Monday, October 27, 2008

မြန်မာ့ကျောက်မီးသွေးလုပ်ငန်း စစ်အစိုးရဆက်မလုပ်နိုင် ကျောက်မီးသွေးတွင်းအချို့ရပ်ဆိုင်းအချို့ကိုပုဂ္ဂလိကလက်လွှဲ

သတင်းထောက် ဟန်တင်အောင်

နိုင်ငံပိုင် ကျောက်မီးသွေးတွင်း အတော်များများကို စစ်အစိုးရက ဆက်လက် လုပ်ကိုင်နိုင်ခြင်းမရှိတော့သည့်အတွက် မြန်မာ့ကျောက်မီး သွေးတွင်းလုပ်ငန်း ၈၀ ရာနှုန်းကျော်ကို ပုဂ္ဂလိက ကုမ္ပဏီများက မကြာခင် ပိုင်ဆိုင်တော့မည်ဖြစ်သည်ဟု မိုင်းအရာရှိများက ပြောသည်။


ကလေးဝကျောက်မီးသွေးတွင်းအခြေအနေ

အမှတ် ၃ သတ္တုတွင်းဝန်ကြီးဌာနပိုင် ကျောက်မီးသွေးတွင်းများအနက် ကလေးဝကျောက်မီးသွေးတွင်း၊ လားရှိးအနီးရှိ နမ်းမားကျောက်မီး သွေးတွင်းနှင့် သီပေါ စံမလောင်း ကျောက်မီးသွေးတွင်းများမှာ ထင်ရှားသည်။ ကလေးဝကျောက်မီးသွေးတွင်းမှထွက်သည့် ကျောက်မီး သွေးက အကောင်းဆုံးဖြစ်ပြီး နန်းမားကျောက်မီးသွေးက ဒုတိယ အကောင်းဆုံးဖြစ်သည်။

“ကလေးဝကျောက်မီးသွေးတွင်းက မြေအောက်မှာ ငြမ်းဆင်တူးဖော်ရတဲ့နည်းကို သုံးပါတယ်၊ ဒါပေမဲ့ ငြမ်းသစ်ဈေးတွေ အဆမတန်ကြီး မားလာတဲ့ နောက်ပိုင်း ကျောက်မီးသွေး မတူးနိုင်တော့တာ ကြာပါပီ၊ သစ်လဲ မ၀ယ်နိုင်၊ မြေအောက် ဖောက်ခွဲဖို့ ယမ်းဘီလူးတွေလဲ မ၀ယ်နိုင် ဆိုတော့ ပီးခဲ့တဲ့ ၃ နှစ်ကျော်ထဲက ပုဂ္ဂလိကနဲ့ လုပ်နေရတာပါ” ဟု မိုင်းအင်ဂျင်နီယာတဦးက ပြောသည်။

သွင်းအားစုများဝယ်ယူဖို့ အမှတ် ၃ သတ္တုတွင်းဝန်ကြီးဌာနမှ မတတ်နိုင်တော့သည့်အတွက် ကလေးဝ ကျောက်မီးသွေးတွင်းအနေနှင့် ယခင်က တနှစ်ကို ကျောက်မီးသွေးတန်ချိန် ၁,၆၀၀၀ ကျော်ထွက်ရှိနေရာမှာ နောက်ပိုင်းတွင် တနှစ်တန်ချိန် တသောင်းပြည့်အောင်ပင် မထွက်တော့ဟု စုံစမ်းသိရသည်။

ကလေးဝကျောက်မီးသွေးတွင်းကို ထွန်းသွင်ကုမ္ပဏီမှ ဆက်လက်လုပ်ကိုင်နေပြီး အမှတ် ၃ သတ္တုတွင်းဝန်ကြီးဌာနနှင့် အကျိုးတူအမြတ်ခွဲ ဝေရေးစာချုပ် (Production Sharing Contract) နှင့် လုပ်ကိုင်နေကြောင်း အမှတ် ၃ သတ္တုတွင်းဝန်ကြီးဌာန သတင်းရပ်ကွက်က ပြောသည်။ ထွန်းသွင် ကုမ္ပဏီသည် ကလေးဝကျောက်မီးသွေးတွင်းသာမက ၄င်းဒေသမြောက်ဘက်ရှိ ပလူ၊စ၀ စသည့်ဒေသများမှ ကျောက်မီးသွေး လုပ်ကွက်များကိုပါ လုပ်ကိုင်နေသည်ဟု သိရသည်။ မော်လိုက်ကြီးချောင်းမှ ကျောက်မီးသွေးကိုလည်း ပုဂ္ဂလိက ကုမ္ပဏီ တခုက လုပ်ကိုင်နေသည်ဟု စုံစမ်းသိရသည်။

နန်းမားကျောက်မီးသွေးတွင်း အခြေအနေ

နန်းမားကျောက်မီးသွေးကြောမှာ ငိုက်စောင်းပြီး အထဲသို့ဝင်နေသည့်အတွက် အပေါ်က မြေပြိုကျမှုကြောင့် ဖယ်ရသည့် မြေပိုများလာ သည်ဟု သတ္တုတွင်းအင်ဂျင်နီယာများက ပြောသည်။ မြေပြိုမှုကို ဖယ်ရှားဖို့ ယန္တယားစက်ကြီးများ လုံလုံလောက်လောက် မသုံးနိုင်တော့ သည့်ပြင် လောင်စာဆီလည်း မသုံးစွဲနိုင်တော့သည့်အတွက် ကျောက်မီးသွေးတူးဖော်မှု ရပ်ဆိုင်းရတော့မည့် အခြေအနေရောက်နေသည် ဟုပါ ပြောပြသည်။

စံမလောင်း ကျောက်မီးသွေးတွင်းအခြေအနေ

သီပေါအနီးရှိ စံမလောင်းကျောက်မီးသွေးတွင်းကိုမူ အေသုံးလုံးဘိလပ်မြေလုပ်ငန်းလုပ်နေသည့် တရုတ်များက အမှတ် ၃ သတ္တုတွင်း ၀န်ကြီးဌာနနှင့် အကျိုးတူအမြတ်ခွဲဝေရေးစာချုပ်အရ လုပ်ကိုင်နေပြီ ဖြစ်သည်။

“ ခုဆိုရင် နိုင်ငံပိုင် ကျောက်မီးသွေးလုပ်ငန်းတခုလုံးရဲ့ ၈၀ ရာနှုန်းကျော်ကို ပုဂ္ဂလိက ကုမ္ပဏီတွေက လုပ်နေတဲ့အတွက် လာမဲ့ တနှစ်ခွဲ နှစ်နှစ်အတွင်း အစိုးရပိုင် ကျောက်မီးသွေးလုပ်ငန်းရယ်လို့ မရှိသလောက်ဖြစ်သွားပြီပေါ့၊ ဒါတွေဟာ အစိုးရအပိုင်းက သဘာဝ သယံဇာတ တွေကို နိုင်နိုင်နင်းနင်း မထိန်းသိမ်းနိုင်တော့ဘူးဆိုတဲ့သဘောပါဘဲ ဒါတွေဟာ မြန်မာနိုင်ငံမှာ သယံဇာတတွေအများကြီးရှိတယ်ဆိုပြီး စိတ်ကူးယဉ်နေတဲ့ ပြည်ပက အတိုက်အခံတချို့  သတိထားသင့်တဲ့အချက်တွေလို့တောင် ပြောနိုင်ပါတယ်” ဟု မိုင်းအရာရှိတဦးက ပြော သည်။

စစ်အစိုးရသည် သဘောဝဓါတ်ငွေ့ ရေအားလျှပ်စစ် စသည့် လောင်စာများထက် ကျောက်မီးသွေးကို လောင်စာအဖြစ်သုံးနိုင်အောင် ကြံစည်ခဲ့သော်လည်း ပြည်တွင်း ပြည်ပ ရင်းနှီးမြှုတ်နှံလိုသူ နည်းပါးသည့်အတွက် ကျောက်မီးသွေးကို လောင်စာသုံးရေး စီမံကိန်း နှေးကွေး ခဲ့သည်။ ၂၀၀၂ ခုတွင် သီပေါမြို့နယ်တွင်းရှိ စံလောင်း ကျောက်မီးသွေးလုပ်ငန်းတူးဖော်ဖို့အတွက် အမှတ် ၃ သတ္တုတွင်းဝန်ကြီးဌာနသည် AAA International Co. Ltd. အား အကျိုးတူအမြတ်ခွဲဝေရေးစာချုပ်စနစ်ဖြင့် လုပ်ကိုင်စေခဲ့ခြင်း ဖြစ်သည်။ ရှမ်းပြည် ပင်လောင်း မြို့နယ်တွင်းရှိ ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံအတွက် လိုအပ်သည့် ကျောက်မီးသွေးကို ရွှေသံလွင်ကုမ္ပဏီက တူးဖော်ပေးဖို့ အမှတ် ၃ သတ္တုတွင်းဝန်ကြီးဌာနနှင့် စာချုပ်ခဲ့သည်။


No comments: