Wednesday, October 22, 2008

ရေးချောင်းဝသို့ ...


`စံခရဘူရီ` က ထိုင်း-မြန်မာနယ်စပ်ရှိ ထိုင်းဘက်မှ မြို့ငယ်လေး ဖြစ်သည်။ နယ်စပ်စည်း၏ မြန်မာဘက်တွင်မူ `ဘုရားသုံးဆူ` ရှိသည်။ ဘုရားသုံးဆူက ၁၉၉၀ ခုနှစ်အထိ လွတ်မြောက်နယ်မြေ ဒေသဖြစ်ခဲ့သည်။ ဟိုစဉ်က ဘုရားသုံးဆူတွင် မွန်ပြည်သစ်ပါတီ ရှိသည်။ KNU တပ်မဟာ ၆ ရှိသည်။ ပြီးလျှင် ….. ရှစ်လေးလုံး အရေးတော်ပုံ ကျောင်းသားတပ်ရင်းများ ရှိကြသည်။ ၁၉၉၀ နောက်ပိုင်း ဘုရားသုံးဆူကျပြီးနောက် …. ဘုရားသုံးဆူအား စစ်အုပ်စုမှ ကြာအင်းဆိပ်ကြီး မြို့နယ်အတွင်းရှိ တိုက်နယ်မြို့ငယ်လေးအဖြစ် သတ်မှတ်ခဲ့၏။

`စံခရဘူရီ` မြို့အ၀င်လမ်းက အခြားမြို့များနှင့်မတူ။ မြို့အား ၀င်သည်နှင့် `စံခရဘူရီ` သည် ချိုင့်ဝှမ်းအတွင်း ပြားပြားလေးဝပ်နေသည်အား မြင်ရသည်။ တောင်ထိပ်မှ ဆီး၍ မြင်ရသောမြို့ …..။ မြို့ငယ်သည် `ထပ်ခနုံ` ရေကာတာကြီး၏ အနားသတ်ကဲ့သို့ ဖြစ်နေသည်။ မြို့အ၀င်တောင်ထိပ်မှ ကြည့်လျှင် …. ရေပြင်ကျယ်နှင့် မြို့ရွာအိမ်ငယ်တို့သည် ထိထိစပ်စပ် ရောရောထွေးထွေး….။ ကားသည် တောင်ပေါ်မှ တောင်အောက်သို့ ဝှေ့ကာ ၀ိုက်ကာ ဆင်းလာသည်။ တောင်အကွေ့တွင် စံခရဘူရီအား မမြင်တွေ့ရ….။ တောင်ကမ်းပါးကြီးသာ တွေ့ရ၏။ မကြာ….။ ကားသည် တဖက်သို့ ကွေ့၍ ၊ ၀ိုက်၍ ဆင်းပြန်၏။ ဤတွင် ရေပြင်ကျယ်နှင့် စံခရဘူရီအား မြင်ရပြန်၏။ ကားသည် မတ်စောက်အကွေ့များမှ …..တဖြည်းဖြည်း ဆင်ခြေလျှောသို့ ….။ ထိုမှ မြေပြန့်…..။ မြေပြန့်လမ်းက ကျယ်သည်။ လမ်း၏ တဖက်တွင် ရေပြင် ….တဖက်တွင်မူ တောင်ယာကုန်းများ….။ လမ်း၏ ဘယ်ဘက်တွင် ပင်မလမ်းအား ဦးခိုက်ထားသည့် လမ်းမသွယ်အား တွေ့ရသည်။ ဆိုင်းပုဒ်ထောင်ထားသဖြင့် ….` ဘုရားသုံးဆူ သို့ ……` ….ဟူသည့်စာအား ဖတ်ရ၏။ ဤလမ်းမသွယ်က ဘုရားသုံးဆူသို့ သွားရာလမ်း….။ ကားသည် မြေပြန်လမ်းမကြီးအတိုင်း စံခရဘူရီမြို့သို့ ၀င်လာ၏။


(ခ)

စံခရဘူရီနှင့် ခလော့ခနီ ဒုက္ခသည်စခန်းက မော်တော်ကားလမ်း ပေါက်သည်။ စံခရဘူရီမှ ဟွေ့မလှိုင်းရွာငယ်အထိကမူ ကတ္တရာခင်းလမ်း ဖြစ်သည်။ ဟွေ့မလှိုင်း လွန်သည်နှင့် လမ်းက မြေနီလမ်း …..။ လမ်းကြမ်း၏။ `ဖိုးဝီး` များသာ သွားကြသည်။ ခလော့ခနီဒုက္ခသည်သို့ ရောက်ခါနီး တက်ရသည့် တောင်က မြင့်သည်။ မတ်စောက်သည်။ ယှက်အားကောင်းသည့် ကားများမှ တက်ရသည်။ ကျနော်တို့ စံခရဘူရီတွင် ကားပြောင်း၍ စီးကြသည်။ စံခရဘူရီနှင့် ခလော့ခနီက တနာရီခရီးခန့်သာ ရှိ၍ ခလော့ခနီသို့ အရောက်သွား၍ ညအိပ်ရန် စီစဉ်လိုက်ကြ၏။ ခလော့ခနီဒုက္ခသည်စခန်းသို့ မရောက်မီ ထိုင်း နယ်ခြားဂိတ်တခုကို တွေ့ရသည်။ ထိုင်းနယ်ခြားစောင့်တပ်လား …. ထိုင်းပြည်သူ့စစ်လားဟူ၍ မခွဲခြားတတ် ပြောက်ကျား စစ်ယူနီဖောင်းများအား ၀တ်ထားကြ၏။ ဂိတ်စခန်း၏ ဘေးတွင်မူ နယ်ခြားမှတ်တိုင် စိုက်ထား၏။ ဤနေရာတွင် နယ်ခြားစည်းက သဘာဝ အတားအဆီးမရှိ …..။ ထိုင်းနယ်ခြားစောင့်တပ်က ကျနော်တို့ ကားအား ခဏစစ်ဆေးပြီး သွားခွင့်ပြုလိုက်သည်။ ဂိတ်စခန်းအလွန်လမ်း၏ လက်ယာဘက်တွင် ဒုက္ခသည် အိမ်ငယ်များကို ကားလမ်းနှင့် ယှဉ်၍ ဆောက်ထားသည်ကို တွေ့ရ၏။ ကရင်ဒုက္ခသည်များ …..။ ခလော့ခနီ ဒုက္ခသည်စခန်း မဟုတ်သေး….။ `သောပ` ဒုက္ခသည်စခန်း ဖြစ်သည်။ အိမ်ခြေနည်းသည်။ ၁၉၉၇-၁၉၉၈ ခုနှစ်တွင်မှ အသစ်ထပ်ဖွင့်သည့် ဒုက္ခသည်စခန်း ဖြစ်သည်။

`သောပ` ဒုက္ခသည် စခန်းလွန်သည်နှင့် ဆန်ဂိုဒေါင်ကြီး ၂ လုံးကို တွေ့ရ၏။ ဂိုဒေါင်များအလွန် လမ်း၏ လက်ဝဲဘက်တွင်မူ …. ခလော့ခနီ ဒုက္ခသည်စခန်း …..။ ခလော့ခနီ ဒုက္ခသည်စခန်းက တောင်ကြောနှစ်ခုအကြား လျှိုပြန့်ငယ်အတွင်း ဆောက်ထားသည့် …. ရွာတန်းရှည်ကြီး ဖြစ်သည်။ ဒုက္ခသည်စခန်း တည်ထားသည်မှာ ကြာပြီဖြစ်၍ အခြေကျနေပြီ….။ လက်ဖက်ရည်ဆိုင်၊ ဗီဒီယိုရုံတို့နှင့် စည်ကား၏။ ဈေးဆိုင်များမှာလည်း မြန်မာပစ္စည်း၊ ထိုင်းပစ္စည်း အစုံရသည်။ ခလော့ခနီ ဒုက္ခသည်စခန်းက မိန်းလမ်းမကြီးတခုသာ ရှိသည်။ အိမ်များက လမ်းမကြီးအား ခွ၍… ညှပ်၍ ဆောက်ထားကြသည်။ အချို့က တောင်စောင်းတွင် မြေညှိ၍ ဆောက်ထားကြသည်။

ကျနော်တို့ စီးလာသောကားသည် ဒုက္ခသည် လမ်းမကြီးအတိုင်း ဖြေးဖြေးမှန်မှန်ပင် မောင်းလာ၏။ ကျနော်တို့ တည်းမည့်နေရာက `ဘလက်ဒွန်ဖိုက်` တွင် ရှိသည့် မွန်ပြည်သစ်ပါတီ၏ မြို့နယ်ရုံးတွင် ဖြစ်သည်။ ခလော့ခနီနှင့် ဘလက်ဒွန်ဖိုက်က တဆက်တည်းပင် ဖြစ်သည်။ ဘလက်ဒွန်ဖိုက်က မြန်မာပြည်အတွင်းဘက် ပိုကျ၏။

ကျနော်တို့ ဘလက်ဒွန်ဖိုက်ရှိ မွန်ပြည်သစ် ပါတီ၏ မြို့နယ်ရုံးလေးသို့ ရောက်တော့ ….. နေညိုပြီ။ တောင်ကြားချိုင့်ဝှမ်းအတွင်း ဖြစ်၍လားမသိ ….။ နေညိုသည်နှင့် အေးစိမ့်မှုက သိပ့်သည်းလာသည်။ ရေပင် မချိုးနိုင်ကြတော့…..။ ကိုယ်လက်ဆေးကြောပြီး ညစာ စားကြ၏။ ကျနော့်အဖို့ …. မျောက်ချီးခါးဟင်းကို ပထမဦးဆုံး စားဖူးခြင်းဖြစ်သည်။

ချီးခါးဆိုသော်လည်း သက်ရုံမျှသာ ….။ လက်ဖက်နံ့ သင်းသင်းနှင့် မျောက်ချီးခါးဟင်းက ….. အသားတမျိုးမျိုးအား လက်ဖက်နှယ်၍ ချက်ထားသည်နှင့်ပင် တူတော့၏။

မနက်ဖြန် ဆက်ရမည့်ခရီးက ခြေလျင်ခရီး ….။ တောင်အတက်အဆင်း ရှိသည်။ ၃ ရက်ခန့် သွားရမည်ဟု ဆိုသည်။ ညဥ့်နက်သည်နှင့် အအေးက စိမ့်၍ ပိုအေးလာသည်။


(ဂ)

တောင်က မြင့်မား၍ မဟုတ်။ မတ်စောက်သဖြင့် တက်ရသည်မှာ ခက်ခဲ၏။ လမ်းက လူတကိုယ်စာ သွားသာရုံမျှသာ။ မိုးရွာထားသည့်အတွက် မြေလမ်းက ချော၍နေသည်။ လှေကား ထောင်တက်ရသလို မတ်စောက်လွန်းလှသည်။ လမ်းဘေးရှိ ၀ါးပင်များအား လက်မလွှတ်ရဲ။ ဆွဲပြီး တက်ရသည်။ ကျော၌ပိုးထားသော ကျောပိုးအိတ်၏ အလေးချိန်ကြောင့် ပြန်၍ လန်ကျမသွားအောင် သတိထားတက်နေရသည်။ မိုးက ဖွဲဖွဲရွာလာပြန်သည်။ မိုးစက်တို့က ချွေးတို့နှင့် ရောသွားသည်။ ကျောပိုးအိတ်နှင့် ကျောပြင်ထိနေသည့် နေရာ၌ ချွေးတို့သည် စိုရွှဲ၍ အေးစက်နေသည်။ စောင်ပါးတထည်၊ ပုခက်တလုံး၊ အ၀တ်အစား အပိုနှစ်စုံ၊ ဆေးဝါးအချို့နှင့် စာအုပ်စာတမ်း အနည်းငယ်သာ ပါသော ကျောပိုးအိတ်သည် ပခုံးပေါ်၌ လွယ်ထားရသည်မှာ လေးလွန်းလှသည်ဟု ထင်ရသည်။ ပစ်ချလိုက်ချင်၏။ အသက်ရှူရသည်မှာ မ၀။ လေတွေ နည်းကုန်ပြီဟု ထင်မိသည်။ နှလုံးခုန်သံကို ကြားရသည်မှာ မီးရထားတစီး ရင်ဘတ်ပေါ် ခုတ်မောင်းနေသလားဟု ထင်မိသည်။ အဆုတ်သည် ညှစ်ရလွန်း၍ ပေါက်ကွဲထွက် သွားမည်ကိုပင် စိုးရိမ်မိသည်။ ပါးစပ်ကို "ဟ" ပြီး အသက်ရှုကြည့်၏။ နည်းနည်းသက်သာသလို ထင်ရသည်။

ဝါးရုံပင်ကို ကိုင်ပြီး အနောက်အောက်ဘက်သို့ လှည့်ကြည့်တော့ ----- ဦးဗိုလ် (ဦးဗိုလ်သောင်း၊ အန်အယ်လ်ဒီ ယင်းမားပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) သည် ခါးစောင်းခန့်ရှိသော လမ်းဘေးရှိ သစ်ငုတ်တိုကို မှီပြီး ပါးစပ်ကို "ဟ" ၍ အသက်ကို ရှူနေသည်။ ချွေးတို့က ရွှဲနစ်နေသည်။ ကျနော့်အား ခေါင်းခါပြ၏။ မလွယ်ဘူး ဆိုသည့်သဘော----။ ကျောပိုးအိတ်အား နည်းနည်း နေရာရွှေ့ပြင်ပြီး ဆက်တက်၏။ လမ်းက ပိုချောလာသည်။ ခြေညှပ်ဖိနပ်ဖြင့် ခြေကုတ်မမြဲ။ ချောနေသည်။ ခြေညှပ်ဖိနပ်အား ချွှတ်ပြီး လက်ကောက်ဝတ်တွင် စွတ်ထားလိုက်သည်။ ခြေမနှင့် မြေအား ကုတ်၍၊ ကုတ်၍ တက်မှ တက်၍ရသည်။ လက်ကလည်း လမ်းဘေးအပင်များကို လက်မလွှတ်ရဲ။ တပင်ပြီး တပင် ဆွဲပြီး တက်ရသည်။ မလွယ် -----။

တောင်ကြောပေါ်သို့ ရောက်တော့ ကျနော်တို့ တက်ခဲ့သည့် လူသွားလမ်းသည် ကားလမ်းမကြီးနှင့် ပေါင်းသွားသည်။ ကားလမ်းမ ဆိုသော်လည်း ကျောက်ခင်းလမ်းမဟုတ်။ မြေမာလမ်းပင်ဖြစ်သည်။ စံခရဘူရီ၊ ခလော့ခနီ၊ ရေးကားလမ်းဖြစ်သည်။ မိုးအခါတွင် သုံးမရ။ နွေနှင့် ဆောင်းတွင်သာ အသုံးပြု၍ရသော ကားလမ်းဖြစ်သည်။ တောင်ကြောပေါ်မှ ကြည့်လျှင် ကျနော်တို့ မနက်ကထွက်ခဲ့သည့် `ဘလက်ဒွန်ဖိုက်` ရွာလေးအကို တွေ့ရသည်။ ခလော့ခနီနှင့် ဘလက်ဒွန်ဖိုက် ဒုက္ခသည်စခန်းက တောင်ကြောနှစ်ခု၏ အကြားတွင် တည်ထားသော ရွာတန်းရှည်ရွာများဖြစ်သည်။ သက်ကယ်မိုး သဲပွတ်ကာ သဲပွတ်ခင်း ဒုက္ခသည် အိမ်ကလေးများက ကားလမ်းအား ခွပြီး အစီအရီ ပြွတ်သိပ်၍ ဆောက်ထားကြသည်။ အချို့က တောင်စောင်း မြေပြန့်ပြန့်တွင် ကပ်၍ ဆောက်ထားကြသည်။

ဤနေရာတွင်မူ ထိုင်း-မြန်မာနယ်စပ်က ပထ၀ီသတ်မှတ်ချက် သိသိသာသာဖြင့် စည်းခြားမထား။ မြ၀တီ-မဲဆောက်ကဲ့သို့ သောင်းရင်းမြစ်က နယ်စမ်မျဉ်းအဖြစ် ရှိမနေ။ မြေကြောတစပ်တည်း ဖြစ်နေသည်။ ခလော့ခနီဒုက္ခသည် စခန်း၏ အရှေ့တောင်ဘက်တွင်မူ တောင်တန်း ညိုညိုစိမ်းစိမ်းများကို တွေ့ရသည်။ ထိုနေရာတွင် ဘုရားသုံးဆူရှိသည်။ ခလော့ခနီဒုက္ခသည်စခန်းမှ လမ်းလျှောက်သွားလျှင် ဘုရားသုံးဆူသည် နာရီဝက်ခရီးခန့်သာရှိမည်။ ယခင်က ဘုရားသုံးဆူသည် မွန်ပြည်သစ်ပါတီ၊ ကရင့် အမျိုးသားအစည်းအရုံးနှင့် ကျောင်းသားတပ်မတော် တပ်ရင်းများ ခြေကုတ်ထိုင်ခဲ့သည့် နယ်စပ်စခန်းတခု ဖြစ်ခဲ့သည်။

၁၉၈၉ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် ၈ လေးလုံး တနှစ်ပြည့် အခမ်းအနားအား ဘုရားသုံးဆူစခန်း၌ ကျင်းပသည်။ မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ဆိတ်နို့ ကိုယ်တိုင် တက်ရောက်ပြီး စကားပြောသည်။ စကားပြောစင်မြင့်ပေါ်မှာပင် စကားပြောရင်း နိုင်ဆိတ်နို့ နှလုံးသွေးကြောရပ်ပြီး ကွယ်လွန်ခဲ့၏။ မှတ်မှတ်ရရပင်။ ယခုမူ ဘုရားသုံးဆူစခန်းအား န၀တ စစ်တပ်မှ သိမ်းယူထားခဲ့ပြီး မြို့နယ်တခုအဖြစ် နအဖ၏ စစ်အုပ်ချုပ်ရေးအောက်တွင် ရောက်နေလေပြီ။

ကျနော်တို့ ခဏနားပြီး ဆက်တက်လာခဲ့ကြသည်။ လမ်းက ကားလမ်းဖြစ်၍ လျှောက်ရသည်မှာ သက်သက်သာသာ ရှိသည်။ ဖိနပ်စီး၍ ပြန်လျှောက်လို့ ရပြီ။ လမ်းကျယ်၍ မြေမာကို ရွေးပြီး ခြေချလို့ရသည်။ တက်လျှင်လည်း ဖြေးဖြေးချင်း မော့တက်သွားသည်။ ဆင်းလျှင်လည်း ဆင်ခြေလျော ----- ။ ပြေပြေပင် ---။ တောင်ပေါ်ကားလမ်းဖြစ်၍ တောင်အား ပတ်ဖောက်ထားသည်။ လမ်း၏ လက်ယာဘက်တွင်က တောင်ကမ်းပါးအား ဖြိုချထားသည့် မြေသားများကို တွေ့ရသည်။ အရောင်က နီညိုညို -----။

ဝါးရုံကြီးများက ကြီးမားလှသည်။ ၀ါးပင်များက ရှည်လည်းရှည်သည်။ ပေ ၁၀၀-၁၅၀ ထိပင် ရှိမည်။ ကွေး၍ ညွှတ်နေကြသည်။ တရုံနှင့် တရုံ ယှက်ထိုးနေကြသည်။ လမ်း၏ လက်ဝဲဘက်တွင်မူ တောင်စောင်း ချောက်ကမ်းပါး -----။ ကမ်းပါးက နက်ရှိုင်းလှသည်။ စိမ်စိမ်းအုပ်အုပ် သစ်ပင်များနှင့် -----။ အဝေးတွင်မူ တောင်တန်းများက အထက်လိုက်၊ အထက်လိုက် ----။ အချို့က စိမ်းညိုညို --- အချို့က ပြာလဲ့လဲ့----။ မြူလား မီးခိုးလား မသိ။ အူထွက်နေသည်။ ဤတောင်တန်းများက တနင်္သာရီတောင်တန်းများလေလား။ မပြောတတ်။

အရှေ့မှ နွားအုပ်ကြီးတအုပ် တက်လာသည်ကို တွေ့ရသည်။ နယ်စပ်ကို ဖြတ်ကျော်မည့် နွားများ။ နွားအကောင်ရေ ၅၀ ခန့်ရှိမည်။ နွားထီးများက အများစုဖြစ်သည်။ ရေးမှ တက်လာသော နွားများဖြစ်သည်။ အချို့နွားများက ခြေနာ၍ ထော့ကျိုးထော့ကျိုးနှင့် သွားနေကြသည်။ အချို့နွားက သွားရင်းနှင့် နွားထီးအချင်းချင်း မိတ်လိုက်ဖို့ ကြိုးစားနေသေးသည်။ သားသတ်ရုံသို့ သွားနေရသော သူတို့၏ ခရီးကို မသိကြ။ နွားမောင်းလာသည့် နွားကုန်သည်တဦးအား မေးကြည့်၏။

"ချမ်းတိုက် ရွာနီးပြီလား"

ကျနော်တို့ ဒီည ချမ်းတိုက်တွင်ပင် ညအိပ်ကြမည်။ ချမ်းတိုက်ရောက်တော့ ညနေ ၆ နာရီခန့်ပင် ရှိမည်။ တနေ့လုံး လျှောက်ထားရသည့်အတွက် ပေါင်တွေက တောင့်နေပြီး၊ ခြေသလုံးကြွက်သားများက တင်းနေသည်။ မိုင် ၃၀ ခရီးကို လျှောက်ခဲ့ရကြောင်း ခန္ဓာကိုယ်က သက်သေခံနေသည်။


No comments: