Monday, October 27, 2008

ပင်လယ်များ၏ အရှေ့၊ တောင်များ၏ အနောက်


ထက်စွန် ရှေ့နောက် ၊ တောင်မြောက် မလပ်

ကိုးရပ် ပတ်လည်၊ မြခြည် မြညွန့်

ခြယ်တန့် ခြယ်ဆန်း၊ တိမ်ပန်း တိမ်ဦး

သွယ်မြူး မသည်း၊ ကျဖြည်း ဆီးဖြောက်

လွမ်းလှောက် လွမ်းဝေ၊ ကြီးလေစေဟု

မြောက်လေ ပျံ့ဖြည်း။

လွမ်းလှရာတွင် ချီ

(နတ်ရှင်နောင်)


(က)
မိုးက ရောင်နီမပျိုးမီကတည်းကပင် ဖွဲ… ဖွဲနှင့် စွေနေသည်။ တနင်္သာရီ ကမ်းမြောင်ဒေသဖြစ်၍ မိုးများသည်။ တော်သလင်း `လ` ဆန်းပြီ ဖြစ်သော်လည်း မိုးက မပြတ်သေး။ ကျနော်တို့ ညအိပ်သည့် ချမ်းတိုက်ရွာက ရေးနှင့် စံခရဘူရီ ကားလမ်းပေါ်ရှိ ရွာငယ်လေးဖြစ်သည်။ ရေး၊ စံခရဘူရီကားလမ်းက လမ်းကြမ်း ……။ နွေရာသီတွင်သာ သုံး၍ရသော လမ်းဖြစ်သည်။ ၁၉၉၅ ခုနှစ် မွန်ပြည်သစ်ပါတီနှင့် စစ်အုပ်စု အပစ်အခတ် ရပ်စဲခဲ့ပြီး နောက်ပိုင်းမှ ရေးအထိ လမ်းပေါက်လာခြင်း ဖြစ်သည်။ နယ်စပ်ကုန်သည်လမ်းဟုပင် ဆိုရမည်။ နွေရာသီ လမ်းပေါက်သည့်အချိန်၌ မြန်မာပြည် ထွက်ကုန်စည်များအား ကားနှင့် စံခရဘူရီသို့ ပို့သည်။ ငပိ၊ ငါးခြောက်၊ ပုဇွန်ခြောက်နှင့် သေနပ်ဖက်ဆေးလိပ်၊ ကွမ်းသီးကွမ်းပေါင်တို့…..။

ထိုင်းဘက်ကမူ ခြေညှပ်ဖိနပ်၊ အချိုမှုန့်နှင့် ပလပ်စတစ် ပစ္စည်းအမျိုး…..။ ကားလမ်း မပေါက်သည့် အချိန်များတွင်မူ ….. လူအထမ်းနှင့် ကုန်စည်များအား သယ်ပိုးကြသည်။ အထမ်းသမားတဦးလျှင် ပိဿာချိန် ၂၀ ၊ အစိတ်အထိ သယ်ပိုးကြသည်။ သူတို့က သွားနေကြ၊ လာနေကြဖြစ်၍ ဤလမ်း ဤခရီးအား တညအိပ်နှင့် တမွန်းတည့်တွင် `မရမ်းချောင်းဝ`သို့ရောက်၏။ `မရမ်းချောင်းဝ` လွန်လျှင် ရေးသို့ ကားလမ်းပေါက်ပြီ။ မရမ်းချောင်းဝ၊ ရေးကားလမ်းက ကတ္တရာခင်းလမ်းဖြစ်၍ နွေ … နွေ၊ မိုး … မိုး သုံး၍ရသည်။

၁၉၉၅ ခုနှစ် မတိုင်မီကမူ ဤလမ်းက စစ်သုံးလမ်း …..။ နအဖ စစ်ကြောင်းများနှင့် တော်လှန်ရေးတပ်သားတို့ စစ်ခင်းကြရာ နေရာ…..။ ချမ်းတိုက်ရွာလည်း မရှိ…..။ ရွာတည်၍မရ…..။ စစ်ခင်းလမ်းဖြစ်၍ ရွာသားတို့က စစ်နှင့်ဝေးရာသို့ ရှောင်ပုန်း၍ နေကြရသည်။ အချို့က ခလော့ခနီတွင် တက်၍နေသည်။ အချို့က …. တောတောင်များအကြား၌ တောင်ယာခုတ်ရင်း နှစ်အိမ်စု၊ သုံးအိမ်စုနှင့် ရွာပုန်းများအဖြစ် နေကြရသည်။ ချမ်းတိုက်ရွာ ပြန်တည်သည်ပင် မကြာသေး…..။

မိုးက တဖွဲဖွဲနှင့် ရွာနေသော်လည်း ကောင်းကင်သည် အုံ့မှိုင်း၍မနေ…..။ လင်းနေသည်။ ရှင်းနေသည်။ ခရီးရှည် လမ်းလျှောက်ခြင်း အကျင့်မရှိဘဲ မနေ့က တနေ့လုံး လျှောက်ခဲ့ရသည့်အတွက် မနက်မိုးလင်းလင်းချင်း အိပ်ယာအထတွင် ခြေတွေက တောင့်နေသည်။ ကြွက်သားများက တင်း၍နေ၏။ မထချင်……။ မထ၍လည်း မဖြစ်…..။ မသွား၍လည်း မရ…..။ မှန်းထားသည့်ရက်အတွင်း ရည်မှန်းချက်သို့ ရောက်ရန်အတွက် လျှောက်ရမည်ပင်…..။ ကျနော်တို့အထဲမှ တယောက်က ဒူးခေါင်းအား ပတ်တီးစီးနေသည်။ ဒူးစွပ်ပတ်တီး ဖြစ်လိမ့်မည်ထင်သည်။ `ထွန်းရွှေဝါ`အနံ့များက လှိုင်၍နေ၏။ မနက်စောစောပင် ကျနော်တို့ ချမ်းတိုက်မှ ထွက်ခဲ့ကြသည်။ မိုးဖွဲဖွဲအောက်၌ပင် ၀ါးခမောက်ဆောင်း မိုးကာစခြုံပြီး လျှောက်ခဲ့ကြသည်။ ပထမတွင် ခြေလှမ်း လှမ်းရသည်မှာ တောင့်တောင့်ကြီး ဖြစ်နေ၏။ ခြေသလုံးကြွက်သားများ တင်းနေသဖြင့် လှမ်း၍မရ….။ သွေးပူအောင် လျှောက်ပြီးပါမှ ခြေလှမ်းက ပုံမှန်ဖြစ်လာသည်။


(ခ)
ချမ်းတိုက်၊ နယ်ဖျားနှင့် ကင်မွှန်းရွာ သုံးရွာက ဟလော့ခနီ-ရေး ကားလမ်းဘေးတွင်ပင် ရှိသည့် ရွာများဖြစ်၏။ ချမ်းတိုက်နှင့် နယ်ဖျားရွာက မိနစ် ၃၀ ခရီးခန့်ရှိပြီး နယ်ဖျားနှင့် ကင်မွှန်းရွာက တနာရီခန့် လျှောက်ရမည်ဖြစ်သည်။ ချမ်းတိုက်က မွန်ရွာဖြစ်ပြီး၊ နယ်ဖျားနှင့် ကင်မွှန်းရွာများက ကရင်ရွာများ ဖြစ်ကြသည်။ အိမ်ခြေကမူ ၂၀-၂၅ ခန့်ပင် ရှိကြမည်။ ချမ်းတိုက်တွင် မွန်ပြည်သစ်ပါတီ၏ အကောက်ခွန် ဂိတ်လေးရှိပြီး နယ်ဖျားတွင်တော့ ကေအန်ယူ၏ အကောက်အခွန်ဂိတ် ရှိသည်။ ကုန်သည်တို့ အခွန်ဆောင်ကြရဟန် တူသည်။

ကျနော်တို့ ကင်မွှန်းတွင် ခဏနားကြ၏။ ကင်မွှန်းမှ လွန်လျှင် ရှေ့ခရီးသည် သတိထားသွားရမည့် ခရီးဖြစ်သည်။ နအဖ စစ်ကြောင်းများ လှုပ်ရှားသွားလာသည့် နယ်မြေဖြစ်သည်။ ကင်မွှန်းမှ ၃ နာရီခရီးခန့်တွင် "မရမ်းချောင်းဝ" ရှိသည်။ မရမ်းချောင်းဝတွင်က ရန်သူစစ်ကြောင်းများ အမြဲဝင်ထွက် သွားလာတတ်သည်။ သူတို့နှင့် တိုး၍မဖြစ်။ ပြီးလျှင် ---- နောက်တဖွဲ့က ရှိသေး၏။ စောသမှူးဟဲ ဦးဆောင်သည့် ကရင့်ငြိမ်းချမ်းရေးတပ်ဖွဲ့----။ ကေအန်ယူမှ ခွဲထွက်ပြီး နအဖတပ်နှင့် ပူးပေါင်းသွားသဖြင့် သူတို့ကိုလည်း ရန်သူလိုပင် သဘောထားရသည်။ အင်အားကတော့ မများလှ။ သို့သော် နယ်မြေကျွမ်းကျင်မှု ရှိသည့်အတွက် သူတို့ကိုလည်း သတိထားရသည်။ ကျနော်တို့ ရောက်နေသည့် နေရာက တောင်ညိုတောင်တန်း၏ အနောက်ဘက်ခြမ်း -----။ တောင်ညိုတောင်တန်း အနောက်ဘက်ခြမ်းမှ ရေး-ထားဝယ် ကားလမ်းအကြားရှိ ဤဒေသအတွင်း၌ပင် လက်နက်ကိုင် အဖွဲ့အစည်းများက ၆ ဖွဲ့ခန့်ရှိသည်။ နအဖ စစ်တပ်စစ်ကြောင်းများ၊ မွန်ပြည်သစ်ပါတီ၊ ကေအန်ယူ၊ ဗိုလ်မှူးနိုင်ဘညွှန့် ခေါင်းဆောင်သည့် မွန်ခွဲထွက်အဖွဲ့၊ စောသမှူးဟဲ ဦးဆောင်သည့် ကရင့်ငြိမ်းချမ်းရေးအဖွဲ့နှင့် ကျောင်းသားတပ်မတော်-----။

ကင်မွှန်းရွာသူကြီးက ကင်းသမား လမ်းပြတယောက်အား ပေးသည်။ သတင်းထောက်ပြီး သွားရမည်။ ကျနော်တို့ ကင်မွှန်းရွာက ထွက်ခဲ့ကြသည်။ ရွာသား ကင်းသမားလမ်းပြက ရှေ့က။ ကျနော်တို့က နောက်မှ။ မရမ်းချောင်းဝဘက်မှ တက်လာသော အထမ်းသမား နှစ်ယောက်အား လမ်းတွင် တွေ့သည်။ သူတို့က သေနတ်ဖက် ဆေးပေါ့လိပ် အထုပ်ကြီးများအား ကျောပိုးခြင်းကြီးနှင့် ထည့်၍ပိုးလာကြသည်။ ကုန်သည်၏ ပစ္စည်းများအား အငှားပို့ကြသည့် လူများဖြစ်ကြ၏။ သူတို့အား လမ်းအခြေအနေ မေးကြည့်၏။ မရမ်းချောင်းဝတွင် မွန်ပြည်သစ်ပါတီမှ တပ်ခွဲတခွဲအား တွေ့ခဲ့သည်ဟု ဆိုသည်။ ရန်သူအခြေအနေက မထူးခြား။ လမ်းက မြေပြန့်ဖြစ်၍ လျှောက်ရသည်မှာ သွက်သည်။ လမ်းဘေးတလျှောက်၌ ဖုန်းဆိုးမြေများကိုသာ တွေ့ရသည်။ ခပ်လှမ်းလှမ်းရှိ တောင်ပူစာကလေးများက တောင်ယာခုတ်ထားသဖြင့် ပြောင်၍နေသည်။ အချို့တဲအိမ်စုလေးများအား တွေ့ရသည်။ လူမနေတော့သည့် တဲစုများ။ အချို့က မီးလောင်ထားသည့် အိမ်တိုင်မဲမဲကြီးသာ ရှိတော့သည်။

"ကျောက်တိုင်ရွာ" လမ်းခွဲသို့ရောက်လျှင် ကျနော်တို့ ကားလမ်းမကြီးမှ ဖယ်၍ ညာဘက်သို့ ဆင်းလိုက်ကြသည်။ လမ်းက လူသွားလမ်းသာ ဖြစ်သည်။ ကားလမ်းအတိုင်း ရှေ့သို့ ဆက်သွားလျှင်မူ မရမ်းချောင်းဝသို့ ရောက်မည်။ မရမ်းချောင်းဝက ရေးမြို့နှင့် ၇ မိုင်ခန့်သာ ဝေးသည်။ ကျနော်ခရီးက မရမ်းချောင်းဝသို့မဟုတ်။ ကျောက်တိုင်ရွာသို့ ----။

ကျောက်တိုင်ရွာသို့ရောက်တော့ မွန်းလွဲ ၁ နာရီခန့်ပင်ရှိပြီ။ ကျောက်တိုင်ရွာက ကရင်ရွာဖြစ်သည်။ အိမ်ခြေက ၃၀ ခန့်ပင် ရှိမည်။ ဆေးခန်း မရှိ၊ စာသင်ကျောင်း မရှိ။ ရွာအား ကွမ်းသီးပင်များက မိုး၍ထားသည်။ ရွာပတ်ပတ်လည်တွင်လည်း ကွမ်းသီးခြံများနှင့် ပိန်းပိတ်၍နေသည်။ ကင်းသမား လမ်းပြက ရွာသူကြီးအိမ်သို့ အရောက်ပို့ပေးသည်။ ရွာသူကြီးက အမျိုးသား မဟုတ်။ အမျိုးသမီးဖြစ်နေသည်။ နအဖ စစ်ကြောင်းများ၏ ရန်ကိုကြောက်၍ အမျိုးသားများ ရွာသူကြီး မလုပ်ရဲကြ။ နအဖ စစ်ကြောင်းများလာလျှင် အမျိုးသားများ ရှောင်၍ပုန်းကြရသည်။ အတွေ့မခံဝံ့ကြ။ တွေ့လျှင် အနည်းဆုံး အထမ်းသမားအဖြစ် ခေါ်မည်။ အခန့်မသင့်ပါက " ငပွေး" ဟု ဆိုပြီး ရိုက်မည်။ ငပွေးဟူသည်က ကေအန်ယူအား နအဖ စစ်သားများက ခေါ်ခြင်း ဖြစ်သည်။

ကင်မွှန်းရွာမှ လမ်းပြကင်းသမားက သူ့တာဝန်ပြီး၍ပြန်ပြီ။ ကျနော်တို့ ရှေ့ဆက်ဖို့အတွက် ကျောက်တိုင်ရွာမှ ကင်းသမားလမ်းပြတဦး လိုသည်။ ခက်သည်က ကျနော်တို့ ရောက်သည့် အချိန်တွင် ရွာသားများက တောင်ယာ စူးထိုးချိန်ဖြစ်၍ ရွာတွင် မရှိကြ။ တောင်ယာများသို့ ရောက်နေကြသည်။ လိုက်ခေါ်ရန်မှာလည်း မလွယ်လှ။ တောင်ယာများက ဝေးလှသည်။ သွားခေါ်တာနှင့် ပြန်တာနှင့် မိုးချုပ်မည်။ မိုးမချုပ်မီ "ကလိပ်တုတ်ရွာ" သို့ အရောက်သွားရမည်။ မတတ်နိုင်။ ရွာလူကြီး အမိုးကြီးကိုယ်တိုင်ပင် လမ်းပြကင်းသမားအဖြစ် လိုက်ပို့ရတော့သည်။ ပလိုင်းအတွင်း ဓားမတချောင်းထည့်ပြီး အမိုးကြီးသည် ကျနော်တို့ရှေ့မှ ထွက်၏။ ကျနော်တို့က နောက်မှ ----။ ကျောက်တိုင်ရွာနှင့် ကလိပ်တုတ်က ၇ မိုင်ခန့်ဝေးမည်။ တောင်ဆင်းတောင်တက် မရှိ။ ၂ နာရီခန့်တော့ လမ်းလျှောက်ရမည်။


(ဂ)
ကလိပ်တုတ်ရွာတွင် ကေအန်အယ်အေ တပ်မဟာ ၆၊ တပ်ရင်း ၁၆ မှ တပ်ခွဲမှူး ဗိုလ်တင်လှိုင်တို့၏ စစ်ကြောင်းနှင့် ဆုံသည်။ သူတို့ကလည်း တောင်ညိုတောင်တန်းအား ကျော်၍ သေမင်းတမန် ရထားလမ်းဟောင်းကို ဖြတ်ပြီး ကြာအင်းဆိပ်ကြီးဘက်သို့ သွားမည်။ ကျနော်တို့နှင့် ခရီးတူ၏။ ကလိပ်တုတ်ရွာက ရေးမြို့နယ်အတွင်းမှ ဖြစ်သည်။ အိမ်ခြေ ၅၀-၆၀ ခန့်ရှိသော ကရင်ရွာကြီးဖြစ်သည်။ မူလတန်းကျောင်း ရှိ၏။ ဘုန်းကြီးကျောင်း ရှိသည်။ ဆေးပေးခန်းဟူ၍ မရှိ။ ရေးသို့ လှည်းလမ်းပေါက်သည်။ နွားလှည်းဖြင့် နေ့ချင်းပြန် သွား၍ရသည်။ ကလိပ်တုတ်ချောင်းသည် ရွာအား ပစောက်ပုံ ပတ်ဝိုင်းထားသည်။ ချောင်းဟူသော်လည်း သဲချောင်းမျှသာ။ ချောင်း၏ တဖက်တွင်မူ လယ်ကွင်းများ။ ရွာက လယ်လည်း လုပ်သည်။ တောင်ယာလည်း ခုတ်သည်။ ခြံလည်း စိုက်သည်။ ထိုဒေသတွင်တော့ ချမ်းသာကြွယ်ဝသည့် ရွာဟု ခေါ်ရမည်။ ချောင်း၏ တဖက် လယ်ကွင်းများက တောင်ခြေအထိ ဆက်သွားသည်။ ကျနော်တို့တည်းသည့် အိမ်က ရွာအစွန်ဘက် ကလိပ်တုတ်ချောင်းဘေးတွင် ရှိသည်။ အိမ်မှ ကြည့်လျှင် လယ်ကွင်းပြင်ကြီးက "မြ" အသွေးရောင် ---- ပြန့်လျက်နေ၏။ ကန်သင်းရိုးများက "မြ" အသွေးရောင် အပြန့်တွင် ကောက်ကြောင်းရာလေးများအဖြစ် ရေးရေးထင်နေသည်။ လယ်ကွယ်များအဆုံး တောင်ခြေသည် တဖြည်းဖြည်း မြင့်တက်သွားပြီး မှိုင်းညိုညိုအဆင်းနှင့် မြသားပြင်အား မိုးထား၏။ ဤတောင်တန်းက တောင်ညိုတောင်တန်း။

ကေအန်အယ်အေမှ ရဲဘော်လေးတဦး ကျနော်တို့အား လာခေါ်သည်။ ဗိုလ်တင်လှိုင် ခေါ်ခိုင်း၍ဖြစ်သည်။ ဗိုလ်တင်လှိုင်က ရွာ၏ အလယ်ပိုင်းတွင် တည်းနေ၏။ ကျနော်တို့နှင့်က အလယ်တွင် ဘုန်းကြီးကျောင်းဝင်းကြီး တခုသာ ခြားသည်။ ဘုန်းကြီးကျောင်းဝင်းအတွင်းမှ ဖြတ်လာခဲ့ကြသည်။ ဘုန်းကြီးကျောင်းက အောက်အုတ်ခံနှင့် နှစ်ထပ်ကျောင်းကြီး---။ ဗိုလ်တင်လှိုင်ရှိသည့် အိမ်ပေါ်သို့ ကျနော်တို့ တက်လိုက်သည်။ တွေ့ရသည့် မြင်ကွင်းကြောင့် ခေတ္တ အံ့သြသွားမိသည်။ နအဖ စစ်တပ်မှ ဒု-တပ်ကြပ်တဦး ရဲဘော် ၄ ဦးနှင့် ဗိုလ်တင်လှိုင်တို့ ၀ိုင်းဖွဲ့၍ ထိုင်နေကြသည်။ ဗိုလ်တင်လှိုင် ရှင်းပြမှ သဘောပေါက် သွားရသည်။ နအဖ စစ်တပ်မှ ထွက်ပြေးလွတ်မြောက်လာကြသူများ ----။ ကေအန်ယူထံတွင် လက်နက်ချလာကြသည့် နအဖ စစ်သားများ ----။ လက်နက်အပြည့်အစုံနှင့် ကူးပြောင်းလာကြခြင်းဖြစ်သည်။

ဦးဆောင်လာသည့် ဒု-တပ်ကြပ်လေးက အသက်အစိတ်ပင် ရှိအုံးမည်မထင်။ ရခိုင်လူမျိုးတဦးဖြစ်သည်။ သူတို့နေခဲ့ရသည့် နအဖ စစ်တပ်အတွင်း ဘ၀များအား ပြောပြနေကြသည်။ အရာရှိများက လက်အောက်ငယ်သားများအပေါ် အနိုင်ကျင့်ပုံ----။ လစာ မလောက်ငပုံ---။ စစ်မြေပြင်တွင် ရွာသားများအပေါ် ဖိနှိပ်ပုံ----။ အထမ်းသမား ပေါ်တာများအပေါ် ရက်စက်ပုံများ -----။ ငရဲခန်းပုံပြင်များ ဖြစ်နေသည်။ ရဲဘော်လေးတယောက်က အသက် ၁၆ ခန့်ပင် ရှိသေး၏။ သူ့အား စစ်သားစုဆောင်းရေးက ဖမ်းပြီး စစ်ထဲသွင်းခဲ့သည့် အချိန်တွင်မူ သူ့အသက်က ၁၅ နှစ်ပင် ပြည့်မည် မဟုတ်သေး။ ကလေးစစ်သားလေးပင်။ သူ့မျက်နှာက ငှက်ဖျားကြောင့် ဖြူဖတ်ဖြူရော်။ ၀မ်းဗိုက်က ဖောင်းနေသည်။ နောက်တယောက်ကမူ အသက် ၂၀ ခန့်ရှိမည်။ သူက စိတ်မနှံ့သူတဦး။ သွပ်ချာပါဒလိုက်အောင် ရူးနေခြင်းတော့မဟုတ်။ ကျပ်မပြည့်သူအဆင့်ထက်လည်း ပိုသည်။ သို့သော် ဤလူမျိုးလက်ထဲ၌ သေနက်ပေးကိုင်ထားသည့် နအဖ စစ်တပ်ကို အံ့သြမိသည်။ ကြောက်ရွံ့မိ၏။ စိုးရိမ်စရာ ကောင်းလှသည်။

သူတို့နှင့် စကားပြောပြီး ကျနော်တို့ တည်းသည့်အိမ်သို့ ပြန်ခဲ့ကြသည်။ နေလုံးကြီးက တောင်ညိုတောင်တန်းကြီးအပေါ်၌ ခေါင်းစိုက်၍နေပြီ။ မိုးမရွာသည့်အတွက် ပုခက်အား ကွမ်းသီးပင်နှစ်ပင်၌ ချည်လိုက်သည်။ ပုခက်နှင့်ပင် အိပ်တော့မည်။ ပုခက်ပေါ်တွင် လှဲရင်း မနက်ဖြန်ခရီးအတွက် စဉ်းစားနေမိ၏။ မနက်ဖြန် ကျနော်တို့ ဘုရားသုံးဆူ-သံဖြူဇရပ် ကားလမ်းအား ဖြတ်ကူးကြရမည်။ ဤလမ်းက ဂျပန်ခေတ်က ဖောက်လုပ်ခဲ့သော ဘုရားသုံးဆူ-သံဖြူဇရပ် မီးရထားလမ်းဟောင်းနေရာအား ပြန်၍ ကားလမ်းအဖြစ် ဖောက်လုပ်ထားခြင်းဖြစ်သည်။ ဟိုစဉ်က နာမည်ဆိုးနှင့် ကျော်ကြားခဲ့သည့် သေမင်းတမန်လမ်း----။ လူ့အသက်ပေါင်း သောင်းနှင့်ချီ၍ ရင်းနှီးပြီး ဖောက်ခဲ့ကြသော လမ်း----။ ချွေးတပ်သားတို့၏ အရိုး အထောင်အသောင်းတို့နှင့် ခင်းခဲ့သောလမ်း-----။ မနက်ဖြန် ကျနော်တို့ ကျော်ဖြတ်ကြရမည်။ ထီလာစစ်သူ၏ သံဖြူဇရပ် ချွေးတပ်စခန်း ကဗျာရှည်အား စိတ်အတွင်းမှ ရွတ်ဆို၍ နေမိသည်။

"ဖက်ဆစ်ဝါဒ ကျဆုံးပါစေ ------"


No comments: