Saturday, October 18, 2008

မြန်မာသံရုံးများနှင့်ဒေသခန့်(ခေါ်) လိုကယ်ဝန်ထမ်း

သံတမန်တဦး

မြန်မာပြည်အတွက် ကိုယ်စားပြုသော နိုင်ငံတကာရှိ ဖွင့်လှစ်ထားသော မြန်မာသံရုံးများတွင် ဒေသခန့် (ခေါ်) local staff များနေရာတွင် မြန်မာနိုင်ငံသားများ တဖြည်းဖြည်းဝင်ရောက် လုပ်ကိုင်လာသည်မှာ များပြားလာသည်ကို တွေ့ရသည်။

ဒေသခန့် (ခေါ်) local staff များကို ယခင်က သက်ဆိုင်ရာနိုင်ငံ၏ ဘာသာစကားကျွမ်းကျင်သူ ယင်းနိုင်ငံသားများကိုသာ ခန့်ထားလေ့ ရှိသည်။ မဆလ ခေတ်ကဆိုလျှင် မြန်မာသံရုံးများတွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ၀န်ထမ်းများမှအပ ကျန်ဝန်ထမ်းများသည် သက်ဆိုင်ရာ နိုင်ငံသား (သို့) ယင်းနိုင်ငံတွင် နေထိုင်သော တခြားနိုင်ငံသားများသာ ရှိကြသည်။ ယခုနအဖလက်ထက်တွင် မြန်မာ သံရုံးများ၌ မြန်မာနိုင်ငံသား (ပြည်ပရောက်) များပါ ၀င်ရောက်လုပ်ကိုင်လာသည်မှာ များစွာရှိသည်။

ထိုကဲ့သို့ မြန်မာနိုင်ငံသားများ ၀င်ရောက်လုပ်ကိုင်လာသည်နှင့်အမျှ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ဖြင့် စေလွှတ်ထားသော အဆင့်ဆင့်သံအရာရှိ/အရာထမ်းများ အချင်းချင်းသွေးကွဲပြီး လုပ်ငန်းတာဝန်များ မှားယွင်းခြင်း၊ လစ်ဟင်းခြင်း၊ လာဘ်လာဘစားသုံးခြင်း၊ အချင်းချင်း မသင့်မမြတ်ဖြစ်ခြင်းများကို တွေ့ရှိရသည်။

သံရုံးအကြီးအကဲဟုဆိုသည့် သံအမတ်ကြီးများကလည်း ဖြုတ်ဦးနှောက်နှင့် အသက်ရှင်နေသည့်အလား မစဉ်းစား မဆင်ခြင်ဘဲ လက်လွတ်စပယ် ဖြစ်ချင်တိုင်းဖြစ်နေသည်မှာ ထိုဒေသခန့်များ ခန့်ထားသည့် နိုင်ငံတိုင်းတွင်ရှိသော မြန်မာသံရုံးများတွင် ဖြစ်ပျက်နေသည်ကို တွေ့ရသည်။

ယင်းဒေသခန့် မြန်မာနိုင်ငံသားများသည် ဦးတည်ချက်၊ ရည်မှန်းချက်မရှိဘဲ အခြေမဲ့သူ ကြောင်ဖားများဖြစ်ပြီး ၎င်းတို့ပြည်ပထွက်လာစဉ်က မည်သည့်ရည်ရွယ်ချက်ကြောင့် ထွက်လာသည်ကို မသိရသော်လည်း ပြည်ပထွက်လာသူများ နည်းတူ တန်းတူလုပ်ရန် အရည်အချင်းမရှိသောကြောင့် မြန်မာသံရုံးသို့ ၀င်ရောက်လာခြင်းဖြစ်သည်ကို တွေ့ရသည်။

ထိုသို့ဝင်ရောက်လာပြီး မိမိနေရာရစေရန်အတွက် သံအမတ်ကြီှးမှအစ အဆင့်ဆင့် သံအရာထမ်းများကို မမှန်သတင်း အချက်အလက်များပေးပြီး တဆိတ်ကို တအိတ်လုပ်ကာ ပုံပြင်သဖွယ်ဖန်တီးပြီး စည်းရုံးနိုင်ခဲ့သလို အရက်ကြိုက်သူကိုအရက်၊ မိန်းမကြိုက်သူကို မိန်းမ၊ လောင်းကစားကြိုက်သူကို လောင်းကစား၊ ပိုက်ဆံ၊ ပစ္စည်းမျိုးစုံဖြင့် စည်းရုံးကာ ၀င်ရောက်မွှေနှောက်နေသည်ကို တွေ့ရသည်။

ယင်းအဖြစ်အပျက်များ မှန်သည်မှားသည်ကို တာဝန်ရှိပုဂ္ဂိုလ်များလေ့လာပါက ထို့ထက်ပိုဆိုးသည့် အခြေအနေများကိုပါ တွေ့ရှိရမည်ဖြစ်သည်။ မည်သည့်သံရုံးတွင် မည်သို့ဖြစ်နေသည်ကိုလည်း အသေးစိတ်လေ့လာစေလိုကြောင်း စေတနာနှင့် အသိပေးပါသည်။


No comments: