ပြည်သူချစ်လျှင် ကမ္ပည်းတင်မည်” ဆိုတဲ့ ပိတောက်ပွင့်သစ်မဂ္ဂဇင်းရဲ့ မူပိုင်ဆောင်ပုဒ်ကလေးနဲ့ စပါရစေ။
ပြည်သူချစ်ဖို့ဆိုတာ သမိုင်းကြောင်းကောင်းမှ။ သမိုင်းကြောင်းကောင်းဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။ လူတယောက် ရဲ့ကိုယ်ကျင့် သိက္ခာနဲ့ လုပ်ရပ်ပေါ်မှာ မူတည်တာကိုး။ အဲဒီတော့ သမိုင်းကြောင်းကောင်းဖို့ဆိုတာ သာမန်လူတယောက် အနေနဲ့ပဲဖြစ်ဖြစ်၊ တိုင်းပြည်ကို အုပ်ချုပ်တဲ့ မင်းအစိုးရပဲဖြစ်ဖြစ် ဂုဏ်သိက္ခာရှိဖို့၊ ကိုယ်ကျင့်တရားကောင်းဖို့၊ ဖြူစင်ဖို့ လိုအပ်တယ်။ သာမန်လူတယောက်ထက် တိုင်းပြည် အတွက် ဦးဆောင်ဦးရွက်အလုပ်လုပ်နေတဲ့ တာဝန်ရှိသူ တယောက် က ပိုပြီး မိမိရဲ့ကိုယ်ကျင့်သိက္ခာကို ထိန်းသိမ်းဖို့ ပိုအရေးကြီးတယ်။
ဒီနေ့ မြန်မာပြည်မှာ အုပ်ချုပ်နေတဲ့ ထိပ်ပိုင်းက စစ်အစိုးရခေါင်းဆောင်များ ကိုယ့်သမိုင်းကိုယ်ရေးရာမှာ ဘယ်လောက် သမိုင်းကြောင်း ကောင်းခဲပါသလဲ၊ ကြည့်ကြရအောင်ဗျာ။
သမိုင်းကြောင်းကောင်းဖို့ဆိုတာကလည်း ကိုယ်ကျင့်သိက္ခာပိုင်းရော၊ စိတ်ဓာတ်ရေးရာပိုင်ကော ပါရမှာကိုး။ အဲဒီတော့ တိုင်းပြည်နဲ့ ပြည်သူကို အုပ်စိုးသူက ကတိစကားပြောပြီးရင် ကိုယ့်ကတိကို ကိုယ်လေးစားရမယ်၊ လိုက်နာရမယ်။ မင်း ကျင့်တရား (၁၀) ပါးဆိုပေမယ့် (၅) ပါးလောက်ကော ထိန်းထားနိုင်ရဲ့လား။ ဥပဒေနဲ့အညီကော အုပ်ချုပ်ပါရဲ့လား။ လောကပါလတရားဖြစ်တဲ့ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ညီမျှခြင်းဆိုတဲ့ စောင့်ထိန်းမှုတရားကော ရှိကြရဲ့လား။ ဗုဒ္ဓဘာသာ လူမျိုးပီပီ ဘာသာတရားနဲ့ ဗုဒ္ဓရဲ့ သားတော် ရဟန်းသံဃာတွေအပေါ်မှာကော ကြည်ညိုရိုသေကိုင်းရှိုင်း မှုကော ရှိပါရဲ့လား။ ပြည်သူကို ရင်ဝယ်သားကဲ့သို့ ကြင်နာသနားတတ်တဲ့ ဗြဟ္မစိုရ်မေတ္တာတရားကော ရှိပါသလား။ သလား…သလားတွေ မေးပါများမိတာ စိတ်မကောင်းစရာပါပဲ။
သမိုင်းကောင်းတင်မယ့်အလုပ်ထက် သမိုင်းဆိုးတင်မယ့်အလုပ်တွေက များနေတော့ သမိုင်းကောင်းရင် ပြည်သူချစ်မယ်။ ပြည်သူချစ်လျှင် ကမ္ပည်းတင်မယ်ပေါ့။

ယနေ့အစိုးရပိုင် သတင်းစာတွေမှာ အစိုးရလက်ကိုင်တုတ် ပုဆိန်ရိုး ဆောင်းပါးရှင်တွေကတော့ မစားရ၀ခမန်း ဖား ဆောင်းပါးတွေ တဖက်သတ် ရေးနေတာတွေ ဖတ်ရတော့ ရီလည်းရီရတယ်၊ ဒေါသလည်း ထွက်မိတယ်။ ဒါဆိုရင် မဖတ်နဲ့ပေါ့လို့ ပြောစရာရှိတယ်။ ကျုပ်ကလည်း မဖတ်ချင်ပေမယ့် သကောင့်သား ငဖားတွေ ဘာတွေများ ကလိန်စေ့ ငြမ်းဆင် အကွက်ရိုက်နေတာလည်း သိချင်တာကိုး။ ကဲ ကောင်းပြီ။
၂၈၊ ၈၊ ၀၈ နေ့နှင့် ၂၉၊ ၈၊ ၀၈ နေ့ထုတ် သတင်းစာတွေထဲမှာ ဆောင်းပါးရှင် ပုဆိန်ရိုး ဒဲ့ဒိုးရဲ့ “ပန်းလိုချင် အပင်ကိုပျိုးပါ” နှင့် “ဆင်စီး၍ မြင်းရံစေချင်သည်” ဆိုတဲ့ ဆောင်းပါးနှစ်ပုဒ်ကို ပြောကြည့်ရအောင်။
“ငါတို့ မြန်မာပြည်က တချို့ပုဂ္ဂိုလ်များဆိုရင် သူတို့အာဏာရဖို့ ပြည်သူလူထုကို စီးပွားရေး ပိတ်ဆို့ခံပြီး အငတ်နေကြ ပစေလို့ သဘောထားကြတာ၊ ပြီးတော့ သူတို့အာဏာရဖို့ မသိနားမလည်တဲ့ ပြည်သူတွေကို သွေးထိုးလှုံ့ဆော်ပြီး မတည်မငြိမ်ဖြစ်အောင် တွန်းပို့ခဲ့ကြတာ” လို့ ရေးထားတာ။
ကဲ…သွေးထိုးလှုံ့ဆော်ပြီး ပြည်သူတွေကို မတည်မငြိမ်ဖြစ်အောင် လုပ်တယ်ဆိုတဲ့ ကိုဒဲ့ဒိုးရဲ့စကားကို ရှင်းရအောင်။ ၂၀၀၇ ခုနှစ် စက်တင်ဘာ (၁၈) ရက်နေ့မှာ ကုန်ဈေးနှုန်းကျဆင်းရေးအတွက် ရွှေဝါရောင်တော်လှန်ရေးမှာ ရဟန်း သံဃာများ၊ ကျောင်းသားပြည်သူများနဲ့ အန်အယ်လ်ဒီအဖွဲ့ဝင်များ ငြိမ်းချမ်းစွာ မေတ္တာပို့ဆုတောင်း လမ်းလျှောက်ခဲ့တာ အင်အားသောင်းနဲ့ချီ ရန်ကုန်တမြို့လုံး ထိန်ထိန်ဝါခဲ့တယ်။ အဲဒီမှာ ဖွံ့/ကြံ့၊ စွမ်းအားရှင်ဆိုတဲ့ လူဆိုး လူတေ လူပေ တွေကို နေ့တွက်စရိတ်ပေးပြီး သွေးထိုးလှုံ့ဆော်ခိုင်းတာ၊ အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခဲ့တာ ဘယ်သူက ခိုင်းတာလဲ။ ၂၀၀၇ ခုနှစ်က ဝေးပါသေးတယ်။ မကြာမီက ဇွန်လ (၁၉) ရက်နေ့ လူထုခေါင်းဆောင် အန်အယ်လ်ဒီအဖွဲ့ချုပ်ရဲ့ အထွေ ထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် အသက် (၆၃) နှစ် မွေးနေ့အထိမ်းအမှတ်အဖြစ် အဖွဲ့ချုပ်ရုံးရှေ့မှာ သံဃာ တော်အရှင်မြတ်များနဲ့ သီလရှင်များကို အန်အယ်လ်ဒီ အမျိုးသမီးလုပ်ငန်းအဖွဲ့က ဆွမ်းဆန်ခဲဖွယ် ပစ္စည်းများကို အေး အေးချမ်းချမ်းနဲ့ အလှူဒါနပြုခဲ့ကြတယ်။
အဲဒီမှာ နအဖစစ်အာဏာရှင်ရဲ့ ပုဆိန်ရိုးလက်ကိုင်တုတ်အောက်ဆွဲ ကြံ့ဖွံ့နဲ့ စွမ်းအားရှင်တွေက ဒိုင်နာကား လေးငါးစီး လူအပြည့်နဲ့ အဖွဲ့ချုပ်ရုံးရှေ့မှာ ကားရပ်ပြီး ၀င်ရိုက်ဖမ်းဆီး အကြမ်းဖက်တော့တာပါပဲ။ မတည်မငြိမ်ဖြစ်အောင် ဘယ်သူ လုပ်တာလဲ၊ ထိပ်တိုက်ရင်ဆိုင်မှု အကြမ်းဖက်တိုက်ခိုက်မှု ဘယ်သူခိုင်းတာလဲ။ တာဝန်ရှိ ပြည်သူ့ရဲတွေ ကားနဲ့ ၀ိုင်းရံ ထားပေမယ့် ဘာမှဝင်မစွက်ခဲ့ဘူး။ ၀င်ရိုက်အကြမ်းဖက်တဲ့သူတွေကိုတော့ အရေးမယူဘဲ အေးအေးချမ်းချမ်းနဲ့ အလှူဒါန ပြုသူတွေ၊ လာရောက်ကြည့်ရှုကြတဲ့သူတွေကိုတော့ ဖမ်းဆီးပြီး ပုဒ်မ ၅၀၅/ခ နဲ့ အရေးယူထားခြင်း ခံရတယ်ဗျ။ ကဲ ဘယ်မှာလဲ တရားဥပဒေ၊ ဘယ်မှာလဲ သူတို့ပြောပြောနေတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ၊ လူအုပ်စုနဲ့ အနိုင်ကျင့် မင်းမဲ့စရိုက်နဲ့ ပြည်သူကို မငြိမ်မသက်ဖြစ်အောင် ဖန်တီးတာ ဘယ်သူတွေလဲဆိုတာ ဆောင်းပါးရှင် ကိုဒဲ့ဒိုး ကျွဲပါးစောင်းတီးဖြစ် တာတော့ မဟုတ်တန်ကောင်းပါဘူးနော်…။
တချို့ကလည်း အာဏာကို ဖြတ်လမ်းက လုယူဖို့ ကြိုးစားတယ်ဆိုပြီး အန်အယ်လ်ဒီကို စောင်းချိတ်သေးတယ်။ ဒီနေ့ အန်အယ်လ်ဒီဟာ ၉၀ ရွေးကောက်ပွဲ နိုင်ပြီးကတည်းက ခုထိ အာဏာကို တစက်တလေမှ မတောင်းခဲ့ဖူးဘူး။ တွေ့ဆုံ ဆွေးနွေးရေးကိုသာ အကြိမ်ကြိမ် ကမ်းလှမ်းခဲ့တာ (၁၈) နှစ် ရှိခဲ့ပြီ။ အာဏာငမ်းငမ်းတက်ပြီး လက်မလွှတ်ချင်တာ ဘယ်သူလဲဆိုတာ ကိုဒဲ့ဒိုး ထမင်းစားပြီး ကြီးတာဆိုရင် သိပါလိမ့်မယ်။

ကိုဒဲ့ဒိုးရေ… ၉၀ ပြည့်နှစ် ရွေးကောက်ပွဲကို ကျင်းပပြုလုပ်ပေးတာ လမ်းဘေးက ပရမ်းပတာ၊ ဂျလေဘီတွေ မဟုတ်ပါ ဘူးနော်။ တကယ့် ဥပဒေပညာရှင်ကြီးတွေ၊ ပညာတတ်တွေနဲ့ ဂုဏ်သိက္ခာကြီးမားတဲ့၊ အစဉ်အလာကြီးခဲ့တဲ့ မြန်မာ့ တပ်မတော် စစ်ခေါင်းဆောင်ကြီးတွေဆိုတာ သိတယ်နော်။ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံရွေးကောက်ပွဲဆိုတာ အဲဒီပုဂ္ဂိုလ်ကြီးတွေက ကမ္ဘာကိုရော၊ မြန်မာကိုပါ တရားဝင် ကြေညာခဲ့တာ ခုထိ မမေ့နိုင်သေးပါဘူး။
၁၉၉၀ ပြည့်နှစ် မေ (၃၀) ရက်နေ့က န၀တ ဥက္ကဋ္ဌကြီးက န၀တအဖွဲ့ဝင်များ အစိုးရ၀န်ကြီးများ၊ ကာကွယ်ရေးဌာနမှ အရာရှိကြီးများ အပါအ၀င် ကာကွယ်ရေးဌာန စစ်ဆင်ရေးစခန်း အစည်းအဝေးခန်းမှာ…
“ဒီရွေးကောက်ပွဲဟာ တကယ်တမ်းကျရင်တော့ လွတ်လပ်မှုလည်းရှိတယ်။ တရားမျှတမှုလည်းရှိတယ်။ အဓိက အရေး ကြီးတဲ့ လွပ်လပ်၍ တရားမျှတတဲ့ ပါတီစုံ ရွေးကောက်ပွဲလုပ်ငန်းကို ကျနော်တို့ ဆောင်ရွက်ပေးပြီးဖြစ်တယ်” လို့ ပြော ကြားခဲ့တယ်။ နောက် ၁၉၉၀ ပြည့်နှစ် ဇူလိုင် (၂၅) ရက်နေ့မှ န၀တ ထုတ်ပြန်တဲ့ ကြေညာချက် အမှတ် ၁/၉၀ အပိုဒ် ၁၂-ပုဒ်မ (၃) မှာလည်း “လွှတ်တော်ကို မဲဆန္ဒနယ်များမှ ဤဥပဒေနှင့်အညီ ရွေးကောက်တင်မြောက်လိုက်သော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်” ဟု လည်းကောင်း၊ အပိုဒ် (၂၀) တွင်လည်း “ ပြည်သူများက ရွေးကောက်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များသည် အနာဂတ် ဒီမိုကရေစီနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲကြရန် တာဝန်ရှိသည့် ပုဂ္ဂိုလ်များဖြစ်သည်” ဟု အတိအလင်း ဖော်ပြထားတာ ကိုဒဲ့ဒိုး မှတ်မိမှာပါ။
နောက်တခု ကြည်ပါဦး ကိုဒဲ့ဒိုးရေ။ ၁၉၉၀ ပြည့်နှစ် ဇူလိုင်လ (၃) ရက်နေ့မှာပဲ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ဆင်ရေး အစည်းအဝေးခန်းမမှာ န၀တအဖွဲ့နှင့် တိုင်းနှင့်ပြည်နယ် အစည်းအဝေးမှာ ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင်ကပင်…
“ပါတီစုံရွေးကောက်ပွဲ ပြီးရင် ဘာလုပ်ကြမလဲ၊ ဖွဲစည်းပုံအခြေခံဥပဒေရေးဖို့ပဲ ဖြစ်တယ်။ ဒီကိစ္စကိုယ့်အနေနဲ့ (၁.၇.၈၉) နေ့က ပြောတဲ့အထဲမှာပါတယ်။ န၀တ က မရေးဘူးဆိုတာ ပြောပြီးပြီပဲ။ တရားခံလည်း အဖြစ်မခံဘူး။ အခြေခံဥပဒေကို အရွေးခံရတဲ့ ပါတီအဖွဲ့အစည်းတွေက လွှတ်တော်ကိုယ်စားလှယ်တွေ ညှိနှိုင်းပြီး လုပ်ကြရမယ့်ကိစ္စ” လို့ ပြောခဲ့တာ လည်း ကိုဒဲ့ဒိုး ကြားမိမှာပါ။ မသိချင်ယောင်တော့ ဆောင်မနေပါနဲ့ အမှန်ကို အမှန်အတိုင်း ၀န်ခံရဲပါ။
ကဲ န၀တ (နအဖ) စစ်ခေါင်းဆောင်ကြီးတွေ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တွေ၊ ပြောခဲ့တဲ့စကားတွေ၊ ပြုလုပ်ပေးခဲ့တဲ့ ရွေးကောက်ပွဲ၊ စတာတွေဟာ လမ်းပေါ်က ကလေကချေ ဂျလေဘီတွေ ထုတ်ပြန်ပြောဆိုခဲ့တာ မဟုတ်ဘူး။ ဥပဒေ ပညာရှင်တွေ၊ အတတ်ပညာရှင်တွေ၊ အမျိုးကောင်းသား လူကြီးလူကောင်းစစ်ခေါင်းဆောင်တွေဆိုတာ ဘယ်နှယ့် ဖျောက်လို့၊ ပယ်ဖျက်ပစ်လို့ ရနိုင်ပါ့မလဲ ကိုဒဲ့ဒိုးရေ….။
နုတ်တရာ… စာတလုံးကောင်းရင် နှစ်ပေါင်းတထောင်ကြာ ခံတယ်ဆိုတာ ရှိတယ်မဟုတ်လား။
အပြောနဲ့ အလုပ် တသားထဲမကျရင်
ပေးထားတဲ့ကတိစကားတွေ မတည်ခဲ့ရင်
ကိုယ်ထုတ်ပြန်တဲ့၊ ကိုယ့်ကြေညာချက်တွေကို မလိုက်နာခဲ့ရင်… ဂဠုန်ဦးစောလို သမိုင်းမကောင်း ဖြစ်သွားနိုင်တယ်။
အဲဒီတော့ ၂၀၀၇ ခုနှစ်က ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေမူကြမ်းက ပြည်သူက ရွေးချယ်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်များ၊ တိုင်းရင်းသားအဖွဲ့အစည်းများက ဆွဲတာလား။ နအဖလက်ကိုင်တုတ် ပုဆိန်ရိုး လက်ညှိုးထောင် ခေါင်းညိတ်တွေက တဖက်သတ် နအဖအကြိုက်၊ တပ်မတော်က အာဏာကို ထာဝရချုပ်ကိုင်ထားနိုင်ဖို့ ရေးဆွဲကြတာလားဆိုတာ လယ်ပြင် မှာ ဂေါ်ဇီလာသွားသလို ထင်ရှားနေပါတယ်နော်…။
No comments:
Post a Comment