Thursday, October 9, 2008

မြန်မာပြည် မငြိမ်းချမ်းပါမှ

မင်းသက်အောင်

မြန်မာနိုင်ငံ ဒီမိုကရေစီအရေးမှာ လက်ရှိစစ်အစိုးရ၊ အတိုက်အခံဒီမိုကရေစီအင်အားစု၊ တိုင်းရင်းသားနှင့်လက်နက်ကိုင် အဖွဲ့အစည်းများ သုံးပွင့်ဆိုင် တန်းတူညီမျှတဲ့ အခြေခံတွေအပေါ် ဆွေးနွေးအဖြေရှာမှုများ မပြုလုပ်နိုင်ပါက နိုင်ငံတော်အနေဖြင့် ဘယ်တော့မှ ငြိမ်းချမ်းနိုင်မည်မဟုတ်သည်ကို နိုင်ငံရေးစိတ်ဝင်စားသူတိုင်း နားလည် ထားကြပါ သည်၊ ဒီလိုသုံးပွင့်ဆိုင်ဆွေးနွေးရေး မဖြစ်ပေါ်စေဖို့ ဘယ်သူတွေတွန်းအားပေးနေသလဲ၊ ရှာဖွေကြည့်ကြရအောင်။

မြန်မာနိုင်ငံ အိမ်နီးနားခြင်းနိုင်ငံဖြစ်ကြတဲ့ တရုပ်နဲ့အိန္ဒိယ၊ ကမ္ဘာပေါ်မှာ လက်နက်အများဆုံး ထုတ်လုပ်တဲ့ နိုင်ငံစာရင်းထဲမှ ထိပ်ဆုံးနေရာက ပါလာနေပြီး၊ ခေတ်မမီတော့တဲ့ စစ်လက်နက်နဲ့လေကြောင်း ကာကွယ်ရေး ကိစ္စရပ်တွေမကျန် အနီးကပ်ဆုံး ဖောက်သည်ကတော့ မြန်မာနိုင်ငံကစစ်အစိုးရတွေပါပဲ။ အဲဒီနိုင်ငံက ထုတ်လုပ်တဲ့ ဆေဝါးတွေကအစ အိမ်သုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်းအမျိုးမျိုးတို့ကို လမ်းစရိတ်သိပ်မကုန်ကျပဲ ကုန်းတွင်းလမ်းကတဆင့် တိုက်ရိုက်တင်ပို့ နိုင်ကြပါတယ်။

ထိုအတူ အိမ်နီးခြင်း ထိုင်းနိုင်ငံအပါဝင် အာစီယံအဖွဲ့ဝင် နိုင်ငံအချို့ကလည်း သူတို့ဆီက ထုတ်လုပ်တဲ့ပစ္စည်းတွေ မြန်မာပြည်တွင်းကို နည်းအမျိုးမျိုးနဲ့ မှောင်ခိုလမ်းအပါအဝင် တင်သွင်းနေကြတာပါဘဲ။

ဒီနေ့ မြန်မာ့ သယံဇာတတွေ ဖြစ်ကြတဲ့ သဘာဝဓါတ်ငွေ့၊ ကျွန်းသစ်အပါဝင် အဖိုးတန်သစ်များ၊ ကျောက်မျက်ရတနာ မှအစ နောက်ဆုံးရေကာတာကြီးတွေ တည်ဆောက်ပြီး လျှပ်စစ်စွမ်းအား ဝယ်ယူလာတဲ့ အထိလက်ရဲဇက်ရဲ ရှိလာကြတယ်၊ သဘာဝဝန်းကျင်ထိခိုက်နစ်နာမှု သူတို့ နိုင်ငံမှာတိုက်ရိုက်မဖြစ်ပေါ်ယင်ပြီး တာပါဘဲ၊ ဌာနတိုင်းရင်းသား များ မူလနေရာက နေပြောင်းရွေ့ထွက်ခွာပြီး ဘယ်ဒေသကိုပဲရောက်ရောက် သူတို့ လုံးဝမသိချင် ယောင်ဆောင် နေကြပါတယ်။

ဒီတော့ မြန်မာ့အရေးကို မြန်မြန်နဲ့အမှန်တကယ် ပြီးမြောက်စေချင်တဲ့ဆန္ဒ အဲဒီနိုင်ငံတွေရဲ့ ခေါင်းဆောင်တွေမှာ လိုလိုလားလားမရှိကြပါဘူး၊ မိမိနိုင်ငံကိုယ်ကျိုးအတွက်သာလျှင် သံတမန် အဝန်းအဝိုင်းကနေ “မြန်မာ့မိတ်ဆွေ အဖွဲ့တွေလို” နာမည်အမျိုးမျိုးပေးပြီး အုပ်စုဖွဲ့နေကြတာပါဘဲ၊ ကုလသမဂ္ဂလည်း ထူးမခြားနားပါဘဲ၊ ကိုယ်စားလှယ် တော်လွှတ်လိုက်၊ ပြန်သွားလိုက်၊ အချိန်ဆွဲလိုက်၊ သတင်းစာရှင်လင်းပွဲလုပ်ပြီး တိုက်တွန်းနေလိုက်ကြတာအချိန်ကုန်၊ လူပမ်းရုံပါဘဲ။

စစ်အစိုးရက ဒီအရာကို မြင်နေတော့ ဖမ်းဆီးလိုက်လွှတ်လိုက်၊ လွှတ်လိုက်ပြန်ဖမ်းလိုက် လုပ်ပြနေတာ၊ ပြီးခဲ့လက နိုင်ငံသမားအချို့ ပါဝင်ထောင်သား ကိုးထောင်ကျော်ကို လွှတ်ပေးလိုက်တာဟာ အားပြတ်နေတဲ့ နိုင်ငံရေးသမား အချို့က နိုင်ငံရေးမိုလေဝသ အခြေအနေသာယာ လာတယ်လို့ ယုံထင် ကြောင်ထင်ဖြစ်နေသူများလည်း ရှိနေပါတယ်၊ စစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲသည်သာ မြန်မာပြည်အရေးရဲ့ ထွက်ပေါက်အမှန်လို့ အော်ပြီး “ခြံခုန်” သမားတွေရဲ့ သံယောင်နောက်မလိုက်မိအောင်လည်း အရေးကြီးပါတယ်။

တရုပ်၊ အိန္ဒိယ၊ ထိုင်းအပါဝင် အာစီယံနိုင်ငံအသင်းနဲ့ ကုလသမဂ္ဂတို့ နားချနေရုံမျှနဲ့တော့ စစ်အစိုးရက သူ့လမ်းစဉ်ကို ပြောင်းလဲမှာမဟုတ်၊ ဒီနိုင်ငံတွေကတော့ ကမ္ဘာ့နိုင်ငံအသီးသီးတွေကြားမှာနားမည်ကောင်း၊ စေတနာကောင်းဟန်ရှိတဲ့ သူတော်ယောင်တွေလိုအော်ပြ၊ လုပ်ပြပါလိမ့်မယ်၊ ဘာအဖြေမှထွက်လာနိုင်မဟုတ်၊ အဲဒီနိုင်ငံက လက်ရှိခေါင်းဆောင် တွေဟာ မြန်မာနိုင်ငံအရေးကို ခရေစေ့တွင်းကျသိသည် ဆိုလေဦးတော့ စာနာစိတ်ထားပေးနိုင်မှာမဟုတ်ပါ၊ သူတို့ နိုင်ငံမှာလည်း သူတို့ပြဿနာတွေနဲ့ပါ၊ အာဏာမြဲအောင် ကုတ်ခဲဖက်တွယ်နေရသူတွေချည်းပါပဲ။

သုံးပွင့်ဆိုင်တွေ့ဆုံးနွေးရေး (စစ်အစိုးရ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားနှင့် လက်နက်ကိုင်အုပ်စုများ) လမ်းစ မမြင်သေးပါ၊ တလောက ဒေါ်စုကြည် ကျန်းမာရေးသိပ်မကောင်းပါ၊ ဒါပေမဲ့ ကိစ္စမရှိတော့ပါ၊ ယ္ခုတလောဦးသန်းရွှေ အူလမ်းကြောင်း ကင်ဆာရောဂါက ကိစ္စရှိနေပါသည်၊ ဒီသုံးပွင့်ဆိုင် ကိစ္စဆိုတာ ဦးသန်းရွှေနဲ့ ဒေါ်စုကြည်တို့မပါ ယင်မပြီးပြတ်နိုင်ပါ၊ နိုင်ငံရေးရေစုံ ဆက်ပြီးမျောနေဖို့သာရှိပါတော့တယ်။ စစ်အစိုးရအနေနဲ့ ပြည်သူမျက်နှာကို မထောက်ပဲ ၂၀၁၀ ရွေးကောက်ပွဲကို အောင်မြင်စွာ ဆောင်ရွက်နိုင်ပါစေ၊ မြန်မာနိုင်ငံအရေးဟာ ဒီလိုရွေးကောက်ပွဲ လုပ်ပြရုံနဲ့ပြီး ပြည့်စုံပြီးလို ယူဆနိုင်ပါသလား။

စစ်အစိုးရအနေဖြင့် အထက်တင်ပြပါ အိမ်နီးနားချင်း မိတ်ဆွေကောင်း နိုင်ငံတွေနဲ့ အပေးအယူ အတိုင်အဖေါက်တည့် နေပါသည်၊ မြန်မာပြည်သားချင်း ညီညွတ်နေမယ်ဆိုယင် အင်အားစုကြီးတစ်ခုလို စုရုံးတက်လာတာကို အိမ်နီးနားချင်း တွေက သဘောမတွေ့ပါ၊ သူ့တို့ခိုးယူထားတဲ့ နိုင်ငံတော်ရဲ့ နယ်နိမိတ်ပြဿနာတွေ ဖြေရှင်းကြရပါမယ်၊ နောက်ဆုံးတော့ စားပွဲဝိုင်းအဆင့်မနိုင်ယင်ရတဲ့ နည်းနဲ့ဖြေရှင်းတတ်တဲ့ သတ္တိတွေ မြန်မာပြည်သားတွေမှာ အမြဲကိန်းအောင်းနေပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံအရေး အေးဆေးတည်ငြိမ်လို့မဖြစ်၊ ဒီနာတာရှည်ရောဂါသည် စစ်အုပ်စုလုယူထားတဲ့ အမိနိုင်ငံတော်ကြီးဆီက ရသမျှအသွေးအသားအဆီအနှစ်တို့ကို ဈေးပေါပေါနဲ့ ဝယ်ယူပြီး ပြဿနာများရှည်ကြာအောင် မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက် စတဲ့ သူတို့ရဲ့အမျိုးသားနိုင်ငံရေး မဟာဗျူဟာကို အကောင်အထည်ဖော်ယင်းနဲ့ မြန်မာပြည်သူပြည်သားများ စိတ်ဝမ်းအမျိုးမျိုးကွဲပြားနေကြရအောင် အိမ်နီးနားချင်းကောင်းနိုင်ငံများက ကြိုးပမ်းနေလျှက်ရှိကြောင်းပါ။


No comments: