Thursday, October 23, 2008

ကျီးတို့ ပြိုသော ည ...

မင်းဆွေသစ်



(၁)

နာမည်အရင်းက ဦးကိုကိုကြီးပေမယ့် အရပ်ထဲတွင်တော့ သူ့အား ဦးမောင်ကိုဟုသာ လူသိများ၏။ စက်ရုံအတွင်းတွင်မူ သူ့အား ဘွိုင်လာမောင်ကိုဟု ခေါ်ကြသည်။ သူကား …… ဘီလင်းဇာတိမဟုတ်… ပျဉ်းမနားသား ဖြစ်သည်။ ဘီးလင်းသကြားစက် စလည်သည့် အချိန်တွင် ပျဉ်းမနား သကြားစက်မှ ၀န်ထမ်းအချို့အား ဘီးလင်းသို့ ပို့သည်။ ဤအထဲတွင် ဦးမောင်ကို ပါလာ၏။ ထိုစဉ်က …. ဦးမောင်ကို၏ အသက်မှာ ၃၅-နှစ်ခန့် ရှိလိမ့်မည်။ အိမ်ထောင်မကျသေး…..။ တရွာသား လူပျိုကြီး…..။


ဘီးလင်းသကြားစက်က ဘွိုင်လာအား မီးထိုးရာတွင် ထင်းနှင့် ကြံဖတ်အား မျှ၍သုံးသည်။ ဘွိုင်လာအတွက် လံပိုထင်းများအား နှစ်စဉ် `တင်ဒါ` ပေးပြီး ၀ယ်ရသည်။ လံပိုထင်းများ ၀ယ်ရင်း ဦးမောင်ကို `အရွှေ`နှင့် တွေ့ပြီး အိမ်ထောင်ကျသည်။ `အရွှေ`က ဦးမောင်ကိုထက် ဆယ့်ငါးနှစ်ခန့် ငယ်မည်။ ပအို့လူမျိုး…..။ ဒေါက်ရပ်ရွာမှ ဖြစ်သည်။ ဒေါက်ရပ်၊ ခဲမောက်၊ ရွှေရောင်ပြ၊ ရွာများက ဘီးလင်းသကြားစက် တည်ရာနှင့်သိပ်မဝေး…..။ စက်ဘီးနှင့် သွား၍ရသည်။ ကြံစိုက်ကြသည့် ကြံတောင်သူရွာများ…..။ ဦးမောင်ကို အိမ်ထောင်ကျပြီးနောက် လူပျိုဆောင်မှနေ၍ ၀န်ထမ်းအိမ်ထောင်သည်လိုင်းသို့ ပြောင်းနေသည်။ သကြားစက်ဝန်ထမ်း အိမ်ထောင်သည်လိုင်းက ရာထူးအဆင့်နှင့် အိမ်အဆင့်အတန်းအား ခွဲထား၏။ စက်ရုံမှူး၊ လက်ထောက်စက်ရုံမှူး ၊အင်ဂျင်နီယာချုပ်နှင့် ဌာနခွဲမှူးများက သကြားစက်နှင့် မျက်နှာချင်းဆိုင် နှင်းပုလဲ၊ ဘီးလင်းကားလမ်းဘေး ကုန်းမြင့်ပေါ်တွင် ရှိသော အိမ်ယာများတွင် နေကြ၏။ အိပ်ခန်းသုံးခန်းပါသည့် တထပ်တိုက်ပုလေးများ ဖြစ်သည်။ ၀င်းနှင့်ခြံနှင့်……။ အလုပ်ရုံစုမှူးများက နှစ်ခန်းတွဲ တထပ်တိုက်ပုလေးများနှင့် ဖြစ်သည်။ အိပ်ခန်းက နှစ်ခန်းပါ၏။ အလုပ်ရုံစိပ်မှူး ဖိုမင်ကြီးများက နှစ်ခန်းတွဲ ပျဉ်းထောင်အိမ်များနှင့် ဖြစ်သည်။ အလုပ်ရုံစုမှူး အိမ်ယာများနှင့် မျက်နှာချင်းဆိုင်…..။အလယ်တွင် နှင်းပုလဲ၊ဘီးလင်းကားလမ်းက ခြားထား၏။ အလုပ်ရုံစိတ်မှူး ဖိုမင်ကြီးများ၏ အိမ်ယာအနောက်ဖက်တွင်မူ ကျွမ်းကျင်အဆင့် အလုပ်သမားများ၏ အိမ်ယာများ…..။အလုပ်ရုံစိတ်မှူး ဖိုမင်ကြီးများ၏ အိမ်ယာတန်းနှင့် ဖင်ချင်းဆိုင်၍ ထားသည်။ ဦးမောင်ကို အိမ်ထောင်ကျသည့် အခါတွင် ….. ဖိုမင် မဖြစ်သေး။ ဘွိုင်လာဌာန၏ ကျွမ်းကျင်အဆင့် လုပ်သားမျှသာ …..။ ထိုစဉ်က …. အိမ်ထောင်သည်လိုင်းများ နည်းသဖြင့် ကျွမ်းကျင်အဆင့် လုပ်သားတို့အတွက် တအိမ်ထောင် အိမ်ခန်းတခန်းမရ….။ အိမ်ထောင်သည် နှစ်စုပေါင်း၍ နေကြရသည်။ ညားခါစ ဇနီးမောင်နှံ အိမ်ထောင်တွဲများ ဖြစ်ပါက အကြောင်းမဟုတ်….။ သားသမီးများနှင့် အိမ်ထောင်တွဲများ ဆိုပါမူ ပြဿနာရှိပြီ……။

အခန်းကျဉ်းလေးအတွင်း တွဲနေရင်းနှင့်ပင် ဦးမောင်ကို ခလေးနှစ်ယောက် ရခဲ့၏။ နှစ်ယောက်စလုံး သားများပင် ဖြစ်သည်။ သားနှစ်ယောက်က နှစ်နှစ်ကြီး နှစ်နှစ်ငယ်များ…..။ `အရွှေ`တတိယ ကိုယ်ဝန်ဆောင်နေသည့် အချိန်တွင် တွဲနေကြရသည့် သကြားစက် ၀န်ထမ်း မိသားစုများအား စက်ရုံမှူးမှ အိမ်ယာမြေကွက်များ ချပေးသည်။ စက်ရုံနှင့် နီးစပ်သည့်အတွက် စက်ရုံပိုင်မြေဟု ဆိုသော်လည်း မြေစာရင်း ဦးစီးရုံး၏ မှတ်ပုံတင်မှုအရ `စားကျက်မြေ` များ ဖြစ်သည်။ ၈၀ × ၆၀ မြေကွက်များ ရိုက်ပေး၏။ အိမ်ခြံကွက်ပေါင်း (၇၂) ကွက် ရှိသည်။ ဦးမောင်ကိုရသည့် မြေကွက်က စက်ရုံဘောလုံးကွင်းအား မျက်နှာမူထားသည့် အတန်းတွင် ဖြစ်သည်။ ဦးမောင်ကိုခြံ၏ ခေါင်းရင်းဖက်အကွက်က ဦးတင်ညွှန့်၏ အကွက် ဖြစ်သည်။ ဦးတင်ညွှန့်က ကြိတ်လုံးဌာနမှ ကျွမ်းကျင်အဆင့် (၂) လုပ်သားတဦး ဖြစ်သည်။ ဦးတင်ညွှန့်က မဆလခေတ်တွင် စံပြလုပ်သားကောင်းဆုရဖူး၏။ စံပြလုပ်သားကောင်းဖြစ်၍လားမသိ ဦးတင်ညွှန့်အကွက်က ၈၀×၆၀ နှစ်ကွက်စာမျှ ကျယ်သည်။ ဦးမောင်ကိုမြေကွက်၏ ခြေရင်းဖက်အကွက်က ဦးကျင်ဟုတ်၏ အကွက်ဖြစ်သည်။ ဦးကျင်ဟုတ်က ချိန်မှတ်ဌာနမှ ဖြစ်သည်။ ဦးကျင်ဟုတ်က အလုပ်ဆင်းရသည်ထက် ဘောလုံးကန်နေရသည်သာ များသည်။ အမှတ် (၁) စက်မှုဝန်ကြီးဌာန ဒုတိယတန်းတွင် ကန်သည်။

မြေကွက်များချပေးပြီး …..အိမ်ဆောက်ရန် စက်ရုံကပင် ချေးငွေထုတ်ချေး၏။ ၁၉၈၄-၀န်းကျင်က ၃၀၀၀ ကျပ်သည် သက်ကယ်မိုး၊ ၀ါးထရံကာ သဲပွတ်ခင်း အိမ်တလုံး ဆောက်၍ ရသည်။ မီးကိုမူ စက်ရုံမှ လျှပ်စစ်မီးလိုင်းသွယ်ပေး၏။ ရေက ခြံအတွင်း တွင်းတူး၍ သုံးကြသည်။ ဤကွက်သစ်အိမ်လေးတွင်ပင် ဦးမောင်ကို၏ ဇနီးအရွှေသည် တတိယမြောက် ကိုယ်ဝန်အား မွေးဖွားခဲ့သည်။ သားနှစ်ယောက်အောက်က သမီး….။ သမီးကြီး `ဘုတ်ဆုံမ`သည်ပင် ယခု အသက် ၂၃-၂၄ နှစ်ရှိပြီ။ အိမ်ထောင်ကျပြီး သူ့အိုးသူ့အိမ်နှင့် ဖြစ်၍နေလေပြီ….။ ဦးမောင်ကို သားသမီးများက ပညာရေးတွင် ညံ့ကြ၏။ `ဘုတ်ဆုံမ`က လေးတန်းနှင့် ကျောင်းထွက်လိုက်သည်။ အလတ်ကောင် မြတ်ကိုကလဲ ခြောက်တန်းနှင့်ပင် ကျောင်းထွက်ခဲ့ပြီး တပ်ထဲသို့ ၀င်သွားသည်။ အကြီးဆုံးတိုင်းကျော်က ရှစ်တန်းထိရောက်သည်။ တိုင်းကျော်က သကြားစက်တွင်ပင် ၀င်လုပ်၏။ ပထမ ရာသီချိန်လုပ်သား ….။ ရာသီချိန် လုပ်သားဘ၀နှင့်ပင် လေးငါးခြောက်နှစ်ကြာသည်။ နောက်မှ ….. ပါမင့်နှစ် ၀န်ထမ်းဖြစ်တော့၏။ တိုင်းကျော်က အိမ်ထောင်ပျက်ခဲ့ပြီးနောက် ….. နောက်အိမ်ထောင်ထပ်မပြုပဲ မိဘများနှင့်ပင် အတူနေ၏။

ဦးမောင်ကိုက ဤအိမ်ခြံလေးအတွင်း၌ပင် သားသမီးများပွားစီးခဲ့၏။ ကျွမ်းကျင်လုပ်သားဘ၀မှ အလုပ်ရုံစိတ်မှူးဖြစ်ခဲ့၏။ ၂၀၀၀ခုနှစ်တွင် ဖိုမင်ဘ၀နှင့် ဦးမောင်ကိုပင်စင်ယူခဲ့၏။ ပင်စင်ယူခါစက အငြိမ်းစားဘ၀နှင့် ဦးမောင်ကို အသားမကျ…..။ အငြိမ်းစားအလုပ်သမားအိုကြီးဘ၀နှင့် ဤအိမ်ခြံလေးအတွင်း နေခဲ့သည်မှာ ရှစ်နှစ်ပင် ပြည့်လေပြီ….။ ပင်စင်ထုတ်ငွေလေးအား ရင်းနှီးပြီး `အရွှေ` က အိမ်ဆိုင်လေးဖွင့်ထား၏။ အိမ်ဆိုင်လေးကပင် ပင်စင်စားအလုပ်သမားအိုကြီး၏ မီးဖိုချောင်စားစရိတ်အား ရှာပေး၏။

မြေကွက်ချ၊ အိမ်ဆောက်၊ ရေတွင်းတူးစဉ်က စိုက်ခဲ့သည့် အုန်း၊ သရက်၊ ပိန္နဲပင်တို့က အိမ်ဝင်းလေးအတွင်း အုပ်အုပ်ဆိုင်းဆိုင်းနှင့်…..။

ဤအိမ်ခြံလေးအတွင်းမှပင် ဦးမောင်ကိုသည် နေ့စဉ် အလုပ်ဆင်းခဲ့၏။ ဤအိမ်ခြံလေးအတွင်းမှ အလုပ်ဆင်းရင်း …..ကျွမ်းကျင်လုပ်သားဘ၀မှ အလုပ်ရုံစိတ်မှူး ဖြစ်ခဲ့သည်။ ပြီးလျှင် ….. သက်ပြည့် ပင်စင်ယူခဲ့၏။ ဤအိမ်ခြံလေးအတွင်းမှာပင် ခေါင်းချသွားရလိမ့်မည်ဟု ဦးမောင်ကို တွေးထားခဲ့၏။ ထင်ထားခဲ့မိ၏။


(၂)

ဦးမောင်ကို ခြံဝင်းအတွင်းရှိ ပိန္နဲပင်အရိပ်အောက် ကွပ်ပြစ်က ဦးမောင်ကိုကဲ့သို့ ပင်စင်စား သကြားစက် အလုပ်သမားအိုကြီးများ၏ ညနေခင်း လက်ဖက်ရည်ကြမ်း ၀ိုင်းဖွဲ့ ဆုံဆည်းရာအရပ် ဖြစ်သည်။

သူတို့၏ စကားဝိုင်းက ….. သားရေး၊ သမီးရေးကစ၍ …..နာဂစ်မုန်တိုင်းအကြောင်းလည်း ရောက်၏ ။ အမေရိကန် သမတအကြောင်းများလည်း ပါသည်။ မေ (၁၀) ရက် ရွေးကောက်ပွဲအကြောင်း ရောက်လျှင်မူ စကားသံများက တိုးသွားတတ်ကြသည်။ ကုန်ဈေးနှုန်းအကြောင်းပြောလျှင် …..

` ဟိုတုန်းများဗျာ ….ကုလားမချင်းတောင်းရွက် နို့ဆီတဗူးမှ တကျပ်၊ တကျပ်ဆယ်ပြား။ လက်တိုဂျင်နို့မှုန့်ဗူး ….ဗူးကြီးမှ တကျပ်ခွဲ…နှစ်ကျပ်….`

အခုတော့ဗျာ …. ဟူ၍ မချိတင်ကဲအသံကြီးနှင့် ဦးမောင်ကိုသည် ဟိုတုန်းက အခြေအနေအား လွမ်းနေတတ်ပြန်သည်။

သူတို့စကားဝိုင်း၌ ….ခေါင်းရင်းအိမ်မှ ဦးတင်ညွှန့်၊ ခြေရင်းအိမ်မှ ဦးကျင်ဟုတ်တို့က အမြဲပါနေကျ….။ တခါတခါ ဘောလုံးကွင်းအရှေ့စုမှ ဂန်ဂျာချစ်ဆွေကြီးလည်း လာတတ်သည်။ ဂန်ဂျာချစ်ဆွေကြီးက `ဒုံကာ` က ကတ္တားစာရေးကြီး ဖြစ်သည်။ ချစ်ဆွေကြီးနှင့် ဦးတင်ညွှန့်တို့က တနှစ်တည်းပင်စင်ယူခဲ့ကြသည်။ ဦးမောင်ကိုထက်မူ ၅-နှစ် ၆-နှစ်ခန့်ငယ်ကြမည်။ ဦးကျင်ဟုတ်က မနှစ်ကမှ ပင်စင်ယူခဲ့၏။ သူတို့အထဲ၌ ဦးကျင်ဟုတ်က အသက်အငယ်ဆုံးဖြစ်သည်။ ဘောလုံးသမားဖြစ်၍ ကျန်းမာရေးလည်းကောင်းသည်။

သူတို့၏လက်ဖက်ရည်ကြမ်းဝိုင်းက လုပ်သားအိုကြီးများ၏ ပင်စင်နာ ဝေဒနာအား ဖြည်ဆီးရာ ရစေ၏။

သူတို့ထဲ၌ ဦးတင်ညွှန့်က စကားပြောလည်းကောင်း၏။ နှံ့နှံ့စပ်စပ်လည်းရှိသည်။ မဆလခေတ်က စံပြလုပ်သားကောင်း ရထားသူဖြစ်၍ မဆလခေတ်နှောင်း၌ ပါတီကောင်စီနှင့် ၀င်ဝင်ထွက်ထွက်ရှိခဲ့၍ အာဏာပိုင်နိုင်ငံရေးအား လုပ်စားတတ်သည်။ ယခုလည်း ….ကြံ့ဖွတ်တွင် ဟိုပါ ၊ ဒီပါ လုပ်နေပြန်သည်။ သူလာလျှင်မူ …. သတင်းတခုခုတော့ ကြားရတတ်၏။

`သေချာသွားပြီ… ဦးမောင်ကို ကျနော်တို့ ဘီးလင်းသကြားစက်ကို အစိုးရက မြန်မာ့စီးပွားရေးဦးပိုင် လီမီတတ်ကို လွှဲပေးလိုက်ပြီဗျ ….. ညွှန့်ချုပ်က စက်ရုံမှူးဆီ အကြောင်းကြားတဲ့စာကို ကျနော်တွေ့ခဲ့ရတယ်`

ဦးတင်ညွှန့်သည် ကွပ်ပြစ်ပေါ်သို့ ၀င်ထိုင်ရင်း သူသိခဲ့သည့်သတင်းအားပြောသည်။ ဤသတင်းက ကြားနေကြသည်မှာတော့ လွန်ခဲ့သည့် လေးငါးလ ကတည်းက ဖြစ်သည်။ ယခုတော့ သေချာသွားပြီ။

`၂၀၀၈ ခုနှစ် စက်တင်ဘာလ (၁)ရက်နေ့မှာ လွှဲပြောင်းပေးရမယ်။ ၀န်ထမ်းတွေနဲ့ ပါတ်သတ်လို့တော့ …..အသက် ၅၅-နှစ်ခန့် ၀န်ထမ်းတွေကိုတော့ ထုတ်မယ်။ ရောကြေးလေး ဘာလေး ပေးမယ်ပေါ့ဗျာ ….။ ကျန်ဝန်ထမ်းတွေကိုတော့ ….အခြားစက်ရုံတွေကိုပြောင်းမယ်လို့ ကြားတာပဲ …..။ မပြောင်းနိုင်ရင်တော့ ထွက်ပေါ့ဗျာ….`

`နေပါဦးဗျ…. ပြောင်းတာတော့ ဟုတ်ပါပြီ၊ ဘယ်လိုအနေနဲ့ ပြောင်းရမှာလဲ….ဘီးလင်းသကြားစက်က အရင်တုန်းကတော့ဗျာ …..စက်မှု (၁) ၀န်ကြီးဌာနလက်အောက်က ၊ အခုတော့ လယ်ယာနဲ့ စိုက်ပျိုးရေးဝန်ကြီးလက်အောက်မှာ ….ဒီတော့ ဒီဝန်ထမ်းတွေက အစိုးရ၀န်ထမ်းအနေနဲ့ ၀န်ကြီးဌာန တခုခုရဲ့ လက်အောက်မှာပဲ ပြောင်းရွှေ့ရမှာလား…..ဒါမှမဟုတ်ဗျာ ….. ဦးပိုင် ကုမ္ပဏီလီမီတတ် ၀န်ထမ်းအနေနဲ့ သူ့လက်အောက်က အလုပ်ရုံ၊ စက်ရုံတွေကို ပြောင်းကြရမှာလား ….`

ဦးမောင်ကို သူ့သားတိုင်းကျော်အရေးနှင့်ဆက်စပ်ပြီး သူသိချင်သည်အားမေး၏။

ဦးပိုင်၏၀န်ထမ်းအဖြစ်နှင့် ပြောင်းရွှေ့ရလျှင် ….လုပ်သက်၊ လစာ၊ ပင်စင် ….လုပ်ငန်းခွင်အတွင်း အာမခံမှုနှင့် ခံစားခွင့်…..။ အတွေးများက သကြားစက်လုပ်သားဟောင်း ပင်စင်အိုကြီးများအတွက် အဖြေမရ….။ နှစ်ပေါင်းသုံးလေးဆယ်လုပ်ခဲ့ကြသည့် သူတို့၏စက်ရုံကြီး ဦးပိုင်လက်တွင် မည်သို့ စခန်းသွားမည်နည်း…..။ ဇေယျဝတီလိုတစဆီ ဖြုတ်၊ဖျက်ပြီး ရောင်းပစ်ကြလေမည်လား….မတွေးတတ်။ အတွေးနက်၍သာ နေလေ၏။ ကောင်းကင်၌ လျှပ်…..ပြက်နေသည်များအား မြင်နေကြရ၏။


(၃)

တော်သလင်းလဆန်းမှစ၍ သည်းနေသောမိုးသည် စဲသည်ဟူ၍မရှိ….။ မိုးကောင်းနေသဖြင့် ဦးမောင်ကိုတို့၏ ပိန္နဲပင်ရိပ်… လက်ဖက်ရည်ကြမ်းဝိုင်း မထိုင်ဖြစ်ကြသည်မှာ ဆယ်ရက်ပင်ကျော်ပြီ။ လေနှင့် မိုး ရော…ရောပြီး ရွာသဖြင့် အိမ်ထဲမှ အိမ်ပြင်ပင် မထွက်ဖြစ်ကြ။ အိမ်ထဲမှာပင် ကုတ်နေကြသည်။

` အကိုကြီးမောင်ကို ….ကျနော်တို့အားလုံးတော့ ဒုက္ခရောက်င်္ပြီနဲ့ တူတယ်ဗျာ ….`

ဦးတင်ညွှန့်သည် ဦးမောင်ကို၏အိမ် တံစက်မြိတ်အောက်တွင် ရပ်၍ ထီးကိုပိတ်ရင်း ဦးမောင်ကိုအား လှမ်းပြော၏။ သူ့အနောက်၌ ဂန်ဂျာချစ်ဆွေကြီးလည်းပါသည်။ သူ့မျက်နှာလည်း မကောင်း….။ ဘာဖြစ်သနည်း….။ သူတို့နှစ်ယောက်လုံး အိမ်ပေါ်သို့ တတ်လာကြသည်။ တိုတိုဝတ်လာသော လုံချည်အား ပြင်၍၀တ်သည်။ ဦးမောင်ကိုအနီး၌ ၀င်ထိုင်းရင်း ……။

` ဒီမှာ …..အကြောင်းကြာစာ ရောက်လာတယ်။ ကျနော်တို့ အခုနေ …နေတဲ့ အိမ် (၇၂)လုံးကို ၂၀၀၈ခုနှစ် အောက်တိုဘလ (၁၅)ရက်နောက်ဆုံးထားပြီး ဖယ်ပေးရမယ်တဲ့…. ဖျက်ပေးရမယ်တဲ့…..`

`ဗျာ`

ဦးမောင်ကို၏ရင်တွင်းမှ အသံတခု လည်ချောင်းတလျှောက်ဆန်တတ်ရင်း …ဗလုံးဗထွေးနှင့် ထွက်သွား၏။

ဥင်္ီးတင်ညွှန့်က အကြောင်းကြားစာအား ထုတ်ပြသည်။ ဦးပိုင်လီမီတတ်သည် ဘီးလင်းသကြားစက်အား ၂၀၀၈ခုနှစ် စက်တင်ဘာလ (၁)ရက်နေ့တွင် လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနမှ လွှဲပြောင်းရယူပြီး ဖြစ်သည်။ ဤအိမ်ခြံ (၇၂) လုံး သည် စက်ရုံပိုင်မြေပေါ်၌ ဆောက်ထားခြင်းဖြစ်သည်။ စက်ရုံပိုင်မြေ၌ ကျူးကျော်ဆောက်လုပ်ထားသည့်အတွက် ဤအိမ်ခြံ (၇၂) လုံး အား ၂၀၀၈ခုနှစ် ၊ အောက်တိုဘာလ (၁၅)ရက်နေ့ နောက်ဆုံးထား၍ ဖျက်သိမ်းပေးရမည်….။ အဆုံးတွင် မန်နေဂျင်းဒါရိုက်တာ ဗိုလ်မှူးချုပ်ဝင်းလှိုင်၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမီတတ် ဟူ၍ လက်မှတ်ထိုးထားသည်။ အကြောင်းကြာ စာချွန်တော်က ဤမျှသာ …..။ အားလုံးတိတ်ဆိတ်၍နေကြသည်။ တံစက်မြိတ်မှ ရေကျသံသည်သာ ခြံဝင်းအတွင်း အကျယ်လောင်ဆုံး…..။ သတ္တလောကကြီးတခုလုံးဆိတ်ငြိမ်သွားပြီးလား….။ ဆိတ်ငြိမ်မှုသည် အမှောင်ထုကဲ့သို့ ပိန်းပိတ်၍မှောင်နေသည်။

ဘယ်လိုလုပ်ကြမလဲ…..။ သူတို့သုံးယောက်၏မျက်လုံးများက တယောက်ကိုတယောက်ကြည့်ရင်းမေးနေကြသည်။ ရင်အတွင်းဗလောင်ဆူနေ၏။ ပေါက်ကွဲနေ၏။ အလိပ်လိပ် ပြိုကျနေလေပြီ…..။ ချောင်းဟန့်၏။ ချောင်းဟန့်သံနောက်မှ စကားလုံးများ လိုက်၍မလာ။ ချောင်းဟန့်သံသာ ထပ်၍ထွက်လာ၏။ သူတို့၏ရင်အတွင်း စကားလုံးများမဲ့သွားပြီးလား….။ စကားလုံးမရှိတဲ့ရင် ….။ မျက်ဝန်းများနှင့် ထပ်ပြောပြန်၏။

ဘယ်လိုလုပ်ကြမလဲ…..။

`ကျနော်တို့ နေပြည်တော်ကို သွားပြီး အသနားခံစာတင်မယ်ဗျာ….။ ပယ်ဖျက်ပေးရမယ့် ၇၂-အိမ်လုံးက လက်မှတ်ထိုးကြမယ်ဗျာ….`

ဦးမောင်ကိုက သူ့…အစီအစဉ်ကိုပြောပြသည်။ သူ့အသံက အက်ကွဲ၍နေသည်။


(၄)

ရပ်ကွက်ဓမ္မာရုံလေးတွင် ပယ်ဖျက်ပေးရမည့် ၇၂-အိမ်မှ သူများ စုဝေးကြ၏။ သူတို့အရေး၊ ၇၂-အိမ်၏နေရေး…..။ ဦးမောင်ကို၏အစီအစဉ်အား အားလုံးက သဘောတူကြသည်။ အသနားခံစာရေတင်ကြမည်။ အသနားခံစာတွင် မည်သည့်အကြောင်းအချက်များ ထည့်ရေးကြမည်နည်း….။ သူတို့ ဆွေးနွေးကြ၏။ စာကြမ်းရေးကြ၏။

`…… ကျနော်တို့သည် ဘီးလင်းသကြားစက်တွင် လက်ရှိတာဝန်ထမ်းဆောင်နေကြသည့် ၀န်ထမ်းများနှင့် ဘီးလင်းသကြားစက်မှ အငြိမ်းစားယူသွားခဲ့ကြသည့် ၀န်ထမ်းဟောင်းများဖြစ်သည်။ ဤအိမ်ခြံမြေများသည် ၁၉၈၄ခုနှစ် တွင် ဘီးလင်းသကြားစက် စက်ရုံမှူးမှ မြေကွက်ချပေးထားခဲ့သော မြေကွက်များဖြစ်ပြီး….. နှစ်စဉ် မြေစာရင်းရုံး၌ `မြက်ခွန်` များအား ပေးဆောင်၍ နေထိုင်ခဲ့ကြပါသည်။

အောက်တိုဘာ ၁၅-ရက်နေ့တွင် အိမ်ယာများအား ဖျက်သိမ်းခဲ့ပါလျှင် မိမိတို့၌နေစရာ ၊ မြေမဲ့၊ ယာမဲ့ အိုးအိမ်မဲ့အခြေသို့ ရောက်ရှိမည်ဖြစ်ပါသည်…..`

စာကြမ်းအား သေချာပြန်ရေးသည်။ ပြီးလျှင် ….အားလုံးစုပေါင်း၍ လက်မှတ်ထိုးကြ၏။

နေပြည်တော်သို့ အသနားခံစာပေးပို့လိုက်ကြ၏။ မကြာ …..။ နေပြည်တော်မှ အကြောင်းပြန်လာ၏။ နေပြည်တော် သဘောထားက …..တိုတိုနှင့်ရှင်းရှင်းပင် …..။

နေစရာမရှိလျှင် ….အချုပ်ထောင်ထဲ၌နေနိုင်သည်။ မြေလိုချင်ပါက ခြံထဲက မြေကို လောက်စာလုံး….လုံးပြီး ယူနိုင်သည်။

၁၅-ရက်နေ့တွင် ကိုယ့်အိမ်အား ကိုယ်ဖာသာ ကိုယ်မဖျက်ပါက မြေထိုးစက်နှင့်ထိုးမည်။ ကျသင့်သည့်ဆီဖိုးအား ပေးရမည်။


(၅)

သီတင်းကျွတ်….`လ` သည် နေ၀င်ညများအား တညပြီးတည ကူးဖြတ်ရင်း ….. ၀န်းပြည့်၍လာလေပြီ။ ကွပ်ပြစ်ပေါ်၌ ဦးမောင်ကိုသည် တယောက်တည်းထိုင်၍နေ၏။ ငြိမ်ငြိမ်သက်သက်….။ မျက်ဝန်းများက ငေးရီ၍နေသည်။ ရွှန်းလက်သောလရောင်သည် ပိန္နဲရွက်များကြားမှ ကွပ်ပြစ်ပေါ်သို့ ….။ လရောင်ထိုးသော နေရာသည်လင်း၍ …. အလင်းအမှောင်သည် ကွပ်ပြစ်ပေါ်၌ အကွက်လိုက်…..အပြောက်လိုက်…..။ လေတိုးသဖြင့် ပိန္နဲရွက်တို့ လူးလွန့်ကုန်၏။ ယိမ်းနွဲ့ကုန်၏။ ကွပ်ပြစ်ပေါ်မှ အလင်းအမှောင်တို့သည်လည်း ပြိုးပြိုးပျက်ပျက်နှင့်ပြောင်းလဲကျပြန်၏။ လရောင်အောက်၌​သကြားစက် မီးခိုးခေါင်းတိုင်ကြီးသည် မိုးထိုးမတ်တတ်….။ တစ္ဆေတကောင်၏ လက်တံကြီးများ အ လား….။ မဲမဲပြောင်ပြောင်…..။ ဦးမောင်ကို၏မျက်လုံးများက အဝေးမှ စက်ရုံမီးခိုးခေါင်းတိုင်ကြီးအားငေး၍ကြည့်နေသည်။ မျက်ဝန်းများက ရီရီဝေေ၀….။ ဤစက်ရုံခေါင်းတိုင်ကြီးမှ မီးခိုးများတလှိမ့်လှိမ့်နှင့် ထွက်လာစေရန် သူသည်နှစ်ပေါင်း လေးဆယ်နီးပါး ဘွိုင်လာကို မီးထိုးခဲ့ရ၏။ ဤစက်ရုံကြီးမှ သကြားများ နိုင်ငံခြားသို့ တင်ပို့နိုင်ရန် သူသည် ဘွိုင်လာမီးပေါင်အား ထိန်းညှိပေးခဲ့ရ၏။ ဤလက်များကား ….ဘွိုင်လာမီးထိုးရင်း ….. နိုင်ငံခြားဝင်ငွေရှာခဲ့၏။ ပြည်တွင်စာသုံးမှု ဖူလုံစေရန် လုပ်ကိုင်ခဲ့၏။ ငါ့နိုင်ငံ…. ငါ့လူမျိုးအတွက်ဟူ၍ ….။ သူ့လက်နှစ်ဖက်အား ဦးမောင်ကို ငုံ့ကြည့်မိ၏။ လရောင်အောက်၌ သူ့လက်ခုံ၏ အရေးပြားက ရောတိရောရဲ…..။အကြောတို့က မသန်မာတော့…..။

လရောင်သည် ချက်ချင်းကွယ်ပျောက်၍သွားသည်။ မိုးတိမ်ထုကြီးက လ၀န်းအား ကွယ်အုပ်၍ ၀ှက်ထားလိုက်ကြပြီ။ မိုးသားတို့က လှိမ့်၍လှိမ့်၍တတ်လာသည်။ ရာသီသည် ရုတ်ချည်းပြောင်းလဲ၍ သွားလေပြီ။ လေသည် ကြမ်းလာ၏။ ရမ်းလာ၏။ မိုးငွေ့က မပါသေး…..။ လျှပ်ပြတ်လိုက်သဖြင့် ကောင်းကင်သည် လင်းလက်သွားသည်။ ခဏတာ။ လျှပ်စီးကြောင်းသည် ကောင်းကင်အား ဟတ်တတ်ထိုးခွဲလိုက်၏။ အက်ကွဲရာက ရုတ်ချည်းပျောက်သွားပြန်၏။ အမှောင်ထုသည် ပိန်းပိတ်၍ ….။ ထစ်ချုန်းသံကြီးက အမှောင်ထဲ၌ ကြောက်မက်ဖွယ်ရာ ….။ စက်ရုံဖက်ဆီမှ ကျီးပြိုသံများ ကြားရ၏။ ကျီးတို့ ပြိုသော ည……။


No comments: