလအတော်ကြာပြီဖြစ်သော လိုအပ်မှုများ ဖြစ်ပါသည်ဟု ကြေညာချက်တွင် ပါရှိသည်။

ယခုနှစ်အတွင်း တတိယအကြိမ်မြောက် မြန်မာပြည်ကို သွားမည့် "ရာမတ်(ရှ်)"၏ ခရီးစဉ်အတွင်း ထိုကုန်သွယ်မှုဌာနများတွင် လွတ်လပ်စွာ ကုန်သွယ်မှု ဖြစ်လာစေရန် ရည်ရွယ်၍ လက်ရှိ ခွင့်ပြုထားသည့် ၂၂ မျိုးထက်ပို၍ ရောင်းဝယ်သွားရန်ကိုလည်း အဆိုပြုသွားမှာ ဖြစ်သည်။

အိန္ဒိယနှင့် မြန်မာနိုင်ငံကြားတွင် အပြန်အလှန် ကူးလူးဆက်ဆံရေးကို ဆွေးနွေးရန်အတွက် မကြာသေးခင်နှစ်များက အဆင့်မြင့်အရာရှိကြီးများ၏ ခရီးစဉ်များ ပုံမှန်ရှိခဲ့ကြသည်။ လေ့လာသူ များက"အင်္ဂါနေ့" တွင် စတင်မည့် "ရာမတ်(ရှ်)" ၏ မြန်မာပြည် ခရီးစဉ်အား ၁၉၆၂ ခုနှစ်ကတည်းက မြန်မာနိုင်ငံကို အုပ်ချုပ်လာခဲ့သော စစ်ဗိုလ်ချုပ်များနှင့် ပြေလည်မှုရယူမည့် နောက်ထပ် ခရီးစဉ်တခုအဖြစ် ရှုမြင်ကြသည်။

"ဒီခရီးစဉ်ဟာ နှစ်နိုင်ငံ ( မြန်မာနှင့်အိန္ဒိယ) အပြန်အလှန် ဆက်ဆံရေးကို မြှင့်တင်ဖို့နည်းလမ်းရဲ့ အစိတ် အပိုင်းတခုပါပဲ။" ဟု ပြည်ပရောက် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွှန့်ပေါင်းအစိုးရအဖွဲ့မှ ဝန်ကြီးတဦး ဖြစ်သူ ဒေါက်တာတင့်ဆွေက ပြောသည်။

ဖွံဖြိုးမှုအနိမ့်ကျ ဆုံးနိုင်ငံများ (LDCs) အတွက် အိန္ဒိယအစိုးရကထုတ် ပြန်ကြေညာထားသည့် အကောက်ခွန် ကင်းလွတ်ခွင့် အစီအစဉ်တွင်လည်း မြန်မာနိုင်ငံကို ပါဝင်နိုင်စေရန် အိန္ဒိယ အစိုးရ၏ ကမ်းလှမ်းချက်ကို "ရာမတ်(ရှ်)" ကထပ်မံ၍ အဆိုပြုမှာ ဖြစ်သည်။

မန္တလေးမြို့တွင် ဆွေးနွေး ပြောကြားပြီးပါက "ရာမတ်(ရှ်) " သည် မြန်မာဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းစိန် အတူ အိန္ဒိယမှ ဒေါ်လာ ၂ သန်းအထောက်အပံ့ နှင့် ရန်ကုန်မြို့တွင် တည်ထောင်ထားသော သတင်းအချက်အလက် နည်းပညာ ကျွမ်းကျင်မှု မြှင့်တင်ရေး ဗဟိုဌာနကို အောက်တိုဘာလ ၁၆ ရက်နေ့တွင် ဖွင့်လှစ်ပေးမည် ဖြစ်သည်။

ထိုဗဟိုဌာနတွင် အိန္ဒိယမှ ကျွမ်းကျင်သူများ ဦးဆောင်သွားမှာ ဖြစ်ပြီး ဖြစ်ပြီး နှစ်စဉ် မြန်မာလူငယ် ၁၀၀၀ ကို လေ့ကျင့်ပေးသွားကာ အိန္ဒိယနိုင်ငံ ပျူန်း မြို့အခြေစိုက် "သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန" အောက်ရှိ Development of Advanced Computing (C-DAC) စင်တာမှ အသိအမှတ်ပြု လက်မှတ်များကို ချီးမြှင့်မှာ ဖြစ်သည်။

အရှေ့မျှော်ဝါဒ

နယူးဒေလီတွင် အခြေစိုက်၍ အိန္ဒိယ အစိုးရ၏ အရှေ့မျှော်လမ်းစဉ် (Look East Policy) အား ပြင်းထန်စွာ ဝေဖန်ခဲ့သော ဒေါက်တာတင့်ဆွေက ကုန်သွယ်မှုနှစ်နေရာ ထပ်မံတိုးချဲ့ရန် အဆိုပြုမှုသည် အောင်မြင်နိုင်သော လမ်းစဉ်အတိုင်း လုပ်ဆောင်ခြင်းသာ ဖြစ်သည်ဟု ပြောဆို၏။

"အိန္ဒိယဟာ မြန်မာစစ်အစိုးနဲ့ ပြေလည်မှု ရအောင် ဆောင်ရွက်နေစဉ်မှာပဲ ဒီဖွံဖြိုးရေး အစီအစဉ်တွေကို အကောင်အထည် ဖော်နေခြင်းဟာ အရှေ့မြောက်ဒေသက ပြည်သူတွေအတွက်လည်း ဖြစ်တယ်လို့ သူတို့ပြောဖို့ ကြံစည်နေတာ" ဟု ဒေါက်တာ တင့်ဆွေက ပြောကြားပါသည်။

ဆယ်စုနှစ်တခု ကျော်ခဲ့ပြီဖြစ်သော အရှေ့မျော်မူဝါဒသည် အိန္ဒိယအရှေ့မြောက်ဒေသက ပြည်သူလူထုကို ရေရှည်ဖွံ့ဖြိုးတိုးတက်မှု မပြုနိုင်ခဲ့သလို နယ်ခြားတဖက်ရှိ မြန်မာပြည်သူတွေအတွက်လည်း ဆောင်ကျဉ်းပေးနိုင်ခြင်း မရှိဟု သူက ပြောသည်။

"အိန္ဒိယဟာ တွက်ချက်မှုတွေ မှားယွင်းနေပြီး ဆယ်စုနှစ် တခုကျော် အတွေ့အကြုံတွေအရ ဒီအရှေ့ကြည့် လမ်းစဉ်ဟာ မအောင်မြင်နိုင်တော့ဘူး ဆိုတာကို သိသင့်နေပါပြီ။" လို့ သူက ထပ်မံပြောကြားသည်။

၁၉၉၀ ခု အစောပိုင်းက စတင်ခဲ့သော အိန္ဒိယ၏ အရှေမျှော်လမ်းစဉ် အောက်တွင် အိန္ဒိယသည် မြန်မာ စစ်အုပ်ချုပ်သူများနှင့် ဆက်ဆံရေး နွေးထွေးလာကာ လမ်းဖောက်ပေးခြင်း၊ နယ်စပ် ကုန်သွယ်ရေးများ ဖွင့်လှစ်ခြင်း၊ ငွေထုတ်ချေးခြင်း၊ နည်းပညာ အကူအညီများပေးခြင်းနဲ့ စစ်လက်နက် ပစ္စည်းများပင် ထောက်ပံ့ခြင်းတို့ ပြုလုပ်ခဲ့သည်။

အိန္ဒိယအနေဖြင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ပိုမို ထူထောင်လာခြင်းသည် မြန်မာ့နယ်မြေကို အသုံးပြုပြီး အိန္ဒိယ ဗဟိုအစိုးရကို ဆန့်ကျင် တိုက်ခိုက်နေသော အရှေ့မြောက်ဒေသမှ လက်နက်ကိုင် သောင်းကျန်းမှုများကို လျော့ကျသွားစေရန်နှင့် တရုတ်၏ သြဇာလျော့ကျသွားစေရန် ဖြစ်သည်ဟု ခွဲခြမ်းစိတ်ဖြာ လေ့လာသူများက ပြောသည်။

သို့သော် ဒေါက်တာတင့်ဆွေက အိန္ဒိယက မည်မျှပင် အားထုတ် နေသော်လည်း၊ မြန်မာ စစ်အုပ်ချုပ်သူများသည် ၎င်းတို့ကို အကြီးမားဆုံးသော ဒီမိုကရေစီ နိုင်ငံတခုကပင် ထောက်ခံမှု ရရှိနေပါသည်ဟု ကမ္ဘာကိုပြနိုင်ရန် အိန္ဒိယကို အသုံးချကစားနေခြင်းသာ ဖြစ်သည်ဟု ပြောကြားသည်။

"အိန္ဒိယဟာ အရှေ့မျှော်လမ်းစဉ်ကနေ ရရှိဖို့ မျှော်လင့်ထားတဲ့ ရည်မှန်းချက်တွေကို ရရှိနိုင်မှာ မဟုတ်ပါဘူး။" ဟုဒေါက်တာတင့်ဆွေက ပြောကြားပါသည်။

အရှေ့မြောက်ဆက်သွယ်မှု့

တချိန်တည်းမှာပင် အရှေ့မြောက်ပြည်နယ်များမှ ကျောင်းသားအဖွဲ့တဖွဲ့ကလည်း မြန်မာနယ် စပ်တလျှောက် ကုန်သွယ်မှု့နေရာ နှစ်ခု ထပ်မံ ဖွင့်လှစ်ရန် အဆိုပြုမည့် အိန္ဒိယအစိုးရ၏ အစီအစဉ်သည် ထိုဒေသရှိ လူထုအတွက် ထင်ရှားသော အကျိုးကျေးဇူး မရရှိနိုင်ဘဲ စီးပွါးရေးသမား အနည်းငယ်ကသာ သဘောကျ ကြလိမ့်မည်ဟု ပြောကြားပါသည်။

အိန္ဒိ္ဒယ အရှေ့မြောက်ဒေသမှ အကြီးဆုံးကျောင်းသား အဖွဲ့အစည်းဖြစ်သည့် "အရှေ့မြောက် ကျောင်းသားများအဖွဲ့" (NESO) ၏ ဒုတိယဥက္ကဌ "မွန်ပွီယာ" က "အိန္ဒိယအစိုးရ၏ အရှေ့ကြည့်လမ်းစဉ် ဟာ တကယ်တော့ အရှေ့မြောက်က ပြည်သူတွေရဲ့ အကျိုးကို လစ်လျုရှုထားတာပါ။" ဟု ပြော၏။

"အဲဒီကုန်သွယ်မှု နေရာနှစ်ခုဆီကရတဲ့ အကျိုးအမြတ် အားလုံးဟာ မြန်မာအစိုးရနဲ့ အိန္ဒိယအစိုးရ ဆီကိုပဲ တိုက်ရိုက် သွားတာပါ။" ဟု မွန်ပွီယာ က ပြောကြားသည်။ ဗဟိုအစိုးရဟာ တကယ်တော့ မြန်မာဗိုလ်ချုပ်တွေ အထောက်အပံ့ ရဖို့ လုပ်ရင်းနဲ့ အရှေမြောက် ဒေသကပြည်သူ တွေကို နှစ်သိမ့်ဖို့အတွက် ကုန်သွယ်မှု့ နေရာတွေ ဖွင့်ဖို့ ကြိုးစားခြင်းသာ ဖြစ်ပါတယ် ဟု သူက ထပ်မံ ပြောကြားသည်။

"အိန္ဒိဟာ ပထမဆုံးအနေနဲ့ မြန်မာစစ်အစိုးရ နဲ့ မဆက်ဆံသင့်ဘဲ အရှေ့မြောက်ပြည်နယ်တွေ ဖွံဖြိုးဖို့ ကူညီနေတယ်လို့ ကြွေးကြော်နေတာကိုလည်း ရပ်တန်းက ရပ်သင့်ပါပြီ။" လို့ မွန်ပွီယာ က ဖြည့်စွက် ပြောကြားပါသည်။

မြန်မာစစ်အစိုးရသည် အာဏာတည်မြဲရေးအတွက် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီ နိုင်ငံကြီးတခုက ထောက်ခံမှု့ ပေးနေကြောင်း ကြွေးကြော်နေစဉ်မှာပင် အိန္ဒိယ အရှေ့မြောက်ဒေသက ပြည်သူတွေအတွက် မည်သည့် အကျိုးကျေးဇူးမှ သယ်ဆောင်မလာနိုင်သော အရှေ့မျှော်လမ်းစဉ်ကို ပြန်လည် သုံးသပ်သင့်နေပြီဟု သူက ပြောကြားသည်။

NESO ၏အကြံပေး "အန်အက်(စ)အန် လိုသာ" က ကုန်သွယ်မှု့နေရာများကို ဖွင့်ဖြစ်ခဲ့လျှင်လည်း အရှေ့မြောက်မှ လူထုအတွက် အမှန်တကယ် အကျိုးကျေးဇူးများကို မရရှိစေဘဲ အိန္ဒိ္ဒယ အစိုးရအတွက် မြန်မာအစိုးရနှင့် ပို၍နီးကပ်စွာ ပူးပေါင်း လုပ်ဆောင်နိုင်ရန်အတွက် အတိုးအလျှော့ ကစားနိုင်မည့် အကျိုးကျေးဇူးများ ရနိုင်သည့်နေရာများသာ ဖြစ်နေပါလိမ့်မည်ဟု ပြောသည်။

အိန္ဒိယအစိုးရသည် ပြီးခဲ့သည့် ဆယ်စုနှစ် ၂ ခုတွင် မြန်မာ စစ်အစိုးရနှင့်ပြေ လည်နိုင်ရန် နည်းမျိုးစုံ သုံး၍ ကြိုးစားခဲ့လေသည်။ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၏ အဆိုအရ၊ အိန္ဒိယ မှ မြန်မာပြည်သို့ တင်ပို့ကုန် တန်ဘိုးမှာ ၂၀၀၇-၀၈ ဘဏ္ဍာရေးနှစ်အတွက် ဒေါ်လာ ၁၈၅ သန်းခန့် ရှိ၍ မြန်မာပြည်မှ တင်သွင်းကုန် တန်ဘိုးသည် အမေရိကန် ဒေါ်လာ သန်း ၈၁၀ ခန့် ရှိလေသည်။(အများစုမှာ ပဲအမျိုးမျိုး ဖြစ်သည်။)

ထို့ကြောင့် မြန်မာ အစိုးရသည် အိန္ဒိယနှင့် ကုန် သွယ်မှု့မှ ကုန်သွယ်မှု့ ပိုငွေများပင် ရရှိနေလေသည်။

၂၀၀၆-၀၇ တွင်အမေရိကန် ဒေါ်လာ ၁ ဘီလီယံ (သန်းတထောင်) ဖိုးအထိ ကုန်သွယ်မှုပြုရန် ရည်မှန်းထားခဲ့သော်လည်း ဒေါ်လာ သန်း ၆၅၀ ထိ လျှော့ကျသွားခဲ့သည်။ သို့သော် အိန္ဒိယ-မြန်မာ နယ်စပ်မှ အပြန်အလှန် ကုန်သွယ်မှုသည် ၂၀၀၅-၀၆ တွင် ဒေါ်လာသန်း ၅၅၇.၆၈ ထိရောက်အောင် တိုးတက်လာခဲ့သည်။ ၎င်း ပမာဏသည် ၂၀၀၄-၀၅ ခုနှစ်က ဒေါ်လာ သန်း ၃၄၁.၄၀ နှင့် နှိုင်းယှဉ်လျှင် ၂၅ ရာခိုင်နှုန်း တက်လာခြင်း ဖြစ်လေသည်။


No comments: