တေဇ
ကျောက်မြောင်းဘက်က အင်တာနက်ဆိုင်တွေမှာ ရဲနှင့် ထောက်လှမ်းရေးများ စစ်ဆင်ရေးလုပ်နေသဖြင့် အင်တာနက် သုံးစွဲသူများ အစစ သတိထားနေရပြီး အချို့မှာ ဆိုင်ပြောင်းထိုင်ခြင်း၊ သတိထား သုံးစွဲခြင်းများ လုပ်နေရသည်။
“ဆိုင်တဆိုင်မှာဆိုရင် လူတွေအင်တာနက်သုံးနေတုံး ကား၃စီးလောက်နဲ့ ရဲတွေရောက်လာပြီး ဆိုင်ထဲကလူတွေကို အခုလက်ရှိ ဖွင့်ထားတဲ့ ဝက်ဘ်ဆိုက်တွေကို မပိတ်ဘဲ အကုန်ထခိုင်းတယ်။ သူတို့က အဲဒီဝက်ဘ်ဆိုက်တွေကို စက်တလုံးချင်း လိုက်မှတ်တယ်။ အဲဒီနောက် လူတယောက်ချင်းကို သုံးနေတဲ့ဆိုက်နဲ့ပတ်သက်ပြီး မေးတယ်။ ဂျီမေးလ်သုံးနေတဲ့လူဆိုရင် ဟိုဘက်ကလူက ဘယ်ကလဲ ဘယ်သူလဲ ဘယ်နိုင်ငံကလဲ ဘာအကြောင်းပြောနေတာလဲ ဝက်ဘ်ဆိုက်ကြည့်နေတဲ့လူဆိုရင်လဲ ဒီဆိုက်က ဘာအတွက်လဲ ဘာလုပ်ဖို့ကြည့်တာလဲ အကုန်လျှောက်မေးပါတယ်။ အဲဒီမှာ ကောင်မလေးတယောက်က ကြောက်ပြီး သူသုံးနေတဲ့ဆိုက်တွေကို ပိတ်ပစ်လိုက်တယ်။ အဲတာကိုလည်း ဘာလို့ပိတ်တာလဲဆိုပြီး အကုန်ပြန်ဖွင့်ခိုင်းတယ်။ နောက်တော့ သုံးနေတဲ့လူတွေကို ပြန်လွှတ်လိုက်ပေမယ့် အဲဒီကောင်မလေးကိုတော့ ဆက်စစ်နေသေးတယ် နောက်ဆုံး ဆိုင်ပိုင်ရှင်ကိုလည်း ခေါ်သွားတယ်။ အခုတော့ အဲဒီဆိုင် ပိတ်ထားရတယ်။ တခြားဆိုင်တွေကိုလည်း အဲဒီလိုဝင်တယ်ကြားပေမယ့် ကျနော်သိတဲ့တဆိုင်ကတော့ သေချာပေါက် ပိတ်ထားရပါတယ်”ဟု အင်တာနက် သုံးစွဲသူ လူငယ်တဦးက သတိပေး ပြောကြားသည်။
“အင်တာနက်သုံးစွဲတဲ့သူတွေအနေနဲ့  လုံခြုံရေးကိုအထူးဂရုစိုက်ပါ။ အင်တာနက်ဆိုင်မှာသုံးစွဲမယ်ဆိုရင်- ကိုယ်သွားခဲ့တဲ့ Website တွေ အီးမေးလ်တွေ ကို သဲလွန်စမကျန်အောင် ဖျောက်ဖျက်ခဲ့ပါ။ တတ်နိင်ရင်တော့ အင်တာနက်ဆိုင်ကိုသွားရင် လူနစ်ယောက် သွားသင့် ပါတယ်။ တယောက်က လုံခြုံရေးကိုကြည့်ပေးဖို့၊ တယောက်က ဆက်သွယ်ဖို့။ ဒါဆိုရုတ်တရက် အလစ်အငိုက်ဝင်ဖမ်းတာတွေကို ရှောင်တိမ်းနိင်မယ်”ဟု ဆက်လက် သတိပေးသည်။
အင်တာနက် ကဖေးများတွင် အစိုးရဆန့်ကျင်ရေး ဆိုက်များကို ပြည်တွင်းမှ မကြည့်ရှုနိုင်အောင် ပိတ်ဆို့ခြင်းအပြင် အင်တာနက် မြန်နှုန်းများကို လျှော့ချခြင်း၊ ဟက်ကာ ဆော့ဖ်ဝဲများဖြင့် ထောက်လှမ်းခြင်းများကြောင့် အင်တာနက် သုံးစွဲသူများ အခက်တွေ့ကြရသည်။ အင်တာနက်လိုင်းများ ဖြတ်တောက်ပစ်သည့် အချိန်များတွင် ရေအောက် ကေဘယ်ကြိုးများကို ရေနံတင်သင်္ဘောကြီး တစ်စင်းက ၀င်တိုက်သွားခြင်းကြောင့် ဖြစ်ကြောင်း အကြောင်းပြခဲ့သဖြင့် အချိန်မှန် လာလာတိုက်သော သင်္ဘောကြီးဟု နောက်ပြောင်ခံခဲ့ရသည်။
No comments:
Post a Comment