Sunday, October 19, 2008

ခေါင်းမာမှုနှင့် သည်းခံမှု ခြားနားချက်

သျှမ်းသံတော်ဆင့်

သည်းခံခြင်း (သို့) ခန္တီတရားသည် ခေါင်းဆောင် အကြီးအကဲတို့တွင် ရှိရမည့် ကျင့်စဉ်တရပ် ဖြစ်၏။ သည်းခံမှုရှိသော ခေါင်းဆောင်ကား တရားဓမ္မ လက်ကိုင်ထားသူ ဖြစ်သည်။

နိုင်ငံ့ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိဘဲနှင့် အာဏာရာထူးတည်မြဲရေးအတွက် စွဲလန်းဖက်တွယ်ရန်သာ ကြိုးစား ကြံစည်ကြသူများကိုမူ ခန္တီတရားရှိသူထက် အရေထူခေါင်းမာသူ မိစ္စာ ဒိဌိအဖြစ် သံသယရှိရပေမည်။

သည်းခံခြင်း (သို့) ခန္တီတရားဆိုသည်မှာ မိမိ၏ပကတိ သဘာ ၀ စိတ်နေစိတ်ထားကို ထိန်းသိမ်းနိုင်သည့်အနေ အထားဖြစ်၏။ မိမိ မလိုလားမနှစ်သက်သည့် အချင်းအရာအမှုကိစ္စ၏ ထိပါးရိုက်ခတ်မှုကို မည်သို့ပင်ခံစားရပါစေ၊ မလှုပ်မရှားမလွှင့်မပါး၊ ခိုင်မာလေးနက်စွာရပ် တည်နိုင်ခြင်းဖြစ်၏။

မိမိအပေါ်ဝေဖန်ထောက်ပြမှု၊ ဖိအားပေးတိုက်တွန်းမှု၊ ထိပါး ဂယက်ရိုက်ခတ်မှုအပေါ်မခံမရပ်နိုင်ဘဲ နေ့စဉ်နှင့်အမျှ ရှူးတူးရှဲတဲ တုန့် ပြန်တတ်ခြင်းသည် သည်းခံခြင်း၊ ခန္တီတရားနှင့် လားလားမျှမအပ်စပ် မလျော်ညီ ဆန့်ကျင်ဖီလာ ဖြစ်၏။ ခေါင်းမာစွာ မာန်မာနထောင်လွှား ခြင်းသာ ဖြစ်သည်။

ခေါင်းမာမှုဆိုသည်မှာအဘယ်နည်း။ အနက်အဓိပ္ပါယ်ဖွင့်ဆိုရ လျှင် - နားထောင်နာယူခြင်း၊ လက်ခံစဉ်းစားခြင်း၊ လက်ကမ်းကြိဆိုခြင်းအလျဉ်းမရှိ၊ ထက်မြက်လိမ္မာမှုနတ္ထိဖြစ်၏။ ထို့ထက်မက မတည်ငြိမ် ခြင်း၊ ကျွတ်ဆတ်ခြင်း၊ အပူအအေးဓါတ်မခံစားနိုင်ခြင်း၊ နူးညံ့သိမ်မွေ့မှု မရှိခြင်း၊ အရေထူခြင်း၊ မျက်နှာပြောင်တိုက်ခြင်း၊ ဟီရိသြတပ္ပကင်း မဲ့ခြင်း စသည်များစုဝေးနေသော နေရာဖြစ်၏။ ခေါင်းမာမှုကို မောက်မာခြင်းဟုလည်း ခေါ်ဆိုနိုင်သည်။ အရေထူ ခေါင်းမာခြင်းသည် အကျင့်ပါစွဲမြဲ သော စရိုက်ဆိုးဖြစ်သည်။

လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တနိုင်ငံလုံးပြည်သူ များအနှစ် ၂၀ ကျော်ကြာ အော့နှလုံးနာ၊ ရွံရှာမုန်းတီး နာကျည်းစက် ဆုပ်နေသည်ကို မသိချင်ယောင်ဆောင်ခြင်း၊ မသိကျိုးကျွန်ပြုခြင်းသည် အရေထူမှုဖြစ်၏။ လယ်သမား၊ အလုပ်သမား လက်လုပ်လက်စား လူတန်းစားမရွေး ကျေးလက်မြ့ပြ၀န်ထမ်းလောက ခပ်များများက ဒင်းတို့အား မလိုလား ဖယ်ရှားတွန်းလှန်ပစ်ရန် ကြံစည်ကြိုးပမ်းသည် ကိုအကြမ်းဖက်နှိပ်ကွပ်ခြင်းသည် ခေါင်းမာမိုက်မဲမှုဖြစ်၏။

စစ်အာဏာရှင်စနစ်ပြောင်းလဲပစ်၊ စစ်အာဏာရှင် ယန္တယားဖယ်ရှားပစ်၊ ဒီမိုကရေစီတိုင်းပြည်သစ်ထူထောင်၊ လူထု ဆန္ဒအကောင် အထည်ဖေါ်ဟု ကြွေးကြော်တောင်းဆိုကြသည်ကို မျက်စိစုံမှိတ် အခွင့် အရေးပိတ်ပင်နေခြင်းကား၊ သေနတ်အားကိုး မင်းဆိုးမင်းညစ်တို့၏ကျင့်စဉ် စရိုက်ဉာဉ်ဖြစ်တော့သည်။ ဒင်းတို့၏ အရေထူခေါင်းမာမှု၊ မိုက်တွင်း နက်မှုသည် သည်းခံခွင့်လွတ်မှု ခန္တီတရားနှင့် လားလားမျှ မသက်ဆိုင်၊ ကိုယ်ချင်းစာမှုနှင့် အလျဉ်းမျှ အကြုံးမ၀င်၊ ကောင်းကင်နှင့် မြေလွှာပမာ ဖီလာဆန့်ကျင်ဖြစ်တော့သည်။

၁၉၈၈ စက်တင်ဘာ ၁၈ ရက်စစ်တပ်မှတတိယမ္ပိအာဏာသိမ်း ခဲ့ပြီးနောက်ပိုင်း ဆယ်စုနှစ် ၂ ခု ကာလအတွင်း ဗိုလ်သန်းရွှေ စစ်အုပ်စု ဓါးမိုးအုပ်ချုပ်မှုကို အချို့တပ်မတော်အရာရှိများ လက်သင့်မခံဘဲ ပြုပြင် ပြောင်းလဲစေလို၏။ ဗိုလ်မှူးကြီးအေးမြင့်၊ ဗိုလ်မှူးကြီးစိုင်းဝင်းကျော် ၊ ဗိုလ်မှူးဇော်ထွန်း၊ ဗိုလ်မှူးအောင်လင်းထွဋ် စသည့် တပ်မတော်အရာ ရှိ အနည်းစုက ကမ္ဘာ့ဒီမိုကရေစီရေစီးကြောင်းနှင့်အညီ အရှိအတိုင်း အမှန်အတိုင်း တွေးခေါ်မျှော်မြင်တတ်ကြ သော်လည်း နအဖထိပ်သီး များနှင့် ဗမာစစ်တပ်အရာရှိအချို့မှာ သည်းခံမှုနှင့်အရေထူခေါင်းမာမှုကို ခွဲခြားသိမြင် တတ်ခြင်းမရှိကြသေးပေ။

အကြောင်းမှာ ၀မ်းဗိုက်အပါအ၀င် ခန္ဓာကိုယ်အစိတ်အပိုင်း အားလုံးအပေါ် ဦးနှောက်က ဦးဆောင်ကွပ်ကဲရမည့် အစား၊ ဒင်းတို့၏ဦးနှောက်ကို ဒင်းတို့၏၀မ်းဗိုက်နှင့်အိတ်ထောင်(ပိုက်ဆံအိတ်) က ဦးဆောင်စေခိုင်းနေသော ကြောင့်ဖြစ်၏။ ဤသို့ဖြင့် သည်းခံခွင့်လွှတ်ခြင်း ကိုယ်ချင်းစာတတ်ခြင်းထက် အရေထူခေါင်းမာခြင်းက ၎င်းတို့ အတွေး အမြင်အယူအဆအပေါ် လွှမ်းမိုးခြယ်လှယ် ချုပ်ကိုင်နေခြင်းဖြစ်သည်။

သည်းခံခွင့်လွှတ်ကိုယ်ချင်းစာမှုနှင့် အရေထူခေါင်းမာမှု၊ ဤ သဘောတရားနှစ်ခုကို ဗိုလ်သန်းရွှေစစ်အုပ်စု နားလည် သဘောပေါက် မှု မရှိမချင်း၊စဉ်းစားဝေဖန်ခွဲခြမ်း စိတ်ဖြာတတ်မှုမရှိမချင်း၊ ဗမာပြည်တွင်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှု သည်လည်း ခက်ခဲရှည်ကြာ သံသရာ လည်နေဦးမည်ဟု မြင်ယောင်မိပါကြောင်း။


No comments: