Friday, October 17, 2008

မန္တလေးရတနာပုံဈေးနှင့် မီးအာမခံကြေး အရှုပ်တော်ပုံ

ပီတာအောင်


မြန်မာနိုင်ငံရှိ အာမခံလုပ်ငန်းစနစ်ရှုပ်ထွေးမှုကြောင့် မန္တလေးရတနာပုံဈေးကြီး မီးလောင်ကျွမ်းခံခဲ့ရပြီး (၈) လကြာ သည်အထိ ဈေးပထမထပ် SKY WALK Shopping Mall ရှိ ဆိုင်ခန်းများ မီးအာမခံကြေးငွေ ပြန်မရရှိ သေးဘဲ ဖြစ် နေသည်ဟု ဆိုင်ခန်းပိုင်ရှင်များက ခေတ်ပြိုင်သို့ ပြောသည်။

ထိုဆိုင်ခန်းများအတွက် မီးအာမခံထားရှိရန် မန်းရတနာကုမ္ပဏီ (Mann Yadanar Holding Enterprise) က မလေးရှားအာမခံကုမ္ပဏီ Malaysian Assurance Alliance Berhad (MAA) ထံ၌ အမေရိကန်ဒေါ်လာ (၃.၃)သန်းဖြင့် အာမခံထားရှိခြင်းဖြစ်ပြီး မန်းရတနာကုမ္ပဏီက ကြမ်းခင်းဧရိယာအလိုက် တပေပတ်လည်လျှင် (၀.၁၉) ဒေါ်လာနှုန်း မြန်မာကျပ်ငွေ (၂၀၀) ခန့်ဖြင့် ဆိုင်ခန်းများအား ပြန်လည်ခွဲဝေကာ မီးအာမခံထား ရှိစေခဲ့ခြင်းဖြစ်သည်။

ရတနာပုံဈေးကြီးမီးလောင်ရာတွင် SKY WALK Shopping Mall ရှိ ဆိုင်ခန်း (၁၀၀) ခန့်ရှိသည့်အနက် ဆိုင်ခန်း အားလုံးနီးပါး မီးလာင်ပျက်စီးသွားခဲ့ရပြီး ယင်းအနက် ဆိုင်ခန်းပိုင်ရှင်ပေါင်း (၄၀) ခန့်က မန်းရတနာကုမ္ပဏီတွင် မီးအာမခံများ ၀ယ်ထားသည်ဟု ချည်ထည်ပိုးထည်ရောင်းသည့် SKY တော်ဝင်ဆိုင်ပိုင်ရှင် ကိုမျိုးသူရက ပြောသည်။

၎င်းက “ကျနော်တို့က ထီလက်မှတ်ရှိပြီး ဆုငွေထုတ်လို့ မရဘူးဖြစ်နေတာပေါ့။ အဲဒီပြဿနာပါ။ ကြမ်းခင်း ဧရိယာ အပေါ်မူတည်ပြီး တပေပတ်လည်ကို (၀.၁၉) ဒေါ်လာနဲ့ ဆောင်ထားရတာ။ ဘယ်လောက်ပြန်ရ မလဲတော့မသိဘူး။ ၀ယ်ထားတဲ့လူတွေ တယောက်မှမရသေးဘူး” ဟု ပြောသည်။

Red Line ဖက်ရှင်ဆိုင်ပိုင်ရှင်ကလည်း “ကျနော်တို့ကျတော့ ဆိုင်ခန်း အခန်းသေး (၂) ခန်းဆိုတော့ (၇) သောင်း ကျော်ကျော်လောက် ထားထားတယ်။ ၂၀၀၈ ခု (၁၀) လပိုင်းအထိပေါ့။ ကုမ္ပဏီကို သွားတောင်းတော့ (၂) လ၊ (၂) လ၊ (၂) လ စောင့်ခိုင်းတာ အခုဆို (၈) လလောက်ရှိပြီ” ဟုပြောသည်။

မီးအာမခံကြေးမရသည့်ကိစ္စနှင့်ပတ်သက်၍ ခေတ်ပြိုင်က မန်းရတနာကုမ္ပဏီအားမေးရာ မန်းရတနာ ကုမ္ပဏီသည် အာမခံကုမ္ပဏီမဟုတ်ဘဲ တဆင့်ခံဆောင်ရွက်ပေးသူသာဖြစ်၍ အာမခံကြေးပေးလျော်ရန် တာဝန်မရှိကြောင်းနှင့် မလေးရှားကုမ္ပဏီကသာ ပေးလျော်ရန်တာဝန်ရှိသည်ဟု မန်းရတနာကုမ္ပဏီ၏ ဒါရိုက်တာ ဦးတင့်နိုင်က ပြောသည်။

၎င်းက “ကျနော်တို့ကိုယ်တိုင်ကလည်း မီးအာမခံဝယ်ထားတဲ့လူဖြစ်တယ်။ မလေးရှား မီးအာမခံကုမ္ပဏီကနေပြီး သူတို့ အစီအစဉ်နဲ့သူတို့ စိစစ်ပြီး လုပ်နေတယ်လို့ပဲပြောတယ်။ (၈) လကြာတာနဲ့မဆိုင်ဘူး။ ပြန်ပေးဖို့အတွက် ကတော့ သူတို့ အရမ်းစိစစ်တယ်။ အချက်အလက်အများကြီးတောင်းတယ်။ အချက်အလက်ပြည့်စုံအောင် စုပေးပြီး (၇) လပိုင်း လောက်မှ တင်ဖြစ်နိုင်တာ။ တင်ပြီးမှရတဲ့အချက်အလက်နဲ့ သူတို့ ပြန်ပြီးစိစစ်တော့ ကြားက ဆာဗေယာကုမ္ပဏီကို အပ်ထားတာပေါ့နော်။ အဲဒါကိုစောင့်နေရတယ်လို့ မလေးရှားကုမ္ပဏီက ပြောပါတယ်” ဟု ပြောသည်။

မလေးရှားကုမ္ပဏီကသာ ပေးလျော်ရန်တာဝန်ရှိသည်ဆိုသည့်အတွက် မလေးရှား အာမခံကုမ္ပဏီ MAA ကိုယ်စား လှယ်အား ခေတ်ပြိုင်က ဆက်လက်မေးမြန်းခဲ့သည်။ မန်းရတနာကုမ္ပဏီအား မီးအာမခံ လျော်ကြေးပြန်ပေးရန်ကိစ္စ လုပ်ကိုင်ဆောင်ရွက်နေဆဲဖြစ်ပြီး ဆုံးရှုံးခဲ့သည့် တန်ဖိုးအတိုင်း ပြန် ပေးလျော်မည်ဖြစ်ကြောင်းနှင့် မပျက်စီးပဲ ကျန်ခဲ့သည့် တန်ဖိုးကို နုတ်ယူသွားမည်ဖြစ်ကြောင်း မလေးရှား အာမခံကုမ္ပဏီ MAA က ခေတ်ပြိုင်သို့ ပြောကြားသည်။

MAA ရန်ကုန်ရုံးခွဲမှ အာမခံရောင်းဝယ်ရေးအရာရှိ ဒေါ်လင်းလင်းဇာပြေက “ကျမတို့ ဆက်လုပ်နေတုန်းပါ။ ခု မလေးရှားကို မန်နေဂျာ ပြန်သွားတယ်။ ဒီရက်ပိုင်းအတွင်း သူပြန်လာပြီးရင်တော့ အကုန်လုံးသူစီစဉ်မှာပါ ။ မန်း ရတနာဖြစ်ပြီးမှ နာဂစ်ကလည်းဖြစ်တယ်လေ။ ဖြစ်တော့ ဒီလိုမျိုး ပြန်တောင်းတဲ့ဟာတွေက များသွားတော့ သူတို့က လုပ်ကိုင်နေတာ ကြန့်ကြာနေတာပါ။ အဲဒါကြောင့်ပါ။ ပေးမှာ ပေးမှာပါ။ အကုန်လုံးပေးမှာပါ။ လျော်မှာပါ” ဟု ပြောသည်။

မလေးရှား အာမခံကုမ္ပဏီ MAA က ပေးမှာပါ၊ လျော်မှာပါဟု ကတိပေးသော်လည်း မန်းရတနာကုမ္ပဏီကိုသာ သိထားသည့် ဆိုင်ခန်းပိုင်ရှင်များကမူ (၈) လကျော်သည်ထိ မီးအာမခံသတင်းပျောက်နေသဖြင့် အာမခံ လျော်ကြေး ငွေဆုံးတော့မည်ဟု ယုံကြည်နေကြသည်။ ဤတွင် မလေးရှား အာမခံကုမ္ပဏီ MAA မန္တလေးရတနာပုံဈေးကြီး မီးလောင်သည်ကိစ္စတွင် မည်သည့်အခန်းကဏ္ဍမှ ပါဝင်လာသည်ကို ခေတ်ပြိုင်က ဆက်လက်မေးမြန်းရပြန်သည်။

မလေးရှား အာမခံကုမ္ပဏီ MAA သည် စစ်အစိုးရပိုင် မြန်မာ့အာမခံလုပ်ငန်းနှင့် ဆက်စပ်မှုရှိသော်လည်း မလေးရှား အာမခံကုမ္ပဏီအနေဖြင့် အာမခံရရှိသည့် ငွေပမာဏ၏ (၁၅) ရာခိုင်နှုန်းကို မြန်မာ့အာမခံလုပ်ငန်း သို့ပေးဆောင်ရပြီး ကျန်သည့် (၈၅) ရာခိုင်နှုန်းကိုသာ မလေးရှားကုမ္ပဏီက ရရှိကြောင်းနှင့် မြန်မာ့အာမခံလုပ်ငန်း ကမူ အာမခံလျော် ကြေးပေးရန် တာဝန်မရှိကြောင်း ဒေါ်လင်းလင်းဇာပြေက ဆက်လက်ရှင်းပြသည်။

ထို့ကြောင့် ခေတ်ပြိုင်က မြန်မာ့အာမခံလုပ်ငန်း မန္တလေးရုံးသို့ ဆက်သွယ်မေးမြန်းသည်။ မီးလောင်ရသည့် အကြောင်း ရင်းနှင့် ဆုံးရှုံးသွားသည့်ပမာဏတန်ဖိုးများကို ပြီးခဲ့သည့်ဇူလိုင်က မလေးရှား အာမခံကုမ္ပဏီမှ အကဲဖြတ်စစ်ဆေး သူများက လာရောက်စစ်ခဲ့ကြောင်း၊ မြန်မာ့အာမခံလုပ်ငန်းကလည်း အကူ အညီပေးခဲ့ကြောင်း၊ မလေးရှားကုမ္ပဏီ အနေဖြင့် လျော်ကြေးပေးရန်တာဝန်ရှိကြောင်းနှင့် မလျော်ပါက ဆိုင်ခန်းပိုင်ရှင်များအနေဖြင့် အာမခံဥပဒေအရ ဆက်လက်ဆောင်ရွက်နိုင်သည်ဟု မြန်မာ့အာမခံလုပ်ငန်း မန္တလေးရုံး မန်နေဂျာ ဗိုလ်ကြီးကြည်စိန်က ခေတ်ပြိုင်သို့ ပြောသည်။

မီးအာမခံထားရှိသည့်ငွေများ မှန်ကန်မြန်ဆန်စွာထုတ်ယူရရှိရေး တာဝန်ယူဖြေရှင်းပေးရန် လျော်ကြေးမရသည့် ဆိုင်ခန်းပိုင်ရှင်များက မန္တလေးနေ့စဉ်သတင်းစာတွင် မန်းရတနာကုမ္ပဏီအား လူသိရှင်ကြား ပန်ကြားချက် ထုတ်ပြန် တောင်းဆိုထားပြီး လျော်ကြေးအမြန်ရရှိရန် ဆိုင်ခန်းရှင်များအားလုံးညှိနှိုင်း၍ ဆက်လက် ဆောင်ရွက်သွားမည်ဟု ဆိုင်ခန်းပိုင်ရှင်များက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၅) ရက်က မန္တလေးမြို့၌ ရတနာပုံဈေးကြီး မီးလောင်ကျွမ်းခဲ့ရပြီး ကျပ်သန်းပေါင်းများစွာ ဆုံးရှုံးသွားခဲ့ရသည်။ ယင်းအနက် မီးအာမခံထားသူ (၄) ဦးသာရှိကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ သိရသည်။

ဈေးတတိယထပ်ရှိ Luky Bird ကွန်ပျူတာပစ္စည်းအရောင်းဆိုင်နှင့် အခြားကွန်ပျူတာဆိုင်တခုတို့ မြန်မာ့အာမခံ လုပ်ငန်း၌ အာမခံထားခဲ့သဖြင့် လျော်ကြေးရရှိခဲ့ပြီး ဒုတိယထပ်ရှိ Relax Business Group မှာ မီးအာမခံထား သော်လည်း သက်တမ်းကုန်သွားသဖြင့် လျော်ကြေးရရှိခြင်းမရှိပေ။ မလေးရှားကုမ္ပဏီထံတွင် အာမခံထားသည့် မန်းရတနာကုမ္ပဏီမှာလည်း လျော်ကြေးပြန်ရရန် ကြိုးပမ်းနေရဆဲဖြစ်သည်။


No comments: