Friday, October 31, 2008
ဤခရီး… နီးသလား
မဲဆောက်မှ အုန်းဖျန်သို့ ထွက်သည့် ခရီးသည်တင်ကားများက နေ့စဉ်နံနက် ၇-နာရီခွဲတွင် မဲဆောက်မှစ၍ ထွက်သည်။ တနာရီခြားတစီး ပုံမှန်ထွက်၏။ မွန်းလွှဲပိုင်း သုံးနာရီခွဲအထိ ရှိသည်။ လိုင်းကားများက `တိုယိုတာ ဟိုင်လက် ၅-ချိပ်`ကားငယ်လေးများ ဖြစ်သည်။ လမ်းက ….အတက်၊ အဆင်း၊ အကွေ့၊ အကောက်များ၏။ …..လှိုင်းလုံးကြီးများသဖွယ် …..။ စွေ့ခနဲ မြောက်၍ တက်သွားသည်လည်း ရှိ၏။ ပြီးလျှင် ….. ငြိမ့်ခနဲ ပြန်၍ ဆင်းပြန်၏။ တက်ရင်းနှင့် ကွေ့သည်။ ကွေ့ရင်းနှင့် ဆင်းပြန်၏။ မလွယ်…..။
မဲဆောက်မှ ၄၈-ကီလိုအထိမူ လမ်းက မြေပြင်ညီလမ်းဖြစ်သည်။ လမ်းကောင်း၏။ ၄၈-ကီလိုလွန်လျှင် လမ်းသည် တောင်ပေါ်သို့ တက်ပြီ။ အကွေ့အကောက် အဆင်းအတက်များအား ဖြတ်ရပြီ။
ယခင်ကမူ ဤလမ်းကြောင်း၌ ခရီးသည် အသွားအလာ မများလှ…..။ ၂၀၀၆ ခုနှစ် စက်တင်ဘာတွင် မဲဆောက် UNHCR ရုံး၌ အမည်စာရင်း တင်သွင်းထားကြသည့် မြန်မာနိုင်ငံသားများအား အုန်းဖျန် ဒုက္ခသည်စခန်းနှင့် နို့ဖိုး ဒုက္ခသည်စခန်းများသို့ PAB နှင့် UNHCR မှ ပို့ဆောင်ခဲ့သည့် နောက်ပိုင်းတွင်မူ ဤလမ်း၊ ဤခရီးသည် အသွားအလာ များလာခဲ့တော့သည်။ နောက်ပိုင်း PAB နှင့် UNHCR ၏ အစီအစဉ်နှင့် မဟုတ်ဘဲ မိမိဘာသာမိမိ ၀င်ရောက် နေထိုင်ကြသည့် သူများနှင့် …..ဤခရီးလမ်းက `သာ` ၍နေတော့သည်။
ကားဘေးသို့ `စံမလော့` နှစ်စီး ဆိုက်လာသည်။ `စံမလော့` ပေါ်မှ ပစ္စည်းများ ကားပေါ်သို့ တင်ကြသည်။ ပစ္စည်းများက များ၏။ အိမ်ထောင် ပြောင်းသကဲ့သို့ …..။ လူကလည်း များသည်။ ခလေးငယ်များက လေးယောက်၊ ဆယ့်သုံးနှစ် ဆယ့်လေးနှစ်အရွယ် မိန်းမငယ်များက သုံးယောက် ….။ ပြီးလျှင် ….အသက်လေးဆယ်ခန့် အမျိုးသမီးက နှစ်ယောက် …..။ ကားငယ်လေးအတွင်း လူပြည့်သွား၏။ သူတို့ကား …. အိန္ဒိယနွယ်ဖွား မြန်မာနိုင်ငံသား အစ္စလမ် ဘာသာဝင်များ ဖြစ်သည်။
လူပြည့်ပြီဖြစ်၍ ကားသည်ဂိတ်မှ စ၍ ထွက်သည်။ မိုးမရွာသဖြင့် ကားဘေးမိုးကာများအား လိပ်တင်ထားသဖြင့် လေ၀င်လေထွက် ကောင်း၏။ အ၀ိုင်းတခုအား ပတ်၍ ကားသည် အာရှလမ်းမပေါ်သို့ တက်သည်။ မြို့ပြ၏ လမ်းမများပေါ်မှ ဆင်ခြေဖုံး…..။ ကတ်ပိဘန်းရွာလေးအား ကျော်ခဲ့ပြီ။ ကတ်ပိဘန်းရွာက မဲဆောက်၏ အ၀င်အ၀ရွာငယ်လေး….။ မြို့နှင့်တဆက်တည်း ထိစပ်နေသည့်ရွာ….။ ကတ်ပိဘန်းလွန်လျှင်….မယ်ကု….။
ကားငယ်လေးအတွင်း၌ ထိုင်းလူမျိုး ခရီးသည်တဦးမျှမပါ။ အားလုံး မြန်မာပြည်သားများ….။ အုန်းဖျန် ဒုက္ခသည်သို့ သွားမည့်သူနှင့် နို့ဖိုးဒုက္ခသည် စခန်းသို့ သွားကြမည့်သူများသာ …..။ ကားပေါ်၌… နောက်ဆုံး တက်လာခဲ့ကြသည့် ခလေးတွေ အများကြီးနှင့် သူတို့ မိသားစုက စိတ်ဝင်စားစရာ။ သူတို့ အချင်းချင်းပြောနေသည့် စကားသံများအား နားစွင့်၍ နေမိတော့သည်။
`ညက ငါတို့အိပ်တဲ့အိမ်နဲ့ ကားဂိတ်… နီးနီးလေးကို စံမလော့သမားက လိုက်ပတ်နင်းနေပြီး နှစ်ရာတောင် တောင်းတယ်`
`အဒေါ်က ပေးလိုက်တာကိုး`
`ဟဲ….. မပေးလို့ ရမလား။ စံမလော့သမားက မပေးရင် ….ရဲကို အကြောင်းကြားလိုက်မယ်လို့ ပြောတာကိုး…..`
သူတို့အထဲမှ ၁၂-နှစ်အရွယ် ကောင်လေးနှင့် အသက်လေးဆယ်ခန့်ရှိ ခပ်၀၀ သားသည် မိခင်တို့ ပြောနေကြသည့်အား ကြားရ၏။
`နင်တို့က ဘယ်သွားကြမလိုလဲ….`
ကားပေါ်မှ အသက်ခြောက်ဆယ်ခန့်ရှိ အမျိုးသမီးကြီးတဦးက သူတို့အား စပ်စုလိုက်သည်။ ဤအမျိုးသမီးကြီးက နို့ဖိုး ဒုက္ခသည်မှ ဖြစ်သည်။ စခန်းသစ်ကျပြီး နို့ဖိုး ဒုက္ခသည်စခန်း စတည်ကတည်းက နို့ဖိုးတွင်ပင် နေလာခဲ့သည့်သူ….။ သူမသည်လည်း အိန္ဒိယနွယ်ဖွား မြန်မာပြည်သား အစ္စလမ် ဘာသာဝင်တဦးပင် ….။ နို့ဖိုးတွင် ဈေးဆိုင် တည်ထား၏။ သူ့ဆိုင်က …. ရေဒီယို၊ ကက်စက်၊ နာရီမှအစ အိုးခွက် ပုဂံအထိ ရောင်းသည်။ သူမသည်လည်း UNHCR အစီအစဉ်နှင့် တတိယနိုင်ငံ တခုသို့ ပြောင်းရွှေ့ အခြေချရန် စီစဉ်ထား၏။ အမေရိကန်က ငြင်းပယ်ခဲ့သဖြင့် သြစတြေးလျသို့ ခိုလှုံခွင့်ရရန် အဆိုပြုထားသည်။
`ကျမတို့က မုဒုံကပါ…. မနေ့ညကမှ မဲဆောက်ကို ရောက်တယ်။ မောင်က ဖုန်းဆက်ပြီး လှမ်းခေါ်လို့လေ…. မောင်နဲ့ အဆက်အသွယ် ပျက်နေတာကြာပြီ၊ ဆယ့်ငါးနှစ်လောက်တောင် ရှိပြီ။ သူတို့လည်း နိုင်ငံခြား သွားတော့မယ်။ နင်တို့လည်း သွားချင်ရင်လာ ဆိုတာနဲ့ လာခဲ့တာ …..။ သူက ကျမနဲ့ အတူတူ မုဒုံမှာ ဈေးရောင်းနေကြတဲ့ သူငယ်ချင်းတွေ ….။ သူကလည်း နင်တို့သွားရင် ငါလည်းလိုက်မယ် ဆိုတာနဲ့ နှစ်ယောက်သား ခလေးတွေခေါ်ပြီး ထွက်လာခဲ့တာ….`
ခပ်၀၀နှင့်အမျိုးသမီးက သူမ၏ဘေးတွင် ထိုင်နေသည့် ပိန်ပိန်နှင့် အမျိုးသမီးအား လက်နှင့်ပုတ်ရင်း ပြောသည်။ ပိန်ပိန်နှင့် အမျိုးသမီးက ခလေးငယ်အား ရင်ခွင်အတွင်း ပွေ့ချီထားရင်း …. ပြုံး၍ ခေါင်းညိတ်ပြသည်။
`ဒါ အားလုံးက ကျမ ကလေးတွေပဲ….သူ့ခလေးက ဒီနို့စို့တယောက်ပဲ….။ သူ့ယောက်ျားလည်း မရှိတော့ဘူး….. ကျမယောက်ျားလည်း ဘန်ကောက်တက်မယ် ဆိုပြီး ထွက်သွားတာ လေးငါးနှစ်ရှိပြီး ပြန်လည်း မဆက်သွယ်ဘူး…. ကျမတို့ဘာသာ လုပ်စားနေကြရတာ….`
`မုဒုံ…. ကားဂိတ်မှာ အကြော်ကြော်တယ်။ သူတို့တွေက ရောင်းပေါ့….`
ဝဝနှင့် အမျိုးသမီးက အပျိုဖော်ဝင်စ သမီး ၃-ယောက်ကို လက်ညိုးထိုးပြရင်း ပြော၏။ မုဒုံကားဂိတ်က စည်ကားသည့် ကားဂိတ်တခု ဖြစ်သည်။ မော်လမြိုင်၊ သံဖြူဇရပ်၊ ထားဝယ်လမ်းကြောင်းပေါ်၌ ရှိသည်။ ပြီးလျှင် ….တံခွန်တိုင်၊ ကြာအင်းဆိပ်ကြီး လမ်းပိုင်းသို့ ထွက်သည့် ကားများလည်း ဂိတ်ထိုးရာ ဖြစ်သည်။ ဤကားဂိတ်၌ သူတို့သည် အကြော်ကြော်၊ အကြော်ဗန်း ခေါင်းပေါ်တင်၍ လှည့်ရောင်းကြ၏။ ဤနည်းနှင့် …. ဤမုဆိုးမ၊ ဤတခုလပ်တို့သည် သားသမီး ခုနှစ်ယောက်၊ ရှစ်ယောက်အား ရှာဖွေ ကျွေးမွေးနေခဲ့ကြ၏။ ယခုမူ …. အားလုံးကို ထားရစ်ပြီး မောင်ခေါ်ရာ အရပ်ဆီသို့ ထွက်ခဲ့ကြပြီ…..။ မည်သည့်အရပ်ဟူ၍ မသိ….။ မည်သို့ သွားရမည်နည်း….။ နေရာသစ်တွင် မည်သို့ အခြေချနေရမည်နည်း….။ မသိ….။ မောင်ခေါ်ရာသို့ လိုက်လာခြင်းမျှသာ ….။ သူတို့တွေအား မဲဆောက်တွင် လာရောက်ကြိုသည်က ဆယ်နှစ် နှစ်အရွယ် မောင်၏သား….။ သူမ၏တူ ….။
`ဘာလက်မှတ်ပါလဲ ….`
တယောက်က မေးသည်။ သူတို့က …. မနေ့က မြ၀တီမှ မဲဆောက်သို့ ဖြတ်ကူးခဲ့သည်။ နယ်စပ်ဖြတ်ကူးခွင့် လက်မှတ် အပြာရောင်ကဒ်လေးအား ထုတ်ပြသည်။ ဤကဒ်ပြားက မနေ့ကပင် သက်တမ်း ကုန်ဆုံး၍ သွားပြီ။ သုံး၍မရတော့….။ ဤလက်မှတ်နှင့်လည်း ဤလမ်းခရီးအား သွား၍မရ….။ သူတို့ ဘာမျှမသိကြ….။ ဤလမ်းခရီးတွင် ထိုင်းပုလိပ် ဂိတ်ပေါင်းများစွာ ရှိသည်။ ထိုင်းအာဏာပိုင် တယောက်ယောက်၏ ခရီးသွားခွင့် လက်မှတ် မပါလျှင် သွား၍ မရ…။ ဆွဲချထားလိမ့်မည်။ အချုပ်သို့ ပို့မည်။ ထိုင်းနိုင်ငံအတွင်း တရားမ၀င် ၀င်ရောက်မှုနှင့် ရုံးတင်မည်။ အနည်းဆုံးတော့ ၁၂-ရက် ထောင်ချခြင်း ခံရမည်။ ပြီးလျှင်မူ …. မြ၀တီသို့ ပြန်ပို့မည်။ ဤသည်တို့အား သူတို့ သိပုံမရ….။ကြောက်ကြောက်ရွှံရွှံတော့ ဖြစ်နေပုံရသည်။ မျက်ဝန်းများအတွင်း စိုးရွှံမှုများအား တွေ့ရ၏။ အရှေ့တွင် …. မယ်ကုရွာအ၀င်ရှိ ပုလိပ်ဂိတ်အား ဖြတ်ရမည်။ ကားသည် `ဘွန်ချိုင်း` အထည်ချုပ်စက်ရုံအား ကျော်ဖြတ်ခဲ့ပြီ။ `ဘွန်ချိုင်း` စက်ရုံလွန်လျှင် …..`မယ်ကု`….ဂိတ်။ မယ်ကုဂိတ်က လမ်း၏ လက်ယာဖက်တွင် ရှိသည်။ ယာဉ်ကြော၏ လက်ယာယာဉ်ကြော၌…..။ ကားက လက်ဝဲဖက်ယာဉ်ကြောမှ မောင်းလာ၏။ လက်ဝဲဖက်ယာဉ်ကြောမှ ကားများအား စစ်လျှင်မူ ပုလိပ်နှစ်ယောက်၊ သုံးယောက်သည် ပုလိပ်ဂိတ်၏ မျက်နှာချင်းဆိုင်ရှိ ဗံဒါပင်အောက်၌ ခုံများနှင့် ထိုင်စောင့်၍ စစ်ကြ၏။ မိုးရွာလျှင်မူ သူတို့မထွက် ….။
ကားသည် အရှိန်အား လျော့လိုက်၏။ ဂိတ်အရှေ့ ယာဉ်ကြောတွင် ချထားသည့် သံဆူးကြိုး တံတိုင်းငယ်များအတွင်း ကွေ့၍ ကောက်၍ မောင်းဝင်နေသည်။ ကောင်းကင်သည် ချက်ချင်းပင် ရေအိုးအား သွန်ချလိုက်သကဲ့သို့ ….. မိုးရွာချလိုက်သည်။ ဗံဒါပင်အောက်၌ ပုလိပ်များမရှိ….။ သံဆူးကြိုး တံတိုင်းငယ်များအား လွန်လေပြီ….ကားအရှိန်အား မြှင့်လိုက်၏။
သူတို့အားလုံး သက်ပြင်းရှည်အား ချလိုက်ကြသည်။ မယ်ကုဂိတ်တော့ လွန်ပြီ…..။
`တဂိတ်တော့ လွန်သွားပြီ၊ အုန်းဖျန်အထိဆိုရင် အရှေ့မှ ပုလိပ်ဂိတ် ၃-ဂိတ် ကျန်သေးတယ်….`
ကားအတွင်း စကားသံများ ပြန်၍ ထွက်လာသည်။ အသက်ရှုသံတို့ ပြန်၍ မှန်လာကြပြီ။ မယ်ကုဂိတ် အနားဖြတ်ခါနီးချိန်၌ ရေအိုးမှောက်ရွာချခဲ့သော မိုးသည် ချက်ချင်းပင် တိတ်၍ သွားပြန်သည်။
`အရှေ့မှာ `ကြာလေခို့` ပုလိပ်ဂိတ်ရှိတယ်။ အရမ်းဆိုးတယ်။ …. လက်မှတ်မပါလို့ကတော့ အတင်းဆွဲချတာပဲ …။ ... ပိုက်ဆံများများ မတွေ့စေနဲ့ ``
အသက်ကြီးကြီး အစ္စလမ် အမျိုးသမီးကြီးက သူတို့တတွေအား ပြောနေသည်။
`မုဒုံမှာရှိတဲ့ အိမ်လေးရောင်းလာတာ…. သုံးသိန်းလောက် ရတယ်။ အဲ့ဒါ အကြွေးလေးဘာလေး ဆပ်ပြီး နှစ်သိန်းလောက်တော့ ပါလာတယ်။ ကားခနဲ့…..ပြီးတော့ ….မှတ်ပုံတင်မရှိတော့ တလမ်းလုံးကားတခါရပ်၊ တယောက်ကို တထောင်ပေးလိုက်နဲ့ မြ၀တီရောက်တော့ …..တသိန်းနဲ့ သုံးသောင်းပဲ ကျန်တော့တယ်။ အဲ့ဒါလေးကို ဘတ်ငွေလဲပြီး လာခဲ့တာ….``
ပြောရင်း ….. ခပ်၀၀ အမျိုးသမီးသည် ဘတ်ငွေတထောင်တန်လေး နှစ်ရွက်အား ချွေးခံအင်ကျီအတွင်းလိပ့်၍ ထိုးထဲ့နေ၏။
ကားသည် `ဖုတ်ဖမြို့`လမ်းခွဲသို့ လွန်ခဲ့လေပြီ။ ဖုတ်ဖလမ်းခွဲအား လွန်လျှင် …..နာမည်ကြီးသည့် `ကြာလေးခို့`ပုလိပ်ဂိတ်…..။ မိုးကမသည်း…..ဖွဲဖွဲနှင့်သာ စွေနေသည်။ ကားဘေးရှိ မိုးကာများ ချထားသဖြင့် ပတ်ဝန်းကျင်အား မမြင်ရ….။ ကား၏ အနောက်ပိုင်း…. မှတဆင့် ကျော်ဖြတ်ခဲ့ပြီးသည့် ပတ်ဝန်းကျင်ကိုသာ တွေ့ရ၏။ အရှေ့ကိုမူ မတွေ့ရ….။ `ကြာလေးခို့` ဂိတ်က လမ်း၏ လက်ဝဲဖက်တွင် ရှိသည်။ လမ်းမကြီးက အသွားလမ်း၊ အပြန်လမ်း…. နှစ်လမ်းမောင်း လမ်းမကြီး ဖြစ်သည်။ ယခုသွားနေသော ယာဉ်ကြောလမ်းက လက်ဝဲဘက် ယာဉ်ကြောမှ ဖြစ်သည်။ ပုလိတ်ဂိတ်နှင့် တဖက်တည်း….။ မိုးက ထင်သလောက်မသည်း….။ ပြိုပါတော့လား မိုးရယ်….။ ကားသည် တဖြည်းဖြည်း`ကြာလေးခို့`ဂိတ်နှင့် နီးလာပြီ။ သုံးမိစ်…. နှစ်မိနစ်… တမိနစ်…. စက္ကန့် ၆၀… စက္ကန့် ၅၀….။ ကားအရှိန်က လျော့ချလိုက်ပြီ….။ စက္ကန့် ၃၀….။ စက္ကန့် ၂၀….။ ဘရိတ်နင်းလိုက်သဖြင့် ကားသည် တန့်ခနဲ ရပ်သွား၏။ ဇက်ကြိုးအား သတ်လိုက်သကဲ့သို့ ….။ သူတို့သည် တခုခုအား တတွက်တွက်နှင့် ရွတ်နေကြ၏။ `သံဗုဒ္ဒေ`ဂါထာကဲ့သို့ ကိုရမ်ကျမ်းလာ…. အန္တရာယ်ကင်း ကျမ်းစာ တပုဒ်ပုဒ် ဖြစ်ပါလိမ့်မည်။
ပုလိပ်များ….နှစ်ယောက် သို့မဟုတ် သုံးယောက် ထီးဆောင်း၍ ကားဆီသို့ လာကြလိမ့်မည်။ ပြီးလျှင် …. ကားပေါ်တတ်၍ ထိုင်ပြီး ခရီးသွားလက်မှတ်များအား စစ်ဆေးကြမည်။ လက်မှတ် မပါသည့်သူများအား ဆွဲချမည်….။ ဖမ်းမည်။ ငွေတောင်းမည်။ ငွေပေးနိုင်လျှင်မူ….။
စက္ကန့်ငယ်တို့၏ ရွှေ့လျာမှုသည် နှေးကွေးလှပေစွ….။ ခဏငယ်တို့ကား ကြာရှည်လှပေစွ….။ ကားအနောက်၌ အရိပ်တစ်ခု ၀င်လာ၏။ သွားပြီ….။ သံလွင်ရောင် ဂျာကင်ထားသည့် ထိုင်းအမျိုးသားတယောက်။ ဘောင်းဘီ၏ အရောင်ကမူ ပုလိပ်တို့ ၀တ်သည့် ယူနီဖောင်းအရောင်မဟုတ် ….။ အဖြူရောင် ပျောက်ကျားဘောင်းဘီ….။ ထီးကိုပိတ်ပြီး ကားပေါ်သို့ တက်သည်။ သူတို့တွေထဲမှ ဆယ်သုံးလေးနှစ်အရွယ် အပျိုမငယ်လေးတဦးအား ထိုင်းလို ပြောနေ၏။ လက်မှတ်တောင်းတာ နေမှာပါ။ အားလုံးပြူးကြောင်ကြောင်နှင့် ကြောင်နေကြသည်။ ထိုင်းလို ထပ်ပြောပြီး လက်ဟန်ခြေဟန်နှင့် နေရာနည်းနည်း ဖယ်ပေးဖို့ ပြသည်။ သိလိုက်ရပြီ။ သူထိုင်ဖို့နေရာ ရွှေ့ခိုင်းခြင်း ….။ သူလည်း ခရီးသည်….။
ကားသည် …. ဂီယာထိုးပြီ `ကြာလေးခို့` ဂိတ်အရှေ့မှ ထွက်သည်….။ လွတ်ပြန်ပြီ…. တဂိတ်။ ကြာလေးခို့လွန်လျှင် အရှေ့၌ ကီလို-၄၈ တဂိတ်သာ ကျန်တော့၏။ ထိုဂိတ်က သိပ်ပြီး အစစ်အဆေးမရှိ….။ ဤသို့ သိထားခဲ့ကြ၏။ ကားငယ်လေးအတွင်း စကားသံများပြန်၍ ဝေစီလာသည်။
`နင်တို့ တတွေ ကံကောင်းတယ်။ ဘာလက်မှတ်မှ မပါဘဲနဲ့ လာကြတာ….ဒီဂိတ်က မစစ်လို့ ….စစ်လို့ကတော့ နင်တို့အားလုံး ဆွဲချခံထိမှာပဲ …..နင်တို့ကို စိတ်ပူပြီး ငါလည်း နင်တို့အတွက် တချိန်လုံး စိတ်ထဲကနေပြီး စာဖတ်နေရတယ်``
နို့ဖိုးသို့ သွားမည့် အသက်ကြီးကြီး အမျိုးသမီးကြီးက ဆိုသည်။ သူမသည်လည်း အစ္စလမ်ဘာသာဝင် တဦးဖြစ်သည်။ သူမပြောသည့် စိတ်ထဲကနေပြီး စာဖတ်နေတယ် ဟူသည်မှာ ကိုရမ်ကျမ်း စာတပုဒ်ပုဒ်အား ရွက်ဖတ်နေခြင်းအား ပြောတာဖြစ်မည်။
ခပ်၀၀နှင့် သားသည်အမေက …``ကျမတို့လည်း ဒီမလာခင် ….မုဒုံမှာကတည်းက ဒီခရီး…ဒီခရီးသွားမယ်။ အလ္လာခွင့်ပြုပါဆိုပြီး အလ္လာဆီမှာ ခွင့်တောင်းလာတာ….``
သူတို့ အားလုံး၏ မျက်နှာများက ပျော်ရွှင်၍ နေကြသည်။ ပေါ့ပေါ့ပါးပါး….။ သားရဲတွင်း အတွင်းမှ လွတ်လာသည့် ယုန်သူငယ်များလို….။ တောင်တန်းများနှင့် နီးလာ၍လား မသိ…..။ ရာသီသည် ပြောင်းလဲ၍လာသည်။ မိုးစဲသွားသော်လည်း ကောင်းကင်သည် လင်းလင်းထင်ထင်မရှိ….။ အေးစိမ့်မှုက ချည်းနှင်း၍ ၀င်လာပြီ။ ယူကလစ်ပင်များက ကားလမ်း၏ ၀ဲယာတွင် အုပ်အုပ်ဆိုင်းဆိုင်း….။ အဝေးမှ တောင်တန်းကြီးများက မြင့်မြင့်မားမား….။ အထပ်လိုက်….အထပ်လိုက်….။ ညို့ညို့မှိုင်းမှိုင်း….။ မှုန်မှုန်ဝါးဝါး….။ မြေသားအရောင်သည် ပတ္တမြားသွေးလည်းမကျ….သံချေးရောင်….။ မိုင်တိုင်များအား တခုပြီး၊ တခု ဖြတ်ကျော်၍သွားသည်။ ကီလို ၄၀….။ ကီလို ၄၂……. ၄၅….. ၄၆…. ၄၇ …။ ၄၈ ကီလို ပုလိပ်ဂိတ်နှင့် နီးလာသော်လည်း ….သူတို့တတွေ၏ စိုးရိမ်မှုက `ကြာလေးခို့`ဂိတ်လောက် မပူလောင်…..။ အရင်ကလည်း ဤဂိတ်က သိပ်၍ စစ်ဆေးသည့် ဂိတ်မဟုတ်….။ အပေါ့အလေး ဆင်းသွား၍ ရသည်။ တောင်ပေါ်သို့ မတက်မှီ နောက်ဆုံးဂိတ်….။ တခါတလေတွင်မူ ပုလိပ်တယောက်တလေ ထွက်လာပြီး ကားအား လှည့်၍သာ ကြည့်သည်။ မေးမြန်း စစ်ဆေးသည်မျိုးက မရှိ….။
ကားသည် ၄၈-ကီလို ပုလိပ်ဂိတ် အရှေ့၌ ထိုးရပ်လိုက်သည်။ ၄၈-ကီလို ပုလိပ်ဂိတ်က ယူကလစ်ပင်များ အောက်၌ အရိပ်ခို၍ နေသည်။ အချို့က ကားပေါ်မှဆင်း၍ အပေါ့အပါး သွားကြသည်။ ခလေးများနှင့်သူတို့ မိသားစုသာ ကားပေါ်၌ ကျန်ခဲ့ကြ၏။ ပုလိပ်တယောက်သည် ဂိတ်တဲလေးအတွင်းမှ ထွက်လာပြီး ကားအား လှည့်ပတ်ကြည့်၏။ ပြီးလျှင် ….. ဆယ့်သုံးလေးနှစ်အရွယ် မိန်းမငယ်လေးများအား လက်မှတ် တောင်းကြည့်၏။ မိန်းမငယ်များက ထိုင်းလို ပြောသည်အား နားမလည်….။ ကျီးကြည့် ကြောင်ကြည့်…. ကြည့်နေကြသည်။ ပုလိပ်က သူတို့အား ကားပေါ်မှ ဆင်းခိုင်းသည်။ ခလေးငယ်များကိုလည်း မေး၏။ လက်မှတ်က မရှိ….။ ခလေးများအား ဆင်းခိုင်းပြန်သည်။ ပိန်ပိန်နှင့် သားသည် အမေသည်လည်း နို့စို့အရွယ် ကလေးငယ်အား ရင်တွင်ပွေ့ချီရင်း …. ကားအောက်သို့ ဆင်းပြန်သည်။ တယောက်ကိုမေးလည်း ထိုင်းစကား နားမလည်…..။ လက်မှတ်တောင်းလျှင်လည်း လက်မှတ်ကမရှိ….။ တယောက်တလေလည်းမဟုတ်….။ အားလုံးပေါင်း ၉-ယောက်….။
သွေးဆုတ်၍ ဖြူရော်ရော် ဖြစ်နေသော ထိုင်းပုလိပ်၏ မျက်နှာသည် အရောင်တမျိုး ပြောင်းလာသည်။ နောက်ဆုံး ကျန်နေသည့် ခပ်၀၀နှင့် အမျိုးသမီးအား ကားပေါ်မှ ဆင်းခိုင်းသည်။ အမျိုးသမီး၏ ၀ဖိုင့်သော ခန္ဓာနှင့် ကားမူး၍ သူမ၏ ရင်ခွင်တွင် လဲနေသော ခလေးကြောင့် ချက်ချင်း ကားပေါ်မှ မဆင်းနိုင်….။ ထိုင်းပုလိပ်သည် ဒေါသ ထွက်လာ၏။ အမျိုးသမီး၏ေ ကျာကုန်းအား တဘုန်းဘုန်း ရိုက်နှက်ပြီး ဆင်းခိုင်းနေ၏။
ကျန်ခရီးသည်များက မျက်နှာ လွှဲထားလိုက်ကြ၏။ မြင်နေရသည့် မြင်ကွင်းက စိတ်မသက်သာစရာ…။ မတတ်နိုင်….။ သူတို့အားလုံးအား ၄၈ ကီလိုဂိတ်ရှိ အချုပ်ခန်းအတွင်း ထည့်လိုက်ကြသည်။ သူတို့၏ ပစ္စည်းများအား ကားပေါ်မှချ၍ ယူကလစ် ပင်ရင်း၌ပင် စုပုံထား၏။ ကျန်ခရီးသည်များ ကားပေါ်သို့ ပြန်၍ တက်ကြသည်။ ယူကလစ်ပင် အရိပ်မှ ကားငယ်သည် တဖြည်းဖြည်း လှိမ့်၍ ထွက်လာသည်။ ၄၈-ကီလို ရဲကင်းစခန်းက ယူကလစ်ပင် အရိပ်အောက်၌ ပုန်းခိုရင်း ကျန်ရစ်လေပြီ….။ ဤ ရဲကင်းစခန်း၏ အချုပ်ခန်းငယ်လေးအတွင်း၌ကား ….. သူတို့ မိသားစုများ…..။
ကားသည် တောင်တန်းကြီးများဆီသို့ အရှိန်နှင့် တိုးဝင်သွားနေ၏။ မြင့်မားသော တောင်တန်းကြီးများအား ကွေ့၍ … ၀ိုက်၍… ချိုး၍… တက်ရပေလိမ့်မည်။
ရွှေအိမ်စည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment