Tuesday, October 7, 2008

ကရင်နီတပ်မတော် လက်နက်ချမည်မဟုတ်ဟု စစ်ဦးစီးချုပ်ပြောကြား

ပီတာအောင်/ ၇ အောက်တိုဘာ ၂၀၀၈။ ။

နအဖစစ်အစိုးရအား လက်နက်ကိုင်တိုက်ခိုက်နေသော ကရင်နီတပ်မတော် လက်နက်ချမည်ဆိုသည့် သတင်း မဟုတ် မမှန်ကြောင်းနှင့် အထင်အမြင်လွဲမှားစေရန် စစ်အစိုးရ၏ ၀ါဒဖြန့်မှုသက်သက်ဖြစ်ကြောင်း ကရင်နီတပ်မတော်အကြီး အကဲ ဗိုလ်ချုပ် ဘီထူးက ပြောကြားသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) အပါအ၀င် စစ်ဦးစီးချုပ်ဗိုလ်ချုပ်ဘီထူးနှင့် ၎င်း၏တပ်ဖွဲ့များ နအဖ စစ်အစိုးရထံ လက်နက်နှင့်ငြိမ်းချမ်းရေးလဲလှယ်ရန် စီစဉ်နေသည်ဆိုသည့်သတင်းများ ကရင်နီအသိုင်းအ၀န်း၌ ထွက် ပေါ်နေသည့်အပေါ် ကရင်နီတပ်မတော်စစ်ဦးစီးချုပ်က ပြန်လည်ငြင်းဆိုခြင်းဖြစ်သည်။

ဗိုလ်ချုပ်ဘီထူးက “ဒီလိုလုပ်တာ မလုပ်သင့်မလုပ်ထိုက်တဲ့ကိစ္စပဲ။ ပြည်သူအတွက်လည်း အကျိုးမဖြစ်ဘူး။ ကျနော်တို့က ဘာမှ လက်နက်ချက်ဖို့အကြောင်းမရှိဘူး။ ကျနော်တို့ရပ်တည်ချက်ကတော့ လူမျိုးစုလက်နက်ကိုင်တွေနဲ့ ပေါင်းပြီးတော့ ပန်းတိုင်ရောက်အောင်ချီတက်ဖို့ပဲ။ ရည်မှန်းထားတဲ့ စစ်မှန်တဲ့ဖယ်ဒရယ်ပြည် ထောင်စုတည်ထောင်နိုင်တဲ့အထိပေါ့ ဆက် လုပ်သွားမယ်” ဟု ပြောသည်။

ယင်းသို့လက်နက်ချရေးကိစ္စနှင့် ပတ်သက်၍ နအဖစ်အစိုးရဘက်က ဆက်သွယ်လာခြင်းမရှိသကဲ့သို့ အပစ်အခတ် ရပ်စဲ ရေးအတွက်လည်း နအဖနှင့် ကေအန်ပီပီတို့အကြား ညှိနှိုင်းဆွေးနွေးပြောဆိုမှုများ ယမန်နှစ်ကတည်းက မရှိတော့ ကြောင်း ကေအန်ပီပီ ပါတီအတွင်းရေးမှူး (၂) ခူးဦးရယ်ကလည်း ခေတ်ပြိုင်သို့ ပြောကြားသည်။

၎င်းက “အဲဒီသတင်းပြန့်နေတာတော့ တပတ်နီးနီးလောက်တော့ရှိပြီ။ လူထုကြားတွေမှာရော အပစ်ရပ်အဖွဲ့ တွေကြားထဲ မှာရော၊ သတင်းလွှင့်ထားတယ်လို့ ကျနော်တို့ကြားရတယ်။ ဒုက္ခသည်စခန်းတွေထဲမှာလည်း ဒီသတင်းတွေဖြန့်နေတယ်။ နအရဲ့လုပ်ကြံသတင်း ဖြန့်ချိရေးသက်သက်ပါ။ အပစ်ရပ်အဖွဲ့တွေကိုလက်နက်ချဖို့ပြောနေတဲ့ တချိန်တည်းမှာတင်ပဲ ကျနော်တို့ဘက်ကို ယိုင်မသွားအောင် ကျနော်တို့ကလည်းဝင်ဖို့ အစီအစဉ် ရှိနေပါတယ်ဆိုတာမျိုး လုပ်နေတာပါ။ လက်နက်ချရုံကလွဲပြီးတော့ ရွေးချယ်စရာလမ်းမရှိဘူး၊ လက်နက်ဆက်လက်ဆွဲကိုင်ပြီးတော့ အားယူဖို့ အဖွဲ့အစည်း နောက်ခံမှာမရှိတော့ဘူးဆိုတဲ့ သဘောမျိုးဖြစ်အောင် တမင်တကာ ၀ါဒဖြန့်ချိတယ်လို့ပဲ နားလည်တယ်” ဟု ပြောသည်။

ကရင်နီတပ်မတော်နှင့် ကေအန်ပီပီပါတီတို့အနေဖြင့် စစ်ရေးနှင့်နိုင်ငံရေး ပုံမှန်ဆက်လက်ဆောင်ရွက်နေပြီး လက်နက်ချ ရေးနှင့် ပတ်သက်၍လည်း ကရင်နီခေါင်းဆောင်များအကြား သဘောထားကွဲလွဲမှုမရှိပါဟု ခူးဦးရယ်က ဆက်လက်ပြော ကြားသည်။

ကေအန်ပီပီနှင့် မြန်မာစစ်အစိုးရအကြား ၁၉၉၅ ခုက အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိဖူးသော်လည်း သဘော တူညီချက်ကို နအဖဘက်က ချိုးဖောက်ကာ ကေအန်ပီပီနယ်မြေအတွင်း တပ်များတိုးချဲ့လာသဖြင့် (၃) လခန့်အကြာ၌ သဘောတူညီချက် ပျက်သွားခဲ့ရသည်။ ထို့နောက် ၁၉၉၆ နှင့် ၁၉၉၈ ခုတို့တွင် ရန်ကုန်၌ (၂) ကြိမ်၊ ၂၀၀၇ မတ်လတွင် ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့၌ (၁) ကြိမ် ကေအန်ပီပီနှင့် နအဖစစ်အစိုးရကိုယ်စားလှယ်အဖွဲ့တို့အကြား ငြိမ်းချမ်း ရေးဆွေးနွေးခဲ့သော်လည်း သဘောတူညီချက် မရရှိခဲ့ပေ။

ကရင်နီစစ်တပ်နှင့် နအဖ စစ်တပ်တို့အကြား ပြီးခဲ့သည့် သီတင်းပတ်အတွင်း တိုက်ပွဲ (၄) ကြိမ်ဖြစ်ပွားခဲ့ကြောင်း ကရင်နီ အမျိုးသားဒီမိုကရက်တစ်တပ်ဖွဲ့ (ကေအန်ဒီအေ) ခေါ် နဂါးတပ်ဖွဲ့ကို ပြီးခဲ့သည့်လဆန်းပိုင်းက စစ်အစိုးရက လက်နက်ချ ခိုင်းခဲ့ကြောင်းနှင့် ကျန်ရှိသည့် ကရင်နီလူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး (ကလလတ) နှင့် ကြယ်ဖြူတပ်ဖွဲ့များကို လည်း လက်နက်အပ်ရန် ဖိအားပေးလျက်ရှိကြောင်း ကရင်နီတပ်မတော်က ပြောကြားသည်။

ကရင်နီ ပြည်သူများ၏ အကျိုးစီးပွား တစုံတရာ ဖြစ်ထွန်းခြင်းမရှိသည့် အကြွင်းမဲ့လက်နက်ချမှုများကို အလျဉ်းပြုလုပ် မည်မဟုတ်ကြောင်း၊ ကရင်နီအမျိုးသားတိုင်း ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရရှိရေး အမျိုးသားဘ၀လွတ်မြောက်ရေး အတွက် အာဏာရှင်စစ်အုပ်စုကို ဆက်လက်ခုခံ တိုက်ပွဲဝင်သွားမည်ဟု ကရင်နီတပ်မတော်က ပြီးခဲ့သည့် တနင်္လာနေ့က ထုတ်ပြန်ကြေညာထားသည်။


No comments: