Wednesday, October 22, 2008

စစ်တပ်ဝင်ငွေအတွက် လူထုကို ငွေချေးခိုင်း

ကန္တာရ၀တီတိုင်း( မ် )

ကရင်နီပြည် လွယ်လင်ဒေသတွင် အခြေစိုက်နေသည့် ခမရ ၅၃၀ မှ တပ်ရင်းဗိုလ်ကြီး မြင့်ဆွေသည် ၎င်း၏ တပ်ဝင်ငွေရရှိရန်အတွက် ပြီးခဲ့သည့် သြဂုတ်လ ကုန်ပိုင်းမှစ၍ ရွာသူ/သားများကို မယူမနေရ ငွေများထုတ်ချေးခဲ့ပြီး ဒီဇင်ဘာလကုန်တွင် အတိုးဖြင့် ပြန်လည်၍ ပေးဆပ်ရမည်ဖြစ်သည်ဟု ကရင်နီလူမှု ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့(ကေအက်စ်ဒဗလျူဒီစီ)က ဆိုသည်။

တပ်ရန်ပုံငွေအတွက် တခြားနည်းလမ်းဖြင့် ၀င်ငွေရှာလို့မရတော့သည့်အတွက် ရွာသူ/သားမျာကို ယခုလို ချေးငွေများထုတ်ပေး၍ အရင်းနှင့် အတိုးများ ပြန်လည်ရရှိရန် အမိန့်စာဖြင့် ရက်သတ်မှတ်ပေးထားသည်ဟု ကေအက်စ်ဒဗလျူဒီစီ ပင်မတာဝန်ခံ ခူဒယ်နီယာယ်က ပြောသည်။

ထိုကိစ္စနှင့် ပတ်သက်၍လည်း ကရင်နီ အဲဗားဂရင်းအဖွဲ့ (သဘာဝပတ်ဝန်းကျင် အမြဲစိမ်းလန်းရေး)မှ အဖွဲ့တာဝန်ခံ ခူးညေးရယ်က လွယ်လင်ဒေသတွင်းရှိ တီးလုံနှင့် ထီးစခါးအုပ်စုရှိကျေးရွာပေါင်း ၃၀ ၀န်းကျင်ခန့်ကို တစ်အိမ်ထောင်လျှင် ကျပ် ၁၀၀၀၀ နှုန်းဖြင့် ထုတ်ချေးခဲ့ပြီး ဒီဇင်ဘာလကုန်ရောက်လျှင် ကျပ် ၈၀၀၀ အတိုးနှုန်းဖြင့် ပြန်လည်ပေးဆောင်ရမည်ဟု ပြောသည်။

၎င်းက"သူပေးတဲ့ ငွေကတော့ ပြီးခဲ့တဲ့ သြဂုတ်လကုန်မှ သူပေးတာလေ။ ပေးတော့ လယ်လဲ စိုက်ပြီးပြီပေါ့နော်။ ရွာသားတွေက မသုံးဖြစ်ဘူးလေ။ သုံးစရာမှ မလိုတော့ပဲ။ သုံးရင်လဲ မလောက်ပါဘူး တစ်သောင်းလေးက မုန့်ဖိုးလောက်ပဲ ကျတာပေါ့။ ရွာသားတွေက မယူမနေရဆိုတော့ ယူရတာပဲလေ၊ ယူပြီးတော့မှ နောက်ထပ် ရှစ်ထောင်ရှာပြီးတော့မှ အတိုးပြန်ပေးပေါ့။ မပေးရင်တော့ သူကတော့ တစ်မျိုးမျိုးပြောမှာပဲလေ။ မပေးမနေရ အဲလိုမျိုးသူပြန်လုပ်လာမယ်။ ခပ်များများကတော့ သစ်တောင်းမယ်၊ ၀ါးတောင်းမယ် အဲလိုမျိုးတွေပေါ့" ဟု ပြောပါသည်။

ကရင်နီပြည်တွင် လှုပ်ရှားနေသော အစိုးရစစ်တပ်ရင်းများသည် ပြည်သူလူထုအပေါ် အတင်းအဓမ္မ လုပ်အားပေးခိုင်းစေခြင်း၊ အခကြေးငွေမပေးပဲ ပစ္စည်း များတောင်းခံခြင်း၊ အတင်းအဓမ္မ သစ်ဝါးများတောင်းခံခြင်း၊ စားနပ်ရိက္ခာများ တပ်စခန်းအတွက် အတင်းအဓမ္မပေးပို့ခိုင်းခြင်း စသည်များကို ပြုလုပ်နေသည်ဟုလည်း ဆိုပါသည်။

လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းများနှင့် ပတ်သက်ပြီး ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာသောမတ်စ်အိုဟေ ကင်တာနာ ကလည်း ပြီးခဲ့သည့် အောက်တိုဘာလ ၈ ရက်နေ့တုန်းက မြန်မာစစ်အစိုးရအား ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ အခြေခံ လူ့အခွင့်အရေးများကို ပြန်လည်စီစစ် ပြင်ဆင်ရန်နှင့် လေးစားလိုက်နာရန် တိုက်တွန်းထားသည့် အစီရင်ခံစာ တစ်စောင်ထုတ်ခဲ့ပါသည်။

မစ္စတာကင်တာနာ၏ အစီရင်ခံစာတွင် "အခြေခံ လူ့အခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ စုရုံးခွင့်နှင့် လွတ်လပ်စွာ ဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တို့ကို လေးစားလိုက်နာမှသာ တိကျခိုင်မာတဲ့ ဒီမိုကရေစီ စနစ်တစ်ခုကို တည်ဆောက်နိုင်မှာဖြစ်တယ်" ဟု ပြောဆိုထားပါသည်။

ကရင်နီပြည်သူများ လူ့အခွင့်အရေး ချိုးဖောက်ခံနေရသည်မှာ ယခင်မြန်မာပြည် လွတ်လပ်ရေး ရရှိပြီးသည့်နောက် နေ၀င်း စစ်အာဏာသိမ်းပြီးသည့် နောက်ပိုင်းမှ စတင်ချိုးဖောက်ခံနေရခြင်း ဖြစ်သည်ဟု ခူဒယ်နီယာယ်က ပြောပြပါသည်။

လူမှုကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသော ကေအက်စ်ဒဗလျူဒီစီနှင့် သဘာဝပတ်ဝင်းကျင်ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေသော ကရင်နီ အဲဗားဂရင်းအဖွဲ့တို့သည် ကရင်နီပြည်တွင်း၌ လူထုများအတွက် အနီးကပ် လုပ်ဆောင်လျက်ရှိသော အဖွဲ့များဖြစ်သည်။


No comments: