ဝေယံ
ရွှေလီ။ ။ ပါးစပ်က ကွမ်းတမြို့မြို့ဝါးတတ်သူ အသက် ၃ဝ ကျော်အရွယ် မဖြူဆိုတဲ့ အမျိုးသမီးကို ရွှေလီမြို့မှာရှိတဲ့ မြန်မာ အသိုင်းအဝိုင်းကြား တော်တော်များများက ကျက်မိနေပါပြီ။
သို့ပေမယ့် သူဟာ လူကုန်ကူးသူ တယောက်ဆိုတာတော့ သူ ပျောက်သွားပြီး ရက်သတ္တပတ်ကျော်တော့မှ ဗူးပေါ်သလို ပေါ်လာပါတော့တယ်။
လွန်ခဲ့တဲ့ ၂ လလောက်က သူတို့ကိုယ်တိုင် ရောင်းစားလိုက်တဲ့ အသက် ၁၈ နှစ်အရွယ် သံလျင်သူလေး မဝါဝါကို မုဒိန်းကျင့်ပြီး ဓားနဲ့ ရက်ရက်စက်စက် ထိုးသတ်ခဲ့တဲ့ ပြစ်မှုမှာ တရားခံတွေအဖြစ် သူတို့ကို တရုတ်ရဲတပ်ဖွဲ့က ဖော်ထုတ်ခဲ့ပါတယ်။
သံလျင်ဇာတိဘွား မဖြူဟာ ခင်ပွန်းသည် ကိုကျော်ထွန်း၊ သားနှစ်ယောက်၊ မောင်နှမဝမ်းကွဲ တော်စပ်သူ လင်မယားနှစ်ဦးနဲ့ ရွှေလီမှာ အခြေချလာတာ ၂ နှစ်နီးပါးပဲ ရှိပါသေးတယ်။
မဝါဝါကို ပီကင်းမြို့နားမှာရှိတဲ့ ဆန်းတုန်းပြည်နယ်က တရုတ် အမျိုးသားတယောက်ရဲ့ လက်ထဲကို ယွမ်ငွေ ၂ သောင်းနဲ့ ရောင်းစားခဲ့တာပါ။ ဝယ်လက်တရုတ်က ငွေကို အပြည့်မချေသေးဘဲ စရံအဖြစ် ယွမ် ၆ဝဝဝ ပေးပါတယ်။ ရောင်းစားပြီး မကြာခင်မှာပဲ ဝါဝါဟာ တရုတ်လက်ထဲကနေ ထွက်ပြေးလွတ်မြောက်ခဲ့ရာမှာ ဒီလဆန်းပိုင်းမှာ ရွှေလီကို ပြန်ရောက်လာပါတယ်။
အားကိုးရာမယ့် ဝါဝါဟာ သူ့ကို ရောင်းစားလိုက်တဲ့ ကိုကျော်ထွန်းနဲ့ မဖြူတို့ဆီမှာပဲ မှီခိုနေထိုင်ခဲ့ပါတယ်။ မဖြူတို့အတွက်တော့ ရောင်းကုန်ပြန်ရတာပေါ့၊ နောက်ထပ် တရုတ်တယောက် လက်ထဲကို ရောင်းဖို့ ထပ်ကြိုးစားပြန်ပါတယ်။ ဝါဝါကတော့ ဒီတခါ အပြင်းအထန် ငြင်းဆန်ခဲ့ပါတယ်။
သို့ပေမယ့်လည်း ပွဲဆိုင်ထားတဲ့ တရုတ်ဆီက ငွေတချို့ ယူထားပြီးလို့ ဝါဝါကို မရအရခေါ်ရဖို့ ကြိုးစားပါတော့တယ်။
အခင်းဖြစ်ပွားမယ့်နေ့ ညနေပိုင်း၊ နေဝင်ရီတရော အချိန်မှာ ရွှေလီကနေ မိုင်အနည်းငယ်ဝေးတဲ့ မြန်မာနိုင်ငံ နမ့်ခမ်းမြို့ဘက် သွားရာလမ်းအတိုင်း အငှားကားတစီးနဲ့ ဝါဝါကို တင်ခေါ်သွားပါတယ်။ ခေါ်သွားသူတွေက လူပွဲစား မိသားစုဝင် အားလုံးပဲ ဖြစ်ပါတယ်။
မိနစ် ၂ဝ လောက်သွားရတဲ့ မြန်မာပိုင် မန့်ဟီးရိုးရွာဘက်အရောက် လယ်ကွင်းဘေးတနေရာမှာ ကားပေါ်က ဆင်းလိုက်ကြပါတယ်။
"သူတို့ ဒီကနေ စသွားကတည်းက ဘီယာတွေ သောက်သွားကြတာ။ မန့်ဟီးရိုးတဝိုက်က လယ်ကွင်းတွေဘေးမှာ ဆင်းပြီး လယ်ကွင်းထဲ ခေါ်သွားကြတာ။ အဲဒီမှာ ကျော်စွာကစပြီး မုဒိန်းကျင့်တယ်။ ကျန်တဲ့လူတော့ မပါဘူးပေါ့။ ကျင့်ပြီးတာနဲ့ ဘိုဘိုက ဓားနဲ့ စထိုးတယ်။ ဓားဒဏ်ရာ ၅ ချက်နဲ့ ကောင်မလေးက သေဆုံးသွားတာပါ။ ပြီးတော့ အလောင်းကို ရေမြောင်းဘေးမှာ ပစ်ထားလိုက်တယ်" လို့ အမှုဖော်ထုတ်ရာမှာ ကူညီခဲ့သူ မြန်မာတဦးက ပြောပါတယ်။
အခင်းဖြစ်ပြီး နောက်ရက်မှာ ဒေသခံ ရှမ်းရွာသားတွေက ဝါဝါရဲ့ ရုပ်အလောင်းကို တွေ့ရာကနေ တရုတ်အာဏာပိုင်တွေဆီ ဖုန်းဆက် အကြောင်းကြားပါတယ်။ ဒီ့နောက်မှတော့ ပြစ်မှုကျူးလွန်သူ လူမှောင်ခိုဂိုဏ်းကို တစတစ ခြေရာခံရင်း ဖော်ထုတ်နိုင်ခဲ့တာပါ။
အခင်းဖြစ်ပြီးစမှာ တရုတ် အာဏာပိုင်တွေဟာ လူသတ်မှု ကွင်းဆက်ကို မဖော်နိုင်သေးဘဲ၊ နာမည်ရှိနေတဲ့ လူဆိုး စာရင်းဝင်တွေကိုပဲ လိုက်ဖမ်းနေခဲ့တာပါ။ ဖြစ်ချင်တော့ မဖြူတို့ လင်မယား ရောင်းစားခဲ့တဲ့ ရွှေရွှေ ဆိုသူလေးဟာ ရွှေလီကို ထွက်ပြေး လာပြန်ပါတယ်။ ဒါကို ဒေသခံမြန်မာတချို့က ဝိုင်းဝန်းကူညီပေးရာကနေ ခြေရာကောက်မိပြီး မဖြူတို့ လူသိုက် အပါအဝင် လူကုန်ကူးသူ ၁၂ ယောက်ကို ဖမ်းဆီး လိုက်နိုင်ပါတယ်။
ဝါဝါ့အမှုမှာ တရားခံတွေဖြစ်တဲ့ ကျော်စွာ လင်မယားနဲ့ ဘိုဘို၊ အောင်သူစိုးတို့ ၄ ယောက်ကို တရုတ်ပြည် တရားဥပဒေအရ ဆက်လက် အရေးယူဖို့ ချန်ထားပါတယ်။ လူသတ်မှုမှာ မပါဘဲ လူကုန်ကူးသူ ကိုကျော်ထွန်း၊ မဖြူနဲ့ ၁၃ နှစ်အရွယ် သမီးငယ် အပါအဝင် တရားခံ ၈ ယောက်ကိုတော့ မူဆယ် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အဖွဲ့ဆီကို ဒီလ ၁၄ ရက်နေ့ကပဲ လွှဲပြောင်းပေးလိုက်ပါပြီ။
မူဆယ်အဖွဲ့ရဲ့ စစ်ချက်အရ သူတို့ ရောင်းစားခဲ့တဲ့ အမျိုးသမီးပေါင်း အယောက် ၂ဝ လောက်ရှိပြီလို့ ဖော်ထုတ်နိုင်ခဲ့ပါတယ်။
မြန်မာ စစ်အစိုးရက လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ၅ နှစ်စီမံကိန်းကို ၂ဝဝ၈ ခုနှစ် နှစ်ဆန်းပိုင်းမှာ ပြဋ္ဌာန်းခဲ့ပါတယ်။ လက်ရှိ တရုတ်နိုင်ငံဘက် လူကုန်ကူးမှု မှုခင်းတွေနဲ့ ဆက်စပ်ကြည့်ရင်တော့ မြန်မာ အမျိုးသမီးငယ်တွေရဲ့ ဘဝလုံခြုံမှုကို ထိထိရောက်ရောက် ကာကွယ် ပေးနိုင်မလားဆိုတဲ့ မေးခွန်းကိုတောင် ထုတ်စရာ လိုမယ် မထင်ပါဘူး။
မြန်မာ့စီးပွားရေး ဆင်းရဲမွန်းကျပ်မှုအောက်မှာ မြန်မာအမျိုးသမီးတွေဟာ တဝမ်းတခါးအတွက် နေရပ်စွန့်ခွါ သွားလာနေကြရာမှာ လူပွဲစားတွေ လက်ထဲ ကျရောက်ခဲ့ရတဲ့ အမျိုးသမီးတွေ ရှိနေပါတယ်။ ဝါဝါလိုပဲ ဘဝရော၊ အသက်ပါ ရင်းနှီးခဲ့ရတဲ့ အမျိုးသမီးတွေ ရှိသလို အသက် မဆုံးရှုံးပေမယ့် စိတ်ပိုင်းရုပ်ပိုင်း လူလုံးမလှအောင် နှိပ်စက်ခံခဲ့ရတဲ့ အမျိုးသမီးငယ်တွေ မနည်းလှပါဘူး။
အဲဒီထဲမှာ ဒီလ ၂၁ ရက်နေ့ကမှ တရုတ် အာဏာပိုင်တွေက မူဆယ်လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အဖွဲ့ဆီ လွှဲပေးခဲ့တဲ့ အမျိုးသမီး ၆ ယောက်အနက်က မန္တလေးမြို့က တက္ကသိုလ်ကျောင်းသူ ၂ ယောက်လည်း ပါဝင်ပါတယ်၊
မူဆယ်ဒေသခံ တယောက်က "သူတို့တွေရဲ့ အသက်တွေကတော့ လူအများ စိတ်ဝင်စားမယ့် ၁၈ နှစ်ကနေ ၂၂ နှစ်ကြား အရွယ်လေးတွေပါ။ လူကုန်ကူးခံရတဲ့ အမျိုးသမီး အများစု ခံရသလိုပါပဲ။ အလုပ်အကိုင် ပေးမယ်ဆိုပြီး လူပွဲစားတွေက ဖျားယောင်းသွေးဆောင် အခေါ်ခံခဲ့ရတာပါ။ လူပွဲစားတွေကတော့ လားရှိုး ရပ်ကွက် ၇ ကပါ။ အခုတော့ ဖမ်းမိသွားပါပြီ။ ကွန်ပြူတာတတ်တော့ တရုတ်ပြည်မှာ ကွန်ပြူတာတတ်၊ အင်္ဂလိပ်စာတတ်ရင် တလ ကျပ် ၁ သိန်းခွဲ ပေးမယ်ဆိုပြီး လိမ်ခေါ်ခဲ့တာပါ" လို့ ပြောပြပါတယ်။
လားရှိုး-သိန်းနီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းအတိုင်း ခေါ်လာပြီး နယ်စပ်မှာ ယွမ် ၂ သောင်းနဲ့ တရုတ်ပြည်မြောက်ပိုင်း ဆင်းရဲတဲ့ အန်းဝေးပြည်နယ်က လူဆီ ရောင်းခဲ့ပါတယ်။ သူတို့ နှစ်ယောက်ဟာ အဲဒီပြည်နယ်မှာ နေခဲ့ရတာ ၉ လလောက် ကြာခဲ့ပါတယ်။ ရောက်စကနေ ၃ လလောက်အထိ အဲဒီမှာ ကုန်ပစ္စည်းတွေ ရောင်းသလို တနေရာနဲ့တနေရာ လှည့်လည် ရောင်းစားတာကို ခံခဲ့ရပါတယ်။
၃ လလောက်အကြာမှာ သူတို့နှစ်ယောက်ကို ဝယ်ယူပြီး ပေါင်းသင်းမယ့် ဖူးစာရှင် လင်ယောက်ျားနှစ်ယောက် ပေါ်လာပါတယ်။ တယောက်က ဆွံ့အမျက်မမြင်၊ နောက်တယောက်က အသက် ၆ဝ ကျော်အရွယ်။ ဘာမှ မတတ်နိုင်ပါဘူး။ တစုံတယောက်ဆီကနေ အကူအညီ ရနိုင်တဲ့ နေရာလည်း မဟုတ်ပါဘူး။ ဒီလိုနဲ့ပဲ ကြုံကြိုက်သူနဲ့ပဲ ၆ လလောက် ပင်ပန်းဆင်းရဲစွာ နေထိုင် ဖြတ်ကျော်ခဲ့ရတယ်။
ကိုယ့်ရပ်ကိုယ့်ဌာနေနဲ့ ဝေးကွာတဲ့ ကမ္ဘာ့နေရာတခုမှာ မတူညီတဲ့ ရာသီဥတုကြမ်းတမ်းမှုဒဏ်၊ လူမှုဝန်းကျင် မတူညီမှုတွေ အပါအဝင် ဆင်းရဲတဲ့ ပြည်နယ်ဖြစ်တဲ့အပြင် ဆန်မစားရဘဲ ဂျုံကိုပဲ စားရတဲ့အတွက် စားရေးသောက်ရေးကအစ ခက်ခဲစွာ ရင်ဆိုင်ခဲ့ရပါတယ်။
အဖိုးအိုအရွယ်ကို လင်လုပ် ပေါင်းသင်းရတဲ့ သူကတော့ အလိုမတူတာကြောင့် ညအိပ်စက်ချိန်တိုင်းမှာ နှိပ်စက်ညဉ်းပန်းတာ ခံရပါတယ်။ ဆေးလိပ်မီးနဲ့ ကျောပြင်တခုလုံးကို အထိုးခံရပြီး ဦးခေါင်းမှာလည်း အရိုက်ခံထားရတဲ့ ဒဏ်ရာ ၂ ချက် ရှိထားပါတယ်။ ရုပ်ရည် လှပသူလေးမို့ လင်လုပ်သူ အဖိုးအိုက မဖောက်ပြန်ရလေအောင်ဆိုပြီး ဆံနွယ် ၄ ကွက်ကြားပုံစံ ပုံပျက်ပန်းပျက် အညှပ်ခံရပါတယ်။
သူတို့ နှစ်ယောက် ကံကောင်းတယ်လို့ ဆိုရပါလိမ့်မယ်။ တခြား ရောင်းစားခံထားရတဲ့ မြန်မာ အမျိုးသမီးအများစုလည်း ကံကောင်းသွားပါတယ်။ မကြာခင်က ကျင်းပခဲ့တဲ့ တရုတ်ပြည် အိုလံပစ်ပွဲတော် အကြိုကာလအတွင်းမှာ တရုတ်အာဏာပိုင်တွေက စိစစ်မှုတွေ လုပ်လို့ တရုတ်ပြည်ထဲ ရောက်နေသူ မြန်မာအမျိုးသမီး ၁ဝဝ ကျော် တွေ့ရှိခဲ့တဲ့အထဲမှာ သူတို့နှစ်ယောက်လည်း ပါဝင်ခဲ့တာပါ။
အိုလံပစ်ပွဲတော်ကာလ စီမံချက်ကြောင့် အမိမြေပြန်ရမယ့် မြန်မာ အမျိုးသမီးတွေထဲမှာ ဖူးကျင့်ပြည်နယ်က တံငါသည်တွေဆီ ရောင်းစားခံခဲ့ရတဲ့ အသက် ၁၈ နှစ်နဲ့ ၃ဝ ကြား မြန်မာအမျိုးသမီး ၁၈ ယောက်လည်း နယ်စပ်ကို ရောက်နေပါပြီ။ သူတို့ကိုလည်း မကြာခင်မှာပဲ မူဆယ် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အဖွဲ့ဆီ လွှဲအပ်ခံရပါမယ်။
သို့ပေမယ့်လည်း မြန်မာ အမျိုးသမီးငယ်တွေ လူကုန်ကူးရောင်းစားခံရတာကို ကာကွယ်ဖို့ တာဝန်ယူ လုပ်ကိုင်နေရတဲ့ မူဆယ် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အဖွဲ့တွေဆီ နိုင်ငံတော်က မထောက်ပံ့နိုင်လို့ ငွေရေးကြေးရေး မပြည့်မစုံနဲ့မို့ ဒီအဖွဲ့ဝင်တွေ ငြီးငြူနေရတယ်လို့ နီးစပ်သူ ဒေသခံတွေကြား အပြောများကြပါတယ်။
လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေ ပြန်ရောက်လာချိန်မှာ စားသောက်စရိတ် မတတ်နိုင်လို့ မူဆယ် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အဖွဲ့က နီးစပ်ရာ ကုန်သည်တွေဆီ အလှူခံနေရတာရှိသလို အဝတ်အစား ထုတ်ပေးစရာ မရှိလို့ဆိုပြီး ရဲမေတွေရဲ့ ယူနီဖေါင်းတွေ ထုတ်ဝတ်ခိုင်းရတာမျိုးတွေလည်း ရှိပါတယ်။ လမ်းစရိတ် ပေးစရာမရှိလို့ မလိုအပ်ဘဲ နှစ်ဝက်လောက်အထိ ကြာသွားတာမျိုးလည်း ရှိနေတတ်ပြန်ပါတယ်။
No comments:
Post a Comment