ကန္တာရ၀တီတိုင်းမ်
လက်နက်များ သိမ်းဆည်းခြင်း ခံလိုက်ရသော ကရင်နီအမျိုးသား ဒီမိုကရစ်တစ်တပ်ဖွဲ့ (ကေအဲန်ဒီအေ)မှ အဖွဲ့ဝင်တို့သည် ၎င်းတို့ ထိန်းချုပ်ရာ နယ်မြေဒေသ၌ သာမန်ပြည်သူလူထုအဖြစ် ဘ၀ပြန်လည်ရပ်တည် နေနိုင်ရန် ကြိုးပမ်းကြသော်လည်း အသက်လုံခြုံမှုမရှိဘဲ ခက်ခဲမှုများနှင့် ရင်ဆိုင်နေကြရသည်ဟု အဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။
ကေအဲန်ဒီအေ လက်နက်များကိုင်နေဆဲ ကာလ၌ ပြည်သူများ မကြိုက်မနှစ်သက်သည့် အပြုအမူများ လုပ်ဆောင်ခဲ့ခြင်များကြောင့် ပြည်သူအချို့အနေဖြင့် ၎င်းတို့အား မကျေမနပ်ဖြစ်နေဆဲ ရှိခြင်းများကြောင့် လည်းကောင်း၊ ၎င်းတို့ နေထိုင်ရာဒေသသည် ကရင်နီ တပ်မတော်များ မကြာခဏသွား လာလုပ်ရှားနေသည့် ဒေသများ ဖြစ်သည့် အတွက်ကြောင့် ယခုလို အသက်လုံခြုံမှုမရှိသည့် ပြဿနာနှင့် ရင်ဆိုင်နေရခြင်းသာ ဖြစ်နိုင်ကြောင်း ကေအဲန်ဒီအေ အဖွဲ့ဝင်များနှင့် ရင်းနီးသူ လွိုင်ကောင်မြို့ ဒေသခံတဦးက ဆိုသည်။
၎င်းက "သူတို့ အားလုံးကို အစိုးရက ရဲတပ်ဖွဲ့ဝင်အနေနဲ့ တာဝန်ပေးအပ်မယ်ဆိုရင် သက်သာလိမ့်မယ်။ သို့မဟုတ်ရင် ကေအဲန်ပီပီနဲ့ ပြန်လည်ပူးပေါင်းရင်ကော ကေအဲန်ပီပီ အနေနဲ့ ဘယ်လိုထင်မလဲ။" ဟု ပြောသည်။
ယခုလက်ရှိ ကေအဲန်ဒီကေအဖွဲ့ဝင် တဦးစနှစ်ဦးစတို့က ၎င်းတို့မိသားစုရှိရာ ကျေးရွာများ၌ သာမန်ပြည်သူအဖြစ် ပြန်လည်နေထိုင်နိုင်ရေးအတွက် ကရင်နီ အလည်ပိုင်းဒေသတွင် လုပ်ရှားနေသော ကရင်နီတပ်မတော် တပ်ဗိုလ်တပ်မှူးများထံ နေထိုင်ခွင့်များ တောင်းခံလျှက်ရှိသည်ဟု ဆိုသည်။
"ကျနော် တာဝန်ရှိနေသေးတရွေ့တော့ သူတို့ နေထိုင်လို့ရတယ်။ ကျနော့ ခွင့်ပြုချက်နဲ့ပေါ့လေ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်လည်း သူတို့ကို သိတယ်လေ။ ဒါပေမဲ့ ကျနော်တခုစိုးရိမ်တာက ဒီဒေသမှာ ကျနော် တာဝန်မရှိတော့ဘူးဆိုရင် အခြားတယောက် လာမယ်ဆိုရင် သူတို့အတွက် အခက်အခဲရှိနိုင်မယ်လို့ ကျနော်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော့်ခွင့်ပြုချက်နဲ့ နေထိုင်ခွင့်ပေးတဲ့သူတွေကို အထက်က ကြိုက်လား မကြိုက်ဘူးလား ဆိုတာရှိသေးတယ်။ ဒါကြောင့်မလို့ အခုဆို ကျနော်သူတို့ကို ပြောတယ်။ မင်းတို့ တကယ်ဘဲ မင်းတို့ရဲ့ရွာမှာ ပြန်လာနေမယ်ဆိုရင်။ မင်းတို့ အဖွဲ့အစည်းထောက်ခံစာနဲ့လာ ဆိုပြီးနောက်ပိုင်း ကျနော်သူတို့ကို အဲလိုမျိုး အသိပေးလိုက်တယ်။" ဟု ကရင်နီပြည် လွိုင်ကော်ဒေသတွင် လုပ်ရှားသော ကရင်နီတပ်မတော်မှ အရာရှိတဦးက ရှင်းပြသည်။
ယခုလ ၅ ရက်နေ့က အင်အား (၆၀) ၀န်းကျင်ရှိသော ကေအဲန်ဒီအေ လက်နက်ခဲယမ်းများကို စစ်အစိုးရမှ သိမ်းဆည်း လိုက်ပါသည်။ လက်နက်များ အပြီးအပိုင် သိမ်းဆည်းလိုက်ပြီးသည့်နောက် ကေအဲန်ဒီအေ အဖွဲ့ခေါင်းဆောင်များအား အကျယ်ချုပ်ဖြင့် ဖမ်းဆီးထားရှိပြီး အဖွဲ့ဝင်ငယ်သားများအား ကရင်နီပြည် ခဲမဖြူဒေသ၌ ထားရှိသည်ဟု သိရသည်။
No comments:
Post a Comment