Friday, October 17, 2008

၆၀ မမ စိန်ပြောင်းသံများအောက်က ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်တခု

ငြိမ်းဝေ


ကျနော်တို့ သုံးယောက်ရှေ့က ကိုက် ၂၀၀ ခန့်အကွာတွင် တဲသာသာ အိမ်ကလေးတလုံးကို တွေ့ရသည်။ လမ်းကိုပိတ်ပြီး တဲထိုးထားသဖြင့် ကျနော်နှင့် တွေ့ဆုံရန်ရှိသည့် ပုဂ္ဂိုလ်များသည် ယင်းတဲကလေးထဲတွင် ရှိနေလိမ့်မည်ဟု ယူဆမိ၏။


"တပ်မဟာမှူးက ဒီမှာ ရှိနေတာလား"

ကျနော့်ရှေ့က လျှောက်နေသည့် တပ်ကြပ်ကြီး ဖားတေးက ကျနော့်စကားကို မကြားချင်ယောင်ဘဲ ဆောင်သည်လား၊ ဒါမှမဟုတ် တကယ်ပဲ မကြားလိုက်သည်လားမသိ။ ကျနော့်ကို မည်သို့မျှ မတုံ့ပြန်ဘဲ ရောက်သည့်နေရာတွင်ပင် ရပ်လိုက်သည်။

ကျနော်တို့ပါလာသည့် လမ်းပြရွာသားအဖော်သည် တပ်ကြပ်ကြီးဖားတေးနှင့် ကရင်လို စကား တခွန်း-နှစ်ခွန်း ပြောကာ ရှေ့ဆက်မလိုက်လာတော့ဘဲ နောက်ကြောင်းပြန်လှည့်သွားခဲ့၏။

"ခုနတုန်းက ဆရာကြီး မေးတာ ကျနော်ကြားပါတယ်။ ဒါပေမဲ့ တပ်မဟာမှူး ရှိနေတဲ့ နေရာကို လုံခြုံရေးအရ မဖြေသင့်လို့ ကျနော် မကြားချင်ယောင်ဆောင်လိုက်တာပါ"

ကျနော် ... ကိုယ့်ကိုယ်ကို ဒေါသဖြစ်မိသည်။ တပ်ကြပ်ကြီးဖားတေးကို ကျေးဇူးတင်မိ၊ အားနာမိသည်။ ကိုယ့်အပြစ်နှင့်ကိုယ်မို့ တခြား ဘာစကားမျှ မပြောတော့ဘဲ တပ်ကြပ်ကြီးဖားတေး နောက်မှ တိတ်ဆိတ်စွာ ကျနော် လမ်းလျှောက်လိုက်လာခဲ့ရ၏။

တဲကလေးဆီ ဦးတည်နေသည့် လူသွားလမ်းကလေးမှာ အစိမ်းရောင် ကော်ဇောတချပ်ပေါ်၊ နီညိုရောင် ဖဲကြိုးပြားတချောင်း အလိုက်သင့်ချထားသလို ဖြစ်နေ၏။ နံနက်ခင်းနေရောင်က သစ်ပင်ထိပ်ဖျားများကို ထိရုံနမ်းရုံမျှသာ ရှိနေသေး၏။ အ၀ါရောင် အစက်အပြောက်များ သစ်လွင်လွန်းနေ၏။ အမျိုးအမည်မသိ ငှက်တကောင်က ကျနော်တို့ဘေးက တောအုပ်ထဲမှတဆင့် ဆွဲဆွဲငင်ငင် အော်မြည်လျက်ရှိ၏။ ချက်ချင်းဆိုသလို ငှက်မြည်သံမှာ ကျနော်တို့နှင့် ဝေးရာသို့ ရွေ့သွားခဲ့၏။

ကျနော်တို့ နှစ်ယောက် တဲကလေးရှေ့သို့ ရောက်သွားသောအခါ၊ အနက်ရောင် စစ်ဝတ်စုံ ၀တ်ထားသည့် ကရင်ရဲဘော်နှစ်ယောက် ဘယ်နေရာက ထွက်လာသည်မသိ ကျနော်တို့ နှစ်ယောက်ရှေ့တွင် ဘွားကနဲပေါ်လာခဲ့၏။ တပ်ကြပ်ကြီးဖားတေးက ရုတ်တရက် ပေါ်လာသည့် ကရင်ရဲဘော်လေးနှစ်ဦးကို "၀ါလက်ကေ" ဟု ကရင်လို နှုတ်ဆက်လေသည်။

(ခ)

"ဘယ်လိုလဲဗျ။ ကေအန်ယူ တပ်မှူးတယောက် ရှိတဲ့နေရာကို လာပြီး၊ ကွန်မြူနစ်စာအုပ် ဖတ်နေတာလား"

"ကွန်မြူနစ် စာအုပ်ရယ်လို့ မဟုတ်ပါဘူး ဗိုလ်မှူး။ မာနယ်ပလောက ထွက်တော့ အချိန်ကြာကြာဖတ်ရမယ့် စာအုပ် ၃ အုပ် ဆွဲလာတာ။ အဲဒီစာအုပ် ပါလာတာပါ။ မော်စီတုန်းလည်း တော်လှန်ရေးသမားပါပဲ ဗိုလ်မှူး"

"အလကား ခင်ဗျားကို စတာပါဗျာ။ စာနဲ့ပေနဲ့ ဝေးနေတာလည်း ကြာပြီဗျာ။ ခင်ဗျားဖတ်ပြီးရင် ကျုပ်ကို ပေးဖတ်ပါဦး"

တဲကလေးကို ရောက်ပြီး နောက်တနေ့၊ တပ်မဟာမှူးနှင့် ကျနော် ပြောခဲ့ဆိုခဲ့သည့် စကားတချို့ကို ပြန်တွေးမိသည်။ ထိုနေ့တွင်ပင် ကျနော်က တပ်မဟာမှူးကို "ကျော်ထက်ထွန်း" ဘာသာပြန်သည့် "မော်စီတုန်း အထုပ္ပတ္တိ" စာအုပ်ကို ပေးငှါးဖတ်ခဲ့၏။ တပ်မဟာမှူးသည် နှစ်ရက်လုံးလုံး စာအုပ်ကို လက်ကမချ စွဲစွဲမြဲမြဲ ဖတ်သည်ကို တွေ့ခဲ့ရ၏။ ပြီးတော့မှ ကျနော့်လက်ထဲ စာအုပ်ပြန်အပ်ရင်း မှတ်ချက်စကား ဆိုလေသည်။

"အေးဗျာ၊ ဒီစာအုပ်ကို ဖတ်မှပဲ ကျုပ်လုပ်လာတဲ့ နှစ် ၃၀ လောက် တော်လှန်ရေးကို အစကနေ ပြန်ပြီး စချင်တော့တယ် ကိုငြိမ်းဝေရေ ..."

ကျနော်က တပ်မဟာမှူးကို အပြုံးနှင့်သာ နှစ်သိမ့်လိုက်ရ၏။

တဲကလေးပေါ်တွင် ကျနော်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၁)၊ တပ်မဟာမှူး ဗိုလ်မှူးချုပ် "ကျော်လင်း" တို့ တနာရီကျော်ကြာ စကားထိုင် ပြောခဲ့ကြ၏။ ကျနော့်စိတ်ထဲ တပ်မဟာမှူးနှင့် တပတ်ခန့် အတူနေထိုင်ခွင့် ရစဉ်အတွင်း တပ်မဟာမှူး၏ တော်လှန်ရေးသမားဘ၀ အတွေ့အကြုံများကို ခရေစေ့တွင်းကျ မေးမြန်းမှတ်သားရလိမ့်မည်ဟု တွေးထားခဲ့၏။

ကျနော့်ရှေ့တွင် အသက် ၆၀ အရွယ် ကရင်စစ်သားကြီးတဦး ထိုင်နေသည်။ တရုတ် စစ်ဘောင်းဘီပွပွကို ဒူးဆစ်ကျော်သည်အထိ လိပ်တင်ကာ၊ ဒူးတဖက်ထောင်၊ တဖက်လှဲလျက် ထိုင်နေ၏။ လိပ်တင်ထားသည့် ဘောင်းဘီအောက်မှ ဖြူဖွေးသော ပေါင်သားပေါ်တွင် ထိုးကွင်းမင်ကြောင်များ အထင်အရှား တွေ့နေရ၏။ အရပ်မြင့်သဖြင့် ထိုင်နေစဉ်အခါ သူ့ခါးမှာ ရှေ့သို့ ကိုင်းညွှတ်သလို ဖြစ်နေလေသည်။ ယခုအချိန်အထိ ကြမ်းတမ်းသည့် တောလမ်းခရီးများကို နေ့ညအချိန်မရွေး ထသွားထလာ လုပ်နိုင်နေသေးသော်လည်း ရာသီဥတုဒဏ်နှင့် အသက်အရွယ်ကြီးရင့်မှု ဒဏ်ရာဒဏ်ချက်များကိုမူ သူ့မျက်နှာပေါ်တွင် အထင်အရှား တွေ့နေရ၏။ မျက်လုံးများမှာ အရွယ်နှင့် မလိုက်ဖက်လောက်အောင် အရောင်တောက်လျက်ရှိ၏။ စကားပြောသည့်အခါ မာမာတင်းတင်း မပြောတတ်ဘဲ၊ ရယ်သည့်အခါတွင်လည်း ထိန်းအုပ်ပြီးမှ ရယ်တတ်၏။

"မနက်ဖြန်ကျရင်တော့ မိဆိုင်းတောင်ပေါ်ဘုရား တက်ဖူးကြတာပေါ့ဗျာ။ ပြီးတော့ ညမအိပ်ဘူး။ ဟိုမှာ မာနယ်ပလောကလာမယ့် အဖွဲ့အတွက် ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီးရင် နေ့ချင်း ပြန်ဆင်းလာကြတာပေါ့။ ခင်ဗျား လိုက်မယ်မို့လား"

ကျနော်က တပ်မဟာမှူး၏ ဖိတ်ခေါ်ချက်ကို သဘောတူလိုက်၏။

(ဂ)

တဒေါင်ဆစ်ချိုး တောင့်ကွေးတနေရာတွင် ခရီးသည်များ ခေတ္တခဏ နားနေနိုင်ရန် ၀ါးတန်းလျားများ ထိုးထား၏။ ကျနော်တို့ လူအုပ်ကိုတွေ့တော့ ကျနော်တို့အရင်ရောက်နှင့်ပြီး ထိုင်နားနေကြသည့် ဘုရားဖူး ခရီးသည် လူအုပ်က ထိုင်ရာမှထပြီး ခရီးဆက်ကြ၏။ ကျနော်တို့လူအုပ်က ၀ါးတန်းလျားများတွင် ၀င်ထိုင်လိုက် ကြ၏။

ကျနော်တို့လူအုပ် ခေတ္တထိုင်နေသည့် တောင်စောင်းအကွေ့၊ အောက်ဘက်ဆီမှ ကက်ဆက်သီချင်းသံများ ကြားရ၏။ ထိုအခါကျမှပင် ကျနော်တို့လူအုပ်ကို နေရာဖယ်ပေးသွားကြသည့် လူအုပ်မှာလည်း ဓာတ်ခဲနှင့် ဖွင့်ရသည့် လက်ဆွဲ ကက်ဆက်ကလေးများ လက်ကဆွဲကာ သီချင်းသံများ ဆူညံနေသည်ကို သတိပြုမိသွား၏။ တောင်ကွေ့ ဖြစ်သဖြင့် လူမရောက်ခင် သီချင်းသံက အရင်ရောက်လာ၏။

တောင်ကွေ့ကို ကြည့်နေစဉ် ကရင်လူငယ်လုံမငယ် ၁၀ ယောက်ခန့် ဆူဆူညံညံနှင့် တောင်ကွေ့တွင် ဘွားကနဲ ပေါ်လာ၏။ ကျနော်တို့လူအုပ်ကို တွေ့တော့ ဆူညံသံများ ရုတ်တရက် တိတ်သွားရ၏။ ကျနော်တို့ လူအုပ်မှာလည်း အရပ်သားဝတ်စုံ ၀တ်ထားသူဆို၍ ကျနော်နှင့် ခရိုင်အတွင်းရေးမှူး "ပဒိုကိုလေး" တို့ နှစ်ဦးသာရှိပြီး၊ ကျန်လူအားလုံး စစ်ဝတ်စုံ၊ စစ်လက်နက် အပြည့်အစုံနှင့် ဖြစ်နေ၏။ သို့သော် ချက်ချင်းဆိုသလို ကရင်လို အပြန်အလှန် နှုတ်ဆက်လိုက်ကြပြီးနောက် သူတို့လူအုပ်က အနားမယူဘဲ တောင်ပေါ်ဆက်ပြီး တက်ကြ၏။ သူတို့လူအုပ်တွင် အသက်အရွယ် ကြီးရင့်သူနှင့် အသက်ငယ်လွန်းသူ တဦးမျှမပါ။ အားလုံး ဆယ်ကျော်သက်အရွယ် လူငယ်လူရွယ်တွေချည်း ဖြစ်ကြ၏။ ထူးခြားချက်မှာ လူငယ်များက လုံမငယ်များထက်ပိုပြီး ပေါင်ဒါများ မျက်နှာအပြည့် ဖွေးဖွေးလှုပ်မျှ သုပ်လိမ်းလာကြ၏။ သူတို့အထဲက သုံးယောက်ခန့်မှလွဲပြီး ကျန်သူအားလုံး၏ လက်ထဲတွင် လက်ဆွဲကက်ဆက် ကလေးများ ကိုယ်စီဆွဲလာကြ၏။ ကရင်သီချင်းမျိုးစုံကို ဆူညံစွာ ဖွင့်လာကြ၏။

ကရင် လူငယ်လူအုပ် ကက်ဆက်သံဆူဆူညံညံနှင့် တောင်ပေါ်သို့ ဆက်လက်ထွက်ခွါ ဝေးသွားစဉ်၊ နေရာခန့်မှန်းရခက်သည့် တောင်အောက်တနေရာမှ ၆၀ မမ စိန်ပြောင်းသံ နှစ်ချက်ကို တမိနစ်စီမျှခြားကာ ကြားလိုက်ရ၏။ ကျနော့်စိတ်ထဲ ဒုံသမိချောင်းဘေးတွင် တပ်စွဲထားသည့်၊ နအဖ စစ်တပ် တပ်မ ၉၉ လက်အောက်ခံ ခလရ ၃၂ ဆီက ပစ်ဖောက်လိုက်သည့် လက်နက်ကြီးပစ်သံဟု ခန့်မှန်းနေမိ၏။

လက်နက်ကြီးပစ်သံ ကြားရသဖြင့် တပ်မဟာမှူးနှင့် အဖွဲ့ကို ကျနော် အကဲခတ်လိုက်သည်။ သူတို့အားလုံး ထူးခြားသည့် အရိပ်လက္ခဏာ တစိုးတစေ့မျှ ကျနော် မတွေ့ရ။ ထိုစဉ်မှာပင် အောက်ဘက် တောင်ကွေ့ဆီက ကက်ဆက်သီချင်းသံများ ကြားလာရပြန်သည်။ မကြာမီ တောင်အကွေ့တွင် ဘုရားဖူးခရီးသည်များ ရောက်လာဦးတော့မည်။

ကျနော့်စိတ်ထဲတွင် နအဖ စစ်တပ်က အချိန်အခါမရွေး ပစ်ဖောက်လျက်ရှိသည့် လက်နက်ကြီး ပစ်သံများအောက်တွင် သီချင်းသံ၊ ဆိုင်းသံဗုံသံများနှင့် ယှဉ်တွဲကျင်းပတော့မည့် "မိဆိုင်းတောင်ပေါ်ဘုရား ၁၁ ကြိမ်မြောက် ဗုဒ္ဒပူဇနိယပွဲတော်" ကို တွေးကာ၊ ဆန်းကြယ်လှသည့် ဘုရားပွဲတော်တခုနှင့် ကြုံတွေ့ရမည့် အရေးအတွက် ရင်ခုန်နေမိလေသည်။ ။


No comments: