ဂျိုးဇက် ဘောလ်
တကမ္ဘာလုံး ယောက်ယက်ခတ်နေသော လက်ရှိ ဘဏ္ဍာရေးအကြပ်အတည်း မည်သို့ အဆုံးသတ်မည်ကို မသိရသေးသော်လည်း တိုင်းပြည်၏ အပေါင်းလက္ခဏာဆောင်သော ဖွံ့ဖြိုးတိုးတက်မှု အလားအလာနှင့် လမ်းကြောင်းများကိုမူ မြန်မာ့အနာဂါတ်အတွက် တန်ဘိုးရှိလှသော သင်ခန်းစာများ ရယူနိုင်ပါသည်။
ဆိုဗီယက်ယူနီယံ မီးမှိတ်သွားချိန်တွင် ပဏ္ဏိတများနှင့် ခွဲခြမ်းစိတ်ဖြာ သုံးသပ်သူများက အမိန့်ပေး စီးပွါးရေးစနစ် ကျဆုံးသွားပြီဟု အလျင်အမြန် ကောက်ချက် ဆွဲလိုက်ကြသည်။ တချိန်တည်းတွင် အရင်းရှင်စနစ်၏ စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှု ပုံစံ၊ အထူးသဖြင့် ဝါရှင်တန်အကြိုက် လွတ်လပ်စွာ လုပ်ပိုင်ခွင့်ပေးသည့် ပုံစံကို ဝိုင်းဝန်း ချီးကျူးထောပနာ ပြုကြသည်။
ထို့နောက် ၁၉၉၇ ခုနှစ်တွင် အာရှဘဏ္ဍာရေး အကြပ်အတည်းက ဆိုးလ်မှ ဂျကာတာအထိ ဝင်ရောက်ရိုက်ခတ် ဖျက်ဆီးပစ်လိုက်သည်။ အာရှကျားများ၏ ဖွံ့ဖြိုးတိုးတက်မှု ပုံစံများသည် အနောက်နိုင်ငံများ၏ ပုံစံများနှင့် တတန်းတည်း ထား၍မရကြောင်း ကမ္ဘာကြီးက ကြားနာ မှတ်သားလိုက်ရပြန်သည်။ အာရှတန်ဘိုး ဆိုသည်များကိုလည်း လူ့အခွင့်အရေး လှုပ်ရှားသူများက အကြီးအကျယ် ဝိုင်းဝန်း တိုက်ခိုက်ကြပြန်သည်။ ထိုအချိန်က မရှုမလှ ဖြစ်သွားသည့် အာရှတိုက်၏ ဖွံ့ဖြိုးတိုးတက်ရေး ပုံစံများ ဖွဲ့စည်းဖြစ်ပေါ်မှုကိုလည်း အာရှတန်ဘိုးဆိုသော အရာနှင့် ကမန်းကတန်း ဆက်စပ်ထားလိုက်ပြန်သည်။
တိုတိုပြောရလျှင် စီးပွါးရေး အကြပ်အတည်းများသည် သမိုင်းစဉ်အရပင် ဖွံ့ဖြိုးတိုးတက်မှု၏ တစုံတရာသော စနစ်တရပ်ကို လက်ခံစေရန်နှင့် တရားဝင်မှုကို ပေးအပ်ခဲ့ပြီး အခြားတပါးသော ချဉ်းကပ်မှုများနှင့် မကြာခဏပင် ဘဏ္ဍာရေးနှင့် ဘာမှမဆိုင်သော တန်ဘိုးများကိုလည်း ငြင်းဆန်စေခဲ့သည်။ ဤတရားဝင်မှုဆိုသည်က “အနိုင်ရရှိသူများ” ဟု ထင်မြင် နေသူများ၏ သြဇာအာဏာကို ကျယ်ပြန့်လာစေခဲ့ပြီး၊ တကမ္ဘာလုံး မဟုတ်လျှင်တောင်မှ ဒေသတွင်း စီးပွါးရေးနှင့် ဘဏ္ဍာရေး ချဉ်းကပ်မှု လားရာကို ပုံသွင်းပေးခဲ့သည်။
ယခုလို ဘဏ္ဍာရေး ကသောင်းကနင်း ဖြစ်မှု၏ ဂယက်က ကမ္ဘာတဝှမ်း အဓိက ဈေးကွက်ကြီးများ၌ အရှိန်မသေသေးချိန်တွင် အလုပ်ဖြစ်ပုံ မရတော့သော ဘဏ္ဍာရေးစနစ်မှာ ဘဏ္ဍာရေး အမြော်အမြင် နည်းပါးမှုနှင့် ကြီးကြပ်မှု လျော့နည်းသည့် အမေရိကန် ဘဏ္ဍာရေး စနစ်ကိုသာ နီးနီးကပ်ကပ် လက်ညှိုးထိုးပြစရာ ရှိနေသည်။
ဤညစ်ထေး စွန်းပေသွားပြီဖြစ်သည့် ပုဂ္ဂလိက တဦးချင်းဗဟိုပြု စီးပွါးရေး တိုးတက်မှုပုံစံကို အစားထိုးရန် ဝင်လာသည့် ပုံစံတရပ်မှာ တရုတ်ပြည်က ရပ်ခံပေးနေသည့် စီးပွါးရေးနှင့် ဘဏ္ဍာရေး မူဝါဒတွင် ပုဂ္ဂလိကနှင့် အများပိုင် ကဏ္ဍနှစ်ရပ် အကြား သဟဇာတဖြစ်သည့် ဆက်ဆံရေးကို ရှာကြံနေသည့် လက်တွေ့ကျသော ချဉ်းကပ်မှုပုံစံ ဖြစ်သည်။ အနှစ်သာရ အားဖြင့် စီးပွါးရေးကဏ္ဍတွင် နိုင်ငံတော်၏ အခန်းကဏ္ဍကို ပိုမိုပေးအပ်သည့်ပုံစံ ဖြစ်သည်။
ဆိုဗီယက် အင်ပိုင်ရာ ပျက်သုဉ်းအပြီး ဆယ်စုနှစ်တခုကျော် ကမ္ဘာ့ငွေကြေးရံပုံငွေအဖွဲ့ (IMF) က ဟောကြားနေခဲ့သည့် လွတ်လပ်သော ဈေးကွက်များ ဆိုသည့်အယူအဆ ကမ္ဘာလုံးဆိုင်ရာ စီးပွါးရေး နယ်ပယ်တွင် တွင်ကျယ်နေခဲ့သောကြောင့် အောင်မြင်မှုကို အမျှော်ကြီး မျှော်နေခဲ့ကြသည့် နိုင်ငံများအကြား၌လည်း “ရှိမှန်း မသိသာသော အစိုးရသည် အစိုးရကောင်း” ဟူသော အယူအဆမှာ တွင်ကျယ်လာခဲ့သည်။ ယခုတော့ အစိုးရဌာနများ အဖွဲ့အစည်းများ၏ ပိုမိုချုပ်ကိုင်မှု လိုအပ်သည်ဟူသော သတင်းစကားက ပိုမို ထင်ရှားလာပြန်သည်။ ယင်းသည် ယခင် နှစ်အနည်းငယ်အတွင်းက ဝါရှင်တန် လမ်းမများပေါ်တွင် မကြံအပ်မစည်ရာ ဖြစ်ခဲ့သော အယူအဆတရပ် ဖြစ်သည်။
၂ဝဝ၈ ခုနှစ်သည်လည်း နားလည်မှု လွဲမှားခဲ့သော အဒမ်စမစ်၏ မမြင်ရသောလက် ဟု ပြောဆိုခဲ့သည့်နှစ်လိုပင် နောက်တကြိမ် ပြန်လည် ငဲ့စောင်းကြည့်ကြရမည့်နှစ် ဖြစ်လာနိုင်လိမ့်ဦးမည်၊ ဤမမြင်ရသောလက် ဟူသည့် အယူအဆ က အနောက်နိုင်ငံများ၏ ဖွံ့ဖြိုးမှုပုံစံများနှင့် စပ်လျဉ်းသည့် ထူးခြား ဆန်းပြားမှုတရပ်ကို ကြာရှည်စွာ ကတဲကပင် အားဖြည့်ပေးခဲ့သည်။ သို့သော် ဤမမြင်ရသောလက်သည် အားလုံးကို မြင်နိုင်စွမ်းရှိသည့် နိုင်ငံတော် အာဏာပိုင်များ၏ မျက်စိအောက်တွင် ကျရောက်နေသော အရာသာ ဖြစ်သည်။
အာရှတိုက်၏ လူမမာကြီး မဟုတ်တော့
ဖူယီဆိုသော ၂ နှစ်သား လူမမယ်လေး တယောက်က တရုတ်ပြည် ထီးနန်းကို သိမ်းပိုက်စိုးစံခဲ့သည့် လွန်ခဲ့သော နှစ်တရာ တိတိက တရုတ်ပြည်ကြီးကို “အာရှတိုက်၏ လူမမာကြီး” ဟု သိခဲ့ကြသည်။ တိုင်းပြည်၏ စီးပွါးရေးမှာ အပိုင်းပိုင်း အပြတ်ပြတ် ဖြစ်နေပြီး၊ ပြည်ပနိုင်ငံများ၏ အကျိုးစီးပွါးနှင့် ရည်မှန်းချက်များအတိုင်း ပြုသမျှ နုခဲ့ရသည့်ဘဝ ဖြစ်သည်။ ယခုတော့ ထိုသို့ မဟုတ်တော့။
ယခုလို အမေရိကန် ပြည်ထောင်စုတွင် နောက်ဆုံးဘဏ္ဍာရေး ပြိုလဲဆုံးရှုံးမှုကြီး မဖြစ်မီကပင် နောက်နှစ် ၂ဝ အတွင်း တရုတ်ပြည်က အမေရိကန် စီးပွါးရေးကို ကျော်တက်သွားလိမ့်မည်ဟု ခွဲခြမ်းစိတ်ဖြာ သုံးသပ်သူအများက ခန့်မှန်း ပြောဆိုခဲ့ကြသည်။
တကမ္ဘာလုံး စီးပွါးရေး အလားအလာ မကောင်းချိန်၌ ကျင်းပခဲ့သော နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ (IMF) ၏ ယခုလ အတွင်းကျင်းပခဲ့သည့် အရေးပေါ် အစည်းအဝေးတွင် တရုတ်ပြည်၏ စီးပွါးရေး တိုးတက်မှုနှုံးမှာ နောက်နှစ်တွင် ၁ဝ% ရှိ လိမ့်မည်ဟု ခန့်မှန်း ကြေငြာခဲ့သည်။ ထိုအချိန်တွင် အနောက်နိုင်ငံများမှာမူ အကြီးအကျယ် စီးပွါးရေး ကျဆင်းနိုင်ခြေ ရှိနေသည့် အခြေအနေမှ ရုန်းထွက်နိုင်ရန် မနဲ ကြိုးပန်းနေရသည်။ ဤတရုတ်ပြည်အတွက် ခန့်မှန်းချက်သည် နှစ်ပေါင်းများစွာအတွင်း အနိမ့်ဆုံး ခန့်မှန်း တွက်ဆချက် ဖြစ်သည်။ သို့သော် နှိုင်းယှဉ်ချက်အရ အတော်လေး တပန်းသာသည့် အခြေအနေကို ကိုယ်စား ပြုနိုင်ပါသေးသည်။
တရုတ်ပြည်သည် ကမ္ဘာပေါ်၌ ဒေါ်လာ ၁၈၁ဝ ဘီလီယံဖြင့် နိုင်ငံခြားအရံငွေကြေး အများဆုံးရှိသော နိုင်ငံလည်း ဖြစ်သည်။ လွန်ခဲ့သောလကပင် Standard and Poor က တရုတ်နိုင်ငံ၏ ကြွေးမြီပြန်ဆပ်နိုင်သည့် အဆင့်အတန်းကို ယခင် A မှ A+ သို့ တိုးမြှင့် သတ်မှတ်ပေးခဲ့သည်။ ယင်းသည် တိုင်းပြည်၏ “ထူးခြားသည့်” စီးပွါးရေး အလားအလာနှင့် ခိုင်မာ တောင့်တင်းသည့် ဘဏ္ဍာရေး အခြေအနေကို အသိအမှတ် ပြုလိုက်ခြင်းလည်း ဖြစ်သည်။
ဤတရုတ်ပြည်နှင့် တရုတ်စီးပွါးရေးအပေါ် ခန့်မှန်း တွက်ဆချက်များကို မကြာသေးခင် ရက်သတ္တပတ်များအတွင်း ရှန်ဟဲ စတော့အိပ်ချိန်း ဈေးကွက်၌ ဈေးကျဆင်းမှုများ ဖြစ်နေစဉ်မှာပင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အရေးပါသည့် ခြားနားချက်မှာ ဈေးကွက်အတွင်း အနှုတ်လက္ခဏာ ဆောင်သည့် စီးပွါးရေး ထိခိုက်မှုများကို ပင်လယ်ရပ်ခြားမှ ပြဿနာများအပေါ် ပြန်လည် တည့်မတ်ပြင်ဆင်ပေးသည့် ကိစ္စများအဖြစ်သာ လေ့လာသုံးသပ်သူများက ရှုမြင်ခဲ့ကြခြင်း ဖြစ်သည်။ တရုတ်ပြည်ကြီး၏ ပြည်တွင်းဘဏ္ဍာရေး အဖွဲ့အစည်းများနှင့် စီးပွါးရေး အဆောက်အအုံများ၏ ပြဿနာအဖြစ် မမြင်ခဲ့ကြပေ။
"ကမ္ဘာတဝှမ်းလုံးကို ကြည့်လိုက်ရင် တရုတ်ပြည်က အခြေအနေ အတော်ကလေး ကောင်းနေတယ်၊ အမေရိကန်က မကောင်းဘူး" ဟု ပီတာဆန် အပြည်ပြည်ဆိုင်ရာ စီးပွါးရေး အင်စတီကျု (Peterson Institute for International Economics) ၏ ဒါရိုက်တာ စီဖရက်ဘာဂ်စတင်း (C. Fred Bergsten) က ယခုလ အစောပိုင်းတွင် မှတ်ချက်ချ ပြောကြားခဲ့သည်။
တရုတ်ပြည်၏ စီးပွါးရေး အခြေအနေက ယခုလို ကမ္ဘာ့စီးပွါးရေး တရပ်လုံး ရှေ့ဆက် လျှောက်နိုင်ရေးအတွက် ရှေ့ဆောင် လမ်းပြဖြစ်လာနိုင်မည့် အလားအလာများ ပြသနေချိန်တွင် သံတမန်များရော၊ ငွေကြေး ကျွမ်းကျင်သူများကပါ ဤလှေကြီးပေါ် အမှီလိုက်နိုင်ရေး လုံးပန်းလာကြသည်။
ယခုလို စီးပွါးရေးများ စုတ်ပြတ်သတ်သွားစေနိုင်သည့် အကွဲကြောင်း အစအနအများအပြားကို လွန်ခဲ့သော နှစ်ကတဲက ပထမဆုံးအကြိမ် ထင်ထင်ရှားရှား မြင်တွေ့လာခဲ့ကြချိန်မှာပင် သြစတြေလျနိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒမှာ တရုတ်နိုင်ငံ နှင့် ခိုင်မြဲသော ဆက်ဆံရေး ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအပေါ် အခြေစိုက်ထားခဲ့သည်။
"တရုတ်ပြည်ဟာ သူ့အမျိုးသားရေး အကျိုးစီးပွါးအတွက်ဘဲ စီးပွါးရေး တိုးတက်မှုကို ခိုင်မာတောင့်တင်းအောင် ဆက်ပြီး အတင်း တွန်းလုပ်လိမ့်မယ်။ ဒါဟာ သြစတြေလျလို နိုင်ငံမျိုးတွေအတွက်လဲ ကောင်းတာပါဘဲ။ ဘာလို့လဲဆိုတော့ တရုတ်ပြည်ဟာ ကျနော်တို့ရဲ့ အဓိက ကုန်သွယ်ဘက်နိုင်ငံလေ" ဟု သြစတြေလျ ဝန်ကြီးချုပ် ကီဗင်ရပ်ဒ် (Kevin Rudd) က တိုးလျှိုး ပြောကြားခဲ့သည်။
ထိုအတောအတွင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေအဖွဲ့ (IMF) ၏ ဒါရိုက်တာဟောင်း Michel Camdessus က မကြာသေးခင်ကပင် အာရှတိုက်နှင့် ပတ်သက်၍ "ယခုအခါတွင် သင်တို့ အာရှနိုင်ငံများသည် ကမ္ဘာကြီး၏ မြီရှင် နိုင်ငံများ ဖြစ်လာကြပြီ" ဟု ထုတ်ဖေါ် ကြေငြာခဲ့သည်။ ထိုမြီရှင်နိုင်ငံများထဲမှ အကြီးဆုံး မြီရှင်နိုင်ငံမှာ တရုတ်နိုင်ငံ ဖြစ်သည်။
နိုင်ငံတော် တည်ဆောက်ရေးလော၊ အမျိုးသား အကျိုးစီးပွါးလော
နိုင်ငံတော် တည်ဆောက်ရေးနှင့် အမျိုးသား အကျိုးစီးပွါးဆိုသည်မှာ အပြန်အလှန် သီးသန့်ဖြစ်နေသည့် အယူအဆများ မဟုတ်ဆိုသည်ကို သေချာဘို့ လိုသည်။ သို့သော် လာမည့် ဆယ်စုနှစ်များအတွင်း မူဝါဒ ချမှတ်သူများ အနေနှင့် နိုင်ငံတော် တည်ဆောက်ရေးနှင့် ပတ်သက်သည့် စီမံကိန်းများကို ခန့်မှန်းတွက်ချက်ရာတွင် အမျိုးသား အကျိုးစီးပွါးဆိုသည့် ပြဿနာကို ပိုမို ထည့်သွင်း တွက်ချက်လာကြသည်ကို တွေ့ကြရလိမ့်မည်။
ဂျော့ဘုရှ်က လွန်ခဲ့သော ၈ နှစ်က အမေရိကန် ပြည်ထောင်စု၏ သမတရာထူးကို ယူခဲ့စဉ်က နိုင်ငံတော် တည်ဆောက်ရေး အယူအဆကို အလွန်မုန်းတီးသူအဖြစ် သူနာမည်ကြီးခဲ့သည်။ သို့သော် သက်တမ်း ၂ ခုကြာမျှ တာဝန်ထမ်းဆောင် ပြီးသောအခါ သူ့သမတ သက်တမ်း၏ အမွေအဖြစ် နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းသည် အချက်အခြာကျသော နေရာတွင် ရှိနေသည်။ ဤမူဝါဒသည် နောက်နှစ် ဇန်နဝါရီလ သမတ ရာထူးလွှဲပြောင်းချိန်တွင် ဘဲဥပုံခန်းမ၌ မည်သူ ရောက်လာလာ ဆက်လက် ရှင်သန်နိုင်ဖွယ် မရှိပါ။
ဘဏ္ဍာရေး အကြပ်အတည်း နက်ရှိုင်းမည့် အလားအလာသည် မြောက်အမေရိကနှင့် ဥရောပရှိ နိုင်ငံတော် တည်ဆောက်ရေးနှင့် စပ်လျဉ်းသည့် သီးခြား အသိအမြင်ရှိသော နိုင်ငံခြားရေး မူဝါဒများ မြှင့်တင်ရန် ခံနိုင်ရည်မရှိသည့် နိုင်ငံများ၌ ပြဿနာ အတော်ကြီးကျယ်လိမ့်မည်။ ဘဏ္ဍာရေး စွမ်းဆောင်ရည် ကျဆင်း ပျောက်ကွယ်နေခြင်းက ဘဏ္ဍာရေး အရင်းအနှီး အမြောက်အမြားကို ဆုံးရှုံးစေလိမ့်မည်။ ယင်းအချက်က ပြည်တွင်းရွေးကောက်ပွဲများနှင့် ပိုမို ဆက်စပ်သွားမိစေပြီး၊ အမျိုးသားရေး၊ ပြည်တွင်း စီးပွါးရေးစသော ပြဿနာများနှင့် တိုက်ရိုက် ဆက်စပ်နေသော မူဝါဒများထက် ဤသို့ နိုင်ငံတော် တည်ဆောက်ရေး ကိစ္စကို ပိုမို ဦးစားပေးမိသည့် ရွေးကောက်ခံ နိုင်ငံရေးသမား ကိုယ်စားလှယ်များအား ပိုမို ဝေဘန်လာကြလိမ့်မည်။
ယင်းနှင့် ဆန့်ကျင်စွာပင် တရုတ်နိုင်ငံကတော့ ရှိလျှင်တောင်မှ နိုင်ငံတော် တည်ဆောက်ရေးတွင် စိတ်ဝင်စားမှုကို ဝန်ကြီးချုပ် တိန်ရှောက်ပိန် တက်လာပြီး ကျယ်ပြန့်သည့် စီးပွါးရေး ပြုပြင်ပြောင်းလဲမှု မူဝါဒများကို လက်ခံ ကျင့်သုံးလာကတဲက အနည်းအကျဉ်းသာ ပြသခဲ့သည်။ ယင်းအစား အမျိုးသား အကျိုးစီးပွါးကို အာရုံစိုက်သည့် နိုင်ငံခြားရေး မူဝါဒကိုသာ လိုက်နာကျင့်သုံးခဲ့သည်။ နိုင်ငံတော်၏ နိုင်ငံခြားရေး မူဝါဒများ တွက်ချက်ရာတွင် နိုင်ငံရေးနှင့် အတွေးအခေါ်ကသာ အရာရာလွှမ်းမိုးခဲ့သည့် ပြည်သူ့သမတနိုင်ငံ ထူထောင်ခဲ့သည့် အစောပိုင်း ဆယ်စုနှစ်များကနှင့် မတူဘဲ၊ တိန့်ရှောက်ပိန်ခေတ် တရုတ်ပြည်က အမျိုးသားရေး အကျိုးစီးပွါးကိုသာ တခုတည်းနီးပါး အာရုံစိုက်ခဲ့သည်။ စီးပွါးရေးအရ စဉ်းစား တွေးခေါ်မှုသည် ပထမဆုံးနှင့် အခရာကိစ္စရပ် ဖြစ်သည်။
ဤချဉ်းကပ် စဉ်းစားမှု၏ ရှင်းလင်းသော ဥပမာကို အာရှဘဏ္ဍာရေး အကြပ်အတည်း ကြုံစဉ်က စီးပွါးရေးအရ မရေမရာ ဖြစ်နေသော အခြေအနေတွင် ထုတ်ဖေါ် ပြသခဲ့သည်။ တရုတ်က မြန်မာနိုင်ငံကို ကယ်တင်ခဲ့သည်မှာ စီးပွါးရေး အမျိုးသား အကျိုးစီးပွါးသက်သက် အမြင်ဖြင့် ကယ်တင်ခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် နှိုင်းယှဉ်ချက်အရ တည်ငြိမ်မှု ရှိနေစေလိုသည်။ သဘာဝ သယံဇာတ လုပ်ကွက်များ ရလိုသည်၊ တရုတ်ကုန်ပစ္စည်းများအတွက် မြန်မာနိုင်ငံ ဈေးကွက်သို့ အလွယ်တကူ ရောက်ရှိနိုင်စေရန်တို့ ဖြစ်သည်။
အနာဂါတ် မြန်မာနိုင်ငံအတွက် မူဝါဒဆိုင်ရာ အရေးပါသော အချက်များ
ပြည်တွင်း မူဝါဒများနှင့် ပတ်သက်လျှင် အမျိုးသား အကျိုးစီးပွါးနှင့် နိုင်ငံတော် တည်ဆောက်ရေး ဟူသောကိစ္စ ၂ ရပ်မှာ အတူယှဉ်တွဲ တည်ရှိနေသောအရာများ ဖြစ်သည်။ ဤသို့ဆိုလျှင် သာယာဝပြောသည့် မြန်မာနိုင်ငံတော်ကို တည်ထောင်သည့် အမျိုးသားရေး အကျိုးစီးပွါးကိစ္စ၌ လက်ရှိဘဏ္ဍာရေး အကြပ်အတည်းသည် မြန်မာနိုင်ငံ၏ လက်ရှိနှင့် အနာဂါတ် ခေါင်းဆောင်များကို ရှင်းလင်း ပြောပြနိုင်ပါ့မလား။
မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ ရှေ့မတိုးနိုင်ဘဲ အီနေရသည့် အကြောင်းတရပ်မှာ နိုင်ငံအချို့၊ သို့မဟုတ်၊ နိုင်ငံအုပ်စုတခု သို့မဟုတ်၊ နိုင်ငံတကာ အေဂျင်စီတခုခုက မြန်မာနိုင်ငံကို ဝင်ရောက် စွက်ဖက်နိုင်အောင် လုပ်ယူမည့် အခြေအနေ ရှိနေသည်၊ သို့မဟုတ် ကာယကံမြောက်ပင် ဝင်ရောက်ကျူးကျော်မည့် အန္တရာယ်ရှိနေသည် ဆိုသည့် အချက်ပေါ်တွင် အခြေခံ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ ဤသို့သော စိတ်တထင့်ထင့် ဖြစ်နေရခြင်းမျိုးကို လောလောဆယ်တွင် မည်သည့်နိုင်ငံရေး ကြံဆချက်မဆိုမှ ဖယ်ရှားပစ်ရမည်။ ယခုကတဲကပင် အလားအလာမရှိပါ။ ပြင်ပမှ နိုင်ငံ တည်ဆောက်ရေးအတွက် ပေးအပ်သည့် ဘဏ္ဍာရေး အထောက်အပံ့သည် ပင်ကိုယ်အားဖြင့်ပင် အမျိုးသား အကျိုးစီးပွါးနှင့် ဆက်စပ်နေသည် မဟုတ်၍ လှမ်းမျှော်ကြည့်ရှုနိုင်သော အနာဂါတ်ကာလအတွင်း အလားအလာ ရှိသည့် သင့်တော်သူများအတွက် ဤကိစ္စ သည် လက်မခံနိုင်လောက်အောင် တန်ဘိုးကြီးလွန်းလှသည်။
လိုရင်းတိုရှင်း ပြောရလျှင် အနာဂါတ်တွင် ပေါ်ပေါက်လာမည့် အာဏာရနိုင်ငံရေး ပါတီများသည် အနာဂါတ်အတွက် မဟာဗျူဟာပုံစံများကို ယခုကတဲက ရှာဖွေ ဖေါ်ထုတ်ထားရမည်။ ဤပုံစံများတွင် အားဖြည့်ထားသော ကိုယ့်အားကိုယ်ကိုးရေး နှင့် ယခုလက်ရှိ ပုံစံများထက်ပို၍ အမယ်စုံသော ပုံစံ ၂ မျိုးလုံးကို ထည့်သွင်းပေါင်းစပ်ထားဘို့ လိုသည်။
အနာဂါတ်တွင် မည်သို့သော နိုင်ငံရေး တိမ်းညွှတ်မှုမျိုး ပေါ်ပေါက်လာသည်ဖြစ်စေ၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွါးရေး အခွင့်အလမ်းသည် နိုင်ငံခြား ဆက်ဆံရေးနှင့် ကမ္ဘာ့စီးပွါးရေးထဲသို့ တဖြေးဖြေး “ပြန်လည်” ပေါင်းစည်းခြင်း တည်းဟူသော အချက်များနှင့် ဆက်စပ်နေသည် ဆိုသည့်အချက်မှာမူ ပြောင်းလဲသွားမည် မဟုတ်ပါ။ ဤအချက်ကို နားလည်လျှင် လက်ရှိ ဘဏ္ဍာရေး ကသောင်းကနင်း ဖြစ်မှုအစား မြန်မာနိုင်ငံ အသွင်ပြောင်းလဲရေးအတွက် လိုလားသူလည်းဖြစ်၊ လိုအပ်သည့် အကူအညီများကို ဦးဆောင်ပေးအပ်နိုင်သူလဲ ဖြစ်သည့် နိုင်ငံတနိုင်ငံများ ရှိသလားဟု မေးလျှင် ရှိပါသည်ဟု ဖြေရပါမည်။ ထိုနိုင်ငံမှာ တရုတ်နိုင်ငံ ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ တောက်ပသော အနာဂါတ်တည်းဟူသော အလားအလာများအတွက် အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်မည့်အရာမှာ တရုတ်နိုင်ငံနှင့် ခိုင်မာသည့် ဆက်ဆံရေး တည်ဆောက်မွေးမြူရန် ဖြစ်သည်။ မြန်မာနိုင်ငံတွင် အပြောင်းအလဲများ ဖြစ်ပေါ်လာလျှင် စီးပွါးရေး အသွင်ပြောင်းလဲရေးကို စောစောလုပ်နိုင်လေ၊ အလားအလာကောင်းလေ ဖြစ်သည်။
ဤသို့လုပ်လျှင် နိုင်ငံများအကြား ကွဲပြားခြားနားမှုများနှင့် နိုင်ငံရေး မျှော်မှန်းချက်များကို မည်သူမျှ လက်လွှတ်ဆုံးရှုံးစရာ မလိုပါ။ ပြည်သူများက တည်ရှိနေရေးအတွက် သေချာပေါက် ကြိုဆိုကြမည်သာ ဖြစ်သည်။ လှုပ်ရှားနေသော ဒီမိုကရေစီ လူ့အဖွဲ့အစည်းတရပ်၏ အကြီးအကဲဖြစ်သော သြစတြေလျနိုင်ငံ ဝန်ကြီးချုပ် လုပ်ခဲ့ပုံကို ကြည့်လျှင် သိသာသည်။ ကင်ဘာရာနှင့် ပီကင်းအကြား ခိုင်မာ ကြီးထွားလာနေသည့် ဆက်ဆံရေး တရပ်သည် ဒီမိုကရက်တစ် သြစတြေလျ အတွက် အရေးပါသည်ဟု ပြောင်အတိအလင်း ထောက်ခံ၍ အပြုသဘော ပြောကြားခဲ့သည်။ အလားတူပင် တရုတ်နိုင်ငံသည် အမေရိကန် စက်မှုလုပ်ငန်းများအတွက် အရေးပါသည်။ အမေရိကန် အာကာသ အစီအစဉ် ဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် “အမျိုးသား” ကြိုးပန်း အားထုတ်မှုများအတွက်ပါ အရေးပါသည်။
တရုတ်နိုင်ငံနှင့် ထိပ်တိုက် ရင်ဆိုင်ခြင်း၊ နှိုင်းယှဉ်ချက်အရ မသိကျိုးကျွန် ပြုခြင်းစသည့် မဟာဗျူဟာ တရပ်သည် အနာဂါတ် မြန်မာနိုင်ငံ၏ အကျိုးစိးပွါးအတွက် အန္တရာယ်ပေးမည့် မူဝါဒဖြစ်သည်။ ဤအချက်ကို မကြာခင်က တိုက်ခတ်ခဲ့သည့် ဘဏ္ဍာရေး ကသောင်းကနင်း ဖြစ်မှု လေပြင်းမုန်တိုင်းက ပြသခဲ့ပြီး ဖြစ်သည်။ ဤအချက်ကို အသိအမှတ်ပြုရန်မှာ မြန်မာခေါင်းဆောင်များ၏ သဘောအတိုင်းသာ ဖြစ်ပါသည်။ တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ကိစ္စသည် မြန်မာပြည်သူများ၏ အကျိုးစီးပွါးကိုသာ ထိထိရောက်ရောက် ဦးစားပေးရမည်၊ အပြန်အလှန်အားဖြင့် တရားမမျှတစွာ စော်ကားမခံရရေးတော့ ဖြစ်ဘို့လိုသည်။
( Joseph Ball ၏ Burma's future amid the global financial crisis ကို ဘာသာပြန်ဆိုပါသည်။)
No comments:
Post a Comment