ကန္တာရ၀တီတိုင်း( မ် )
မြန်မာ စစ်ထောက်လှမ်းရေးများမှ ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်နေ့က ကေအဲန်ပီပီ အပါအ၀င် ကရင်နီ တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီထူးနှင့် ၎င်းတပ်ဖွဲ့ဝင်များသည် နိုင်ငံတော်အစိုးရထံ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ရန် စီစဉ်လျှက်ရှိသည်ဟု နာမည်နာမ အတိအကျဖြင့် ၀ါဒဖြန့်ချိမှုသတင်းများ ရှိခဲ့သည့်အပေါ် ကရင်နီ တပ်မတော်ဘက်မှ မဟုတ်မမှန်ကြောင်း ငြင်းဆိုလိုက်သည်။
၎င်းဝါဒဖြန့်ချိခြင်းကို ကလလတ(ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက် ရေးတပ်ဦး) နှင့် ကျန်လက်နက်ကိုင် အဖွဲ့အစည်းကြားသို့ လည်းကောင်း၊ ပြည်သူလူထုအကြားသို့ လည်းကောင်း၊ ပြည်တွင်းသာမက ထိုင်းနိုင်ငံရှိ လူမှုအသင်းအဖွဲ့များနှင့် ကရင်နီလူမှုအဖွဲ့အစည်းများအကြား ကရင်နီပြည် တပ်မတော်အပေါ် အထင်အမြင်လွဲမှားစေရန်၊ ဂုဏ်သိက္ခာကျဆင်းစေရန်နှင့် ယုံကြည်မှု ကျဆင်းစေရန် ရည်ရွယ်ပြီး ၀ါဒဖြန့်သတင်းများ ဖန်တီးထုတ်ပြန်ခြင်း ဖြစ်သည်ဟု ပြီးခဲ့သည့် ၅ ရက်နေ့က ကရင်နီတပ်မတော်မှ အစီရင်ခံစာတစ်စောင် ထုတ်ပြန်ကြေငြာ၍ ငြင်းဆိုလိုက်ခြင်းဖြစ်သည်။
စစ်ထောက်လှမ်းရေးများ၏ ၀ါဒဖြန့်ချီမှုအပေါ်တွင် မှန်ကန်မှုရှိ၊ မရှိကို ကရင်နီတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီထူးက "သုံည ဒသမ သုံညသုံညတောင် မရှိဘူးထင်တယ်၊ စစ်ထောက်လှမ်းရေးတွေက မဟုတ်မကတဲ့ သတင်းတွေ သူလွင့်တယ်လေ၊ သူပြောတာက စစ်ဦးစီးချုပ် ဒါမှမဟုတ် ဒုစစ်ဦးစီးချုပ် နဲ့ ငယ်သားတစ်ဝက်လောက်က လက်နက်နဲ့ ငြိမ်းချမ်းရေးလဲလှယ်ဖို့ အစီအစဉ်ရှိတယ်တဲ့၊ အဲဒီကနေပြီးတော့မှ အတွင်းရေးမှူး ရီမာန်ထူး၊ တွဲဘက်အတွင်းရေးမှူး ခူဦးရယ်နဲ့ လှုပ်ရှားတဲ့ တပ်ဖွဲ့ ကျန်တဲ့တပ်ဖွဲ့တွေပေါ့ နောက်မှာဝင်လာဖို့ အစီအစဉ်ရှိတယ် အဲဒါမျိုးပြောတာပါ၊ အဲဒါကြောင့်မလို့ ကျတော်တို့ ဒီထုတ်ပြန်ချက်အမှတ် ၂ ထုတ်ပြန်ခြင်း ဖြစ်တယ်လေ" ဟုပြောသွားပါသည်။
မြန်မာစစ်အစိုးရတို့၏ ၀ါဒဖြန့်ချိရေးသားထားသည့် စာများအရ နိုင်ငံတော်အစိုးရထံ လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်မည့် အစီအစဉ်အား ကေအဲန်ပီပီသောင်းကျန်းသူ ခေါင်းဆောင်ပိုင်းများ အချင်းချင်း တိုင်ပင်နေကြောင်းနှင့် ဆွေးနွေးမှုတွင် အင်အားတစ်ဝက်သည် စစ်ဦးစီးချုပ် ဘီထူး (သို့) ဒု-စစ်ဦးစီးချုပ်အောင်မြ နှင့်အတူ လက်နက်နှင့် ငြိမ်းချမ်းရေး ဦးစွာလဲလှယ် မည်ဖြစ်ပြီး ကျန်အဖွဲ့များသည် နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်မှုအပေါ် အခြေအနေစောင့်ကြည့်ပြီး ထပ်မံဝင်ရောက်လာသည်ဟု ရေးသားထားပါသည်။
မြန်မာစစ်အစိုးရများမှ လာမည့် ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပပြုလုပ် နိုင်ရန်အတွက် ၎င်းတို့နှင့် အပစ်ရပ်ယူထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို လက်နက်ချရန်ဖိအားပေး လျှက်ရှိနေပါသည်။
ဆက်လက်ပြီး ဗိုလ်ချုပ်ဘီထူးက "သူတို့လုပ်စရာရှိတော့ သူတို့လုပ်နေမှာပဲလေနော်။ ကျတော်တို့ အနေအထိုင် အကျပ်အတည်း ဖြစ်ရေးအတွက်ကတော့၊ အကွဲအပြား ဖြစ်ရေးအတွက်တော့ သူတို့လုပ်ဖို့ သူတို့မှာ တာဝန်ရှိတာကို၊ သူတို့ရဲ့ တိုက်နည်း တစ်နည်းပဲလေ။ ကျတော်တို့ကတော့ ရိုးရိုးလေးကတော့ ထုတ်ပြန်ကြေငြာချက်ပေါ့ လေနော်၊ စာကိုထုတ်ပြန်တာလဲ ဒါလဲတိုက်ပွဲတစ်ခုပဲလေ။ ဒီအပြင်လဲ လုပ်စရာရှိလဲ ဆက်လုပ်မှာပေါ့" ဟု ပြောကြားသွားပါသည်။
အစီရင်ခံစားအတွင်း ဖော်ပြချက်အရ ဆုံးရှုံးခဲ့သည့် ကရင်နီပြည်၏ သီးခြားလွတ်လပ်ရေးကို ဖန်တီးနိုင် ခွင့်ရှိရေး၊ အမျိုးသားဘ၀ လွတ်မြောက်ရေးနှင့် တော်လှန်ရေး ရည်မှန်းချက် ပန်းတိုင်ရောက်ရှိသည့်အထိ မဆုတ်မနှစ်သော စိတ်ဓါတ်ဖြင့် မြန်မာစစ်အစိုးရအဆက်ဆက်ကို ဆက်လက်ခုခံတော်လှန် တိုက်ပွဲဝင်သွားမည်ဟု ရေးသားထားပါသည်။
No comments:
Post a Comment