Monday, October 6, 2008

ဘာသာစကား သင်္ခါရ

စောလူ

အသံထွက်က အရေးကြီးပါသဗျာ။ ရှေးကာလ မြန်မာမင်းများ ဘုန်းမီးနေလ တောက်ပတော်မူစဉ်တုန်းက လွှတ်တော် ထဲမှာ “ဖုန်းတော်” လို့ အသံမထွက်ဘဲ “ဘုန်းတော်” လို့များ ဘကုန်းသံနဲ့ ပြောမိဆိုမိမှဖြင့် ပြုံးစိစိဖြစ်တဲ့သူကဖြစ်၊ မနေနိုင်လို့ အသံထွက်ရယ်တဲ့သူက ရယ်ပေါ့။ အခုကာလများမှာတော့ “ပန်တရာ”တဲ့။ ရကောက်သံကြီးနဲ့ ထွက်နေကြ တာ ကြားကြသိကြတဲ့အတိုင်းပါပဲ။ “ယပင့်” နဲ့ စာလုံးပေါင်းထားတာပါဗျာ။ “ပန်တယာ” လို့ အသံထွက်မှ အမှန်ကို ရောက်ပါတယ်။ နောက်ရှိပါသေးတယ်။ “ကြောင်ရှာသီး”တဲ့။ ကြောင်ရှာသီး မဟုတ်ပေါင်ဗျာ။ “ကြောင်ယာသီး” လို့ အသံထွက်မှ မှန်ပါတယ်။

၁၉၅၉ ခုဆီလောက်က မန္တလေးတက္ကသိုလ် အေ၀မ်းခန်းမမှာ ဆရာကြီး ရွှေပြည်ဦးဘတင် ဟောပြောခဲ့တဲ့ သြ၀ါဒ စကားတွေပါ။ အဟောအပြောကောင်းတဲ့ ဆရာကြီးကို ကြည်ညိုရင်းစွဲလည်းရှိ၊ မိမိအသက်ကလည်း (၂၀) ပင် မကျော်သေးတော့ မှတ်စုစာအုပ်ထဲ ရေးမှတ်ထားလိုက်ရုံပါပဲ။ နောင် အဲဒီစကားလုံးတွေကို ကိုယ်တိုင်သုံးတဲ့အခါ ဆရာကြီး သြ၀ါဒနဲ့အညီ သုံးနှုန်းပြောဆိုလိုက်တာပါပဲ။ တခြား မိတ်ဆွေတပည့်တပန်းများနဲ့ စကားစပ်တဲ့အခါ ဒါကတော့ ဒီလိုအသံထွက်မှ မှန်သတဲ့ဟေ့လို့ ဗဟုသုတဖြန့်လိုက်တာပါပဲ။ ဘာကြောင့် အဲဒီလို ပြောမှမှန်သလဲ။ ကိုယ်တိုင်လည်း အလေးအနက် မစိစစ်မိ။ တခြားသူတွေကိုလည်း ရှင်းမပြမိ။ ဆရာသင်ပြထားတဲ့နည်း အာစရိယောဝါဒ အနေနဲ့ပဲ ပြောဖြစ် ဆိုဖြစ်ခဲ့တာပါပဲ။

နောင်အရွယ်လေး တော်တော်ရောက်လို့ ဘာသာစကား လေ့လာရေးဆိုင်ရာ နည်းပညာတွေ အတော်အသင့် တီးခေါက် မိသလိုလို ရှိလာတဲ့အခါ ဘာသာစကားမှာ “ဘယ်လိုမပြောရ၊ ဘယ်လိုမရေးရ” ဆိုပြီး စည်းကမ်းတွေ သတ်မှတ်ပေးရင်း “ဆရာ” လုပ်ချင်တဲ့စိတ်တွေ ခေါင်းပါးသလိုလို ဖြစ်လာပါတယ်။ ဘာသာဗေဒပညာမှာ သဒ္ဒါကျမ်းဆိုတာတွေမှာ “ဘယ်လိုပြောနေတယ်” ဆိုတာကို ပြန်ဖော်ပြဖို့တာဝန်ပဲ ရှိတာကိုး။ “ဘယ်လိုပြောရမယ်” ဆိုပြီး စည်းကမ်းသတ်မှတ် ချက်တွေ ချမှတ်ဖို့မှ မဟုတ်တာ။ နောက်ပြီး ဘာသာစကားဆိုတာက နေ့စဉ်နဲ့အမျှ မြစ်ရေစီးလို နေ့စဉ်နဲ့အမျှ စီးဆင်း ပြောင်းလဲနေတာ။ ဒီနေ့လူတွေကို မနေ့ကလိုပဲ ပြောလို့ အမိန့်ပေးနေရင် ကိုယ်လုပ်နေတဲ့အလုပ်က ဟုတ်မှ ဟုတ်နိုင် ပါ့မလား။ ကိုယ့်ဟာကိုယ် ပြန်ပြန်သတိပေးနေရတာ ခဏခဏပါပဲ။

အဲဒီလို သတိထားနေတဲ့ကြားထဲက လွတ်လွတ်သွားတတ်ပါသေးတယ်။ တခါလွတ်သွားပုံက ဒီလိုပါ။ “ဒီစာအုပ်နဲ့စာရင် ဟိုစာအုပ်က ကောင်းတယ်” ဆိုတဲ့ အနှိုင်းပြ၀ါကျမျိုးကို “ဒီစာအုပ်ထက်စာရင် ဟိုစာအုပ်က ပိုကောင်းတယ်”လို့ ရေးကြ သားကြ ပြောကြဆိုကြတာ သတိထားမိကြပါလိမ့်မယ်။ “နဲ့စာရင် ဆိုတာက ထုံးမီစံမျှ အရိုးကျပြီး “ထက်စာရင်” ဆိုတာက မြန်မာဘာသာစကားကို သဘောမပေါက်တပေါက်၊ စနစ်မသိတသိနဲ့ နောက်ပိုင်းမှ ရေးလာပြောလာကြတဲ့ စကားဆိုတာကိုလည်း ပညာရှင်တွေက သတိထားမိကြပါလိမ့်မယ်။

ကြားနေကျ၊ ဖတ်နေကျမဟုတ်တော့ “ထက်စာရင်” ဆိုတာကို ကြားရဖတ်ရတိုင်း စိတ်ကသိကအောက်ဖြစ်ရပါတယ်။ ဒါကြောင့် မနေနိုင်တာနဲ့ အကြောင်းသင့်တဲ့အခါ “နဲ့စာရင်” က အသုံးမှန်၊ “ထက်စာရင်” က အသုံးမှားတဲ့အကြောင်း ရေးဖူးပါတယ်။ ဒါပေမယ့် အခုစာမျက်နှာတွေပေါ်မှာက “ထက်စာရင်” တွေက အားနဲ့ မာန်နဲ့ နေရာယူလာတာ တွေ့လာရပါရော။

နောက်ပြီး ရုပ်ရှင်တွေမှာ ပြောကြဆိုကြတော့လည်း “ထက်စာရင်” က နားငြီးလောက်အောင်ကြားနေရပြီး “နဲ့စာရင်” က ပိတ်ပိတ်သား ပျောက်နေပါရောလား။ ဒီအခြေအနေမှာ တကယ်တမ်း ဘာသာစကားအသုံးပြုနေသူတွေကို “ထက်စာ ရင်”လို့ မသုံးကြနဲ့ဟေ့။ “နဲ့စာရင်” လို့ပဲ ပြောဆိုပြီး သွားတိုက်တွန်းလို့ကောင်းပါ့မလား။ တိုက်တွန်းလို့ကော ရပါ့မလား။ ရတယ်ထားပါဦး။ ဘယ်နှယောက်ကို တိုက်တွန်းနိုင်မှာလဲ။“ထက်စာရင်” လှိုင်းလုံးကြီးကို ဘယ်လိုတွန်းလှန်နိုင်မှာလဲ။ ဧရာမ ကျောက်တုံးကြီးကို မနိုင်ဘဲ သွားမလို့ကတော့ ကိုယ့်မှာ ထိခိုက်ဒဏ်ရာရရုံပဲ ရှိတော့မပေါ့။

အဲဒီလို ဘာသာစကားနဲ့ ပတ်သက်ပြီး ဇဝေဇ၀ါတွေဖြစ်နေတတ်တုန်း တချိန်မှာတော့ မြန်မာ့အသံက ပို့ချချက်တခုမှာ ကြားလိုက်ရတယ်။ “ဝေသန်ဒယာ” လို့ အသံမထွက်နဲ့ဟေ့၊ “၀စ်သန်ဒယာ” လို့ အသံထွက်မှ မှန်တာ။ ရေးထားတာကိုက ကြည့်ပါလား။ သကြီး (ဿ) ကို ဝေနောက်မှာထားပြီး “ဝေဿန္တရာ”လို့ရေးထားတာ မြင်တယ်မဟုတ်လား။ ဒီလိုကြားလိုက်တော့ ဟုတ်သလိုလို မဟုတ်သလိုလို ဇဝေဇ၀ါ ထပ်ဖြစ်ရပြန်ပါတယ်။

နောက် မောင်သာနိုးက ဝေဿန္တရာလို့ရေးထားပေမယ့် မြန်မာတွေအတွက်တော့ ထုံးမှီစံမျှ အရိုးကျနေပြီဖြစ်တဲ့အတိုင်း “ဝေသန်ဒယာ” လို့ အသံထွက်တာ ပြဿနာမဟုတ်တဲ့အကြောင်း ပြန်ရေးတာ ဖတ်ရတော့မှ ဘ၀န်ကျမိသွားတာပေါ့။ မောင်သာနိုးဆိုတာကလည်း ကိုယ့်ငယ်ဆရာမှ တကယ့်ငယ်ဆရာ။ ဆရာကြီး ရွှေပြည်ဦးဘတင်ထက်တောင် အရင် ကျသေး။ ၁၉၅၆ ခု မန္တလေးတက္ကသိုလ်ရောက်၊ အင်္ဂလိပ်စာ သင်ရတဲ့အခါ အိန္ဒိယနိုင်ငံသားဆရာတွေနဲ့ နဖူးတွေ့ ဒူးတွေ့ကြုံတော့ သူတို့အသံထွက်ကို တခွန်းတပါဒမှ နားမလည်ဘဲ ဒုက္ခလှလှကြီးရောက်။ ဒီတုန်းက အခမဲ့ အင်္ဂလိပ်စာအကူသင်တန်းတွေ ဖွင့်ပြီး မိမိနဲ့တကွ ကျောင်းသူကျောင်းသား ရာကျော်ကို ကယ်ဆယ်ရေးလုပ်ခဲ့တာ မောင်သာနိုးပေါ့။ သင်တန်းကလည်း သင်တန်းမည်ကာမတ္တမဟုတ်။ ရှင်းကနဲ လင်းကနဲ ရင်ထဲကို စွဲစွဲနစ်နစ် ဖြစ်သွားအောင်ကို သင်ပေးလိုက်တဲ့အတန်း။

ကိုယ့်တသက်မှာ ပထမဆုံး ပုံနှိပ်ခံရတဲ့ စာမူဟာ အဲဒီအတန်းတက်ရင်းက ရလာတဲ့ အသိပညာနဲ့ စိတ်ကူးကို အခြေခံပြီး ရေးခဲ့တာပဲ။ ဒါကြောင့် မောင်သာနိုးကို မိတ်ဆွေလိုထက် ဆရာလို လေးစား ကြည်ညိုရင်းစွဲရှိပြီးသား။ ပုဂ္ဂိုလ်ခင်လို့ တရားမင်တာမဟုတ်ဘဲ တရားမင်လို့ ပုဂ္ဂိုလ်ခင်ခဲ့တာလို့တောင် ပြောနိုင်မယ် ထင်ပါရဲ့။

၂၀၀၄ ခု မေ မဟေသီမဂ္ဂဇင်းမှာ ဆရာနိုးတယောက် အသံထွက်တွေနဲ့ စိတ်အချဉ်ပေါက်နေတာ ဖတ်လိုက်ရတော့ ဘာပြောပြရမှန်းကို မသိအောင် ဖြစ်သွားပါလေရော။ ဆရာနိုးက မြန်မာတွေ အင်္ဂလိပ်စကားလုံး တချို့ အသံထွက် မှားနေပုံတွေကို ထောက်ထောက်ပြထားတာကိုး။ ပါ့ကင် (Parking) နဲ့ ပက်ကင်း (packing) တို့၊ စတီယာတိုင်တို့၊ ရှော့အိတ်ဇော့ဘားတို့။ နမူနာတွေပေးထားတာ အများကြီးပါပဲ။ မဖတ်မိလိုက်ရင် အဲဒီစာစောင်ကိုသာ ရှာဖတ်ပါတော့။ စိတ်ဝင်စားစရာလည်း ကောင်းပါပေရဲ့။ အမှန်ကို ထုတ်ပြတာလည်း ဗဟုသုတတွေရလို့ ကျေးဇူးတင်ထိုက်ပါရဲ့။ ဒါပေမယ့် ၁၉၆၉ ခုက ဆရာနိုးထောက်ပြခဲ့တဲ့ ဝေဿန္တရာအသံထွက် ပို့ချချက်ဆရာနဲ့များ ဆရာနိုးကိုယ်တိုင် တူသွားပြီလား။ စိုးရိမ်လိုက်မိပါရဲ့။

စိုးရိမ်မိတယ်ဆိုလို့ ဆရာနိုးရဲ့ စေတနာကို သဘောမပေါက်ဘူး မထင်လိုက်ပါနဲ့။ အချိန်ကုန် လက်ညောင်းခံ ဦးနှောက် အညောင်းခံပြီး အဲဒီဆောင်းပါးကိုရေးလိုက်တဲ့ ဆရာနိုးရဲ့ စေတနာကို ခန့်မှန်းလို့ရပါတယ်။ အင်္ဂလိပ်စကားသံတွေကို မြန်မာအသံဖလှယ်ရာမှာတော့ မူလအသံထွက်အမှန်နဲ့ ကွာတာတွေများခဲ့ကြပြီဟေ့။ သိပ်ကွာလွန်းရင်မကောင်းဘူး။ “နောက်ပိုင်းစကားလုံးတွေကို ဒီလိုမဖြစ်ရအောင် ဆင်ခြင်ရမယ်”။ အဲဒီလို ဆရာနိုး သတိပေးလိုက်တာပါပဲ။ ဒီလို သတိပေးတာကိုလည်း ကျေးဇူးတင်ရပါတယ်။

စိုးရိမ်မိတာက အသံထွက်ဖလှယ်တာတွေနဲ့ပတ်သက်ပြီး စိတ်ချဉ်ပေါက်နေတဲ့ အဖြစ်ကိုပါ။ “ဘောလုံးပွဲ မကြည့်ဘဲ၊ နာမည်မရွတ်တတ်ဘဲနဲ့များ ဘောလုံးသမားအကြောင်းရေးတာ အံ့ပါရဲ့” တဲ့၊ “Dylan” ကိုလည်း “ဒီလန်” မထွက်တတ်၊ “ဒိုင်လန်” ဖတ်ကြပုံ၊ Seamus ကို “ရှေးမာစ်” အသံထွက်ရမှန်းမသိ၊ “ဆီးမာတ်စ်” ဖတ်ကြပုံ ပြောမိကြတယ်။ ဆန်း တာက “လိုင်းရစ်” ငနဲရော၊ “ဆီးမတ်စ်” ဖတ်သူပါ အမေရိကန်ပြန်တွေချည်း။ တဦးက ပညာသင်သွားခဲ့တာ၊ တဦးက လေ့လာရေးခရီကို သွားခဲ့တာ” တဲ့။ ဒီလို စိတ်ချဉ်ပေါက်နေတာ တော်မှတော်ပါ့မလား။ စာရေးသူ မြန်မာပြည်ပြန် ရောက်တဲ့အခါ မတော်တရော် အင်္ဂလိပ်အသံထွက်တွေ ကြားရရင် ဆရာနိုး ရင်ကျိုးပေလိမ့်မယ်။ ငါလည်း သင်ပေး ဖူးသေး၊ ဟိုမှာလည်း အကြာကြီး နေခဲ့သေး။ ခုထိတောင် အသံထွက် ကပေါက်ကချာပါလားဆိုပြီး စိတ်ညစ်သွားမှာ အသေအချာ။

ဘာသာစကားတွေမှာ ဒေသိယစကားရယ်လို့ ရှိတတ်ကြတာ ဆရာနိုးကိုယ်တိုင် ရေးဖူးသားဖူးသားပဲ။ အင်္ဂလိပ်စကားက နေရာအများကြီးမှာ ပြန့်နေတာဆိုတော့ ဒေသိယ အင်္ဂလိပ်စကားတွေက များသွားပြီပဲ။ ၀ါကျအဆင့်တွေဘာတွေ ထည့်မပြောဘဲ ဖယ်ထားဦး။ စကားသံအဆင့်မှာကိုပဲ တနေရာနဲ့ တနေရာ အသံက တူမှ မတူနိုင်တာ။ ဝေးဝေးမကြည့်နဲ့ အိန္ဒိယနိုင်ငံမှာ ပြောနေတဲ့ အင်္ဂလိပ်စကားသံ၊ တရုတ်နိုင်ငံမှာပြောနေတဲ့ အင်္ဂလိပ်စကားသံ၊ မြန်မာနိုင်ငံမှာပြောနေတဲ့ အင်္ဂလိပ်စကားသံတွေဟာ တူနိုင်ပါ့မလား။ စင်ကာပူသားတွေကတော့ သူတို့ပြောတဲ့ အင်္ဂလိပ်စကားကို ဆင်းဂလစ် (Singlish) တဲ့။ နာမည်ပေးထားလေရဲ့။ ဒီလိုပဲ အသုံးများလာရင် မြန်မာနိုင်ငံသုံး အင်္ဂလိပ်စကားကို မြန်မင်္ဂလစ်ရှစ်တွေ ဘာတွေ လုပ်ရဦးမှာပါပဲ။

တခြားနိုင်ငံတွေ ပြောမနေပါနဲ့။ အင်္ဂလိပ်စကားပြော မူလကျတဲ့ အင်္ဂလန်တို့၊ သြစတြေးလျတို့၊ အမေရိကတို့မှာ ပြောကြတဲ့ အင်္ဂလိပ်စကားတွေတောင် ကွဲနေကြတာ။ အသံထွက်ရော အသုံးအနှုန်းတွေရော။ မန္တလေး၊ ရန်ကုန် မြန်မာစကားတွေနဲ့ ထားဝယ်၊ ရခိုင် မြန်မာစကားတွေ ကွဲသလိုပဲ မဟုတ်လား။ (neither, either) နီးသား အီးသား ပြောမလား။ နိုက်သား အိုက်သားပြောမလား။ အင်္ဂလိပ်လက်အောက် ရောက်ဖူးတဲ့ မြန်မာတွေက ၀ါကျဆုံး သင်္ကေတကို ဖူးလ်စတော့ပ်လို့များ အမေရိကမှာ သွားပြောလိုက်ရင် နားမလည်တဲ့ အမေရိကန်တွေ အပုံ။ သူတို့ကကျ ပီးရီးယော့လို့ သုံးနေတာကိုး။ အသုံးအနှုန်းတွေထားပါတော့။ အသံထွက်ကိုပဲ ဦးတည်ပြီး ကြည့်ရအောင်။ ဆရာနိုးနဲ့လည်း ခင်မင် ရင်းနှီးစွဲရှိတဲ့ အင်္ဂလန်နိုင်ငံက ဆရာကြီး ဂျွန်အုပ်ခဲအကြောင်း သာဓကထား ပြောပါရစေ။ အမေရိကကို အကြောင်း အားလျော်စွာ အဲဒီဆရာကြီး ရောက်ရောက် လာပလားဆို အမေရိကန် အသံထွက်တွေကို ဟားတော့တာ။ အမေရိ ကန်အသံမှာက အားစိုက်မှုတွေ အင်္ဂလန်မှာလိုမှ မပြင်းပဲကိုး။ နောက်ပြီး တချို့မူရင်း အင်္ဂလိပ်အသံတွေဆို ပျောက် နေပြီ။ အမေရိကန် ရုပ်မြင်သံကြားသတင်းကြေညာတဲ့အခါ (news) ကို တချို့က နယူးစ်လို့ အင်္ဂလိပ်သံ ပီပီသသမှ မပြောပဲ။ “နူးစ်” ဆိုပြီး ပြောတော့တာ။

အဲဒီလိုဆို ဆရာအုတ်တို့ ရယ်ကွက်ပေါ့။ နယူးယောက်ကို မြန်မာလိုရေးစမ်းပါလို့ မြန်မာစာရေးတတ်ကာစ တပည့်တွေကို ခိုင်းရင် “နူးယာ့” လို့ရေးတော့တာ။ အသံတွေပြောင်းနေတာတော့ အများကြီးပါ။ တွေ့သေးတာပေါ့လို့ပြောတဲ့အခါ (See you) လို့ ပြောကြတယ် မဟုတ်လား။ ကလေးမလေးတွေပြောတဲ့အခါ “ဆီးယူ” မဟုတ်တော့ဘဲ “ဆီးယာ”လို့ပြောရာက “ဆရာ” လိုလိုအသံကြားလိုက်လို့ တပည့်ကျောင်းသူကျောင်းသား ထင်ပြီး လှည့်ကြည့်မိ မှားတာတွေလည်း အကြိမ်ကြိမ်ပါ။ နောက်ပြီး ကျောင်းသင်စာတွေမှာ (Plastic) ဆိုတာကို အင်္ဂလိပ်အသံထွက်မှီးပြီး မြန်မာအခေါ် ပလတ်စတစ်လို့ ရေးပြတဲ့အခါ ဆိုပါစို့။ ပလတ်စတစ်လို့တော့ ဖတ်တတ်ကြပါရဲ့။ (Plastic) ကိုပြောမှန်း မသိရှာကြဘူး။ ဘယ်သိကြပါ့မလဲ။ အမေရိကန်တွေက ပလက်စတစ်လို့ ပြောမှ နားလည်တာကိုး။

တနိုင်ငံနဲ့ တနိုင်ငံ စကားသံမတူတာ ထားပါဦး။ အမေရိက တနိုင်ငံတည်းမှာကိုပဲ စကားသံတွေ ကွဲပြားနေတာ အများကြီးပါ။ ဒေသကိုလိုက်ပြီး ကွဲတာလည်းရှိ၊ မျိုးရိုးဇာတိကိုလိုက်ပြီး စကားသံကွဲတာတွေလည်း ရှိပေါ့။ လက်ရှိအမေရိကန် သမ္မတဆိုရင် တက်ကဆက်ကလာတဲ့ ပုဂ္ဂိုလ်ဆိုတော့ တောင်ပိုင်းသံဝဲသတဲ့။ သူ့အရင် သမ္မတ ကလင်တန်ဆိုတာလည်း သူ့ဒေသသံ ၀ဲသတဲ့။ ဟော နောက်မှာတော့ အမေရိကမှာက နိုင်ငံတကာလူမျိုးတွေ လာဆုံနေတာ မဟုတ်လား။

ဒီတော့ ကိုယ့်မျိုးရိုး ဇာတိအသံလေးတွေက အင်္ဂလိပ်စကားပြောတဲ့အခါ ကပ်ကပ်ပါလာတာပါပဲ။ ဂျာမန်က ဂျာမန်သံ၊ ပြင်သစ်က ပြင်သစ်သံ၊ အာရှသားတွေက ကိုယ့်အာရှနိုင်ငံအသီးသီးက အာရှသံ ၀ဲဝဲတွေနဲ့ပေါ့။ ဒီကြားထဲ မြန်မာတွေက ပြောတော့လည်း မြန်မာသံဝဲ၀ဲတွေနဲ့ပါပဲ။ မြန်မာကတော့ ရွှေတွေမဟုတ်လား။ ၀ဲတာချင်းအတူတူတောင် မြန်မာဝဲတာက အင်္ဂလိပ်သံနဲ့ ပိုနီးစပ်တယ်လို့ လက်မထောင်ချင်သေးတာ။ ကိုယ့်အချင်းချင်းဆိုတော့ နားယဉ်နေမဟုတ်လား။ ၀ဲနေ လွဲနေတောင် မ၀ဲဘူး မလွဲဘူး ထင်နေကြတာပေါ့။

တပည့် အမေရိကန်တယောက်ကို မေးကြည့်တော့ မြန်မာဝဲတာလည်း တခြား အာရှသားတွေထက် ပိုကောင်းတဲ့ အ၀ဲမျိုး မဟုတ်ပါဘူးတဲ့။ စကားသံ အမှန်ရဖို့က ခဲယဉ်းလိုက်တာ လွန်ပါရော။ အဲဒီ အမေရိကန်တပည့်မလေးက သူ့အသံတောင် မပီလှပါဘူးတဲ့။ ဘာဖြစ်လို့လဲဆိုတော့ မျိုးရိုးက အမေရိကန်နီသွေးပါတော့ ခပ်ဝဲ၀ဲပဲလို့ ပြောပါတယ်။

ဒေသတို့ မျိုးရိုးဇာတိတို့ကိုလိုက်ပြီး အသံကွဲနိုင်တာအပြင် နောက်တကြောင်းက အရေးအသားစနစ်ကို မကျွမ်းဝင်လို့ အသံကွဲနိုင် လွဲနိုင်တာကလည်း ရှိပါသေးတယ်။ အိုင်အိုးဝါပြည်နယ်ထဲက (Des Moines) ဆိုတဲ့ မြို့နဲ့ အီလီနွိုင်း ပြည်နယ်ထဲက (Des Plaines) ဆိုတဲ့ မြို့နှစ်မြို့ ဆိုပါတော့။ နာမည်နှစ်ခုလုံးက (Des) နဲ့ စတာပဲ။ ဒါပေမယ့် တမြို့ကိုတော့ ဒီမွိုင်းလို့ အားလုံးက ခေါ်ကြပါရဲ့။ နောက်တမြို့ကျတော့ ဒက်စ်ပလိန်းလို့ အားလုံးက ခေါ်နေကြရော။ ပြင်သစ်နာမည်ဆိုတော့ ဒီမွိုင်းလို့ခေါ်တာက ပိုမှန်မှာပေါ့လေ။ ဒါပေမယ့် ပြင်သစ်စကား၊ ပြင်သစ်အရေးအသား မကျွမ်းဝင်တဲ့ နယ်ခံတွေက သူတို့နေရာ သူတို့ ဒက်စ်ပလိန်းလို့ခေါ်တော့ ပြောတော့လည်း တွင်သွားတာပါပဲ။ တွင်းသွားသမှ ဒီပလိန်းလို့ အမှန်အတိုင်း အသံထွက်ရင်တောင် နယ်ခံတွေက မဲ့ချင်ချင် ရှိတတ်သေးရဲ့။ အသံမှား ထွက်ပေမယ့် ပြဿနာမဟုတ်လှပါဘူး။ အခုအခါမှာ ဆန်ဟိုဇေးလို့ စပိန်စကားသံနဲ့ ပီပီသသ ခေါ်နေကြသေးတဲ့ (San Joes) ဟာလည်း နောင်နှစ်ပေါင်းများစွာ ကြာတဲ့အခါမှာ စံဂျိုစီတို့ ဆန်ဂျိုဆေးတို့ ဖြစ်ချင်သလို ဖြစ်လာဦးမှာပါပဲ။

လူသားတွေလိုပါပဲ။ ဘာသာစကားဆိုတာလည်း သင်္ခါရတရားကို လွန်ဆန်နိုင်တာမှတ်လို့။ သင်္ခါရတရားလို့ ပြောမိတော့ မခင်နှင်းဆီထဲက စာသားတခုက ခေါင်းထဲရောက်လာပါရော။ ဘာတဲ့။

“သင်္ခါရကို အစဉ်ထာဝရမှတ်တော့
သင်သာလျှင် အနာတရဖြစ်မည်” ဆို မဟုတ်လား။ သင်္ခါရကို သင်္ခါရမှန်း သတိရှိရှိသိနေမှ အနာတရဖြစ်တာ သက်သာ တော့မပေါ့။ ပြောင်းချင်ကြရန်ကော၊ ပြောင်းတတ်ကြရန်ကောလို့ ဒေါသူပုန်ထ အူပွနေမှဖြင့် ကိုယ့်ဒေါသနဲ့ကိုယ် ပူလောင်နေတော့မှာပေါ့။ အဆင်မသင့်ရင် ကိုယ့်ဒေါသနဲ့ကိုယ် ပြာကျလို့တောင် သွားနိုင်သေး။ ဒီလို အရေးတွေမှာ ရာမရကန်ဆရာကြီး ဦးတိုးရဲ့ စကားက သတိသမ္ပဇဉ်အတွက် ကောင်းကောင်းအထောက်အကူပြုမယ် ထင်ပါတယ်။ ကိုယ့်ကို ထိရှစရာ၊ ကိုယ်ခံစရာ ကြုံလာရင် “အခံသာမှ ဒဏ်နာချက် နည်းမည်တည့်” တဲ့။

သင်္ခါရ လှိုင်းလုံးကြီးတွေကို ယောနိသော မနသိကာရနဲ့ ဆင်ခြင် ရင်ဆိုင်နိုင်တဲ့ သတ္တိ ပြည့်စုံကြပါစေသတည်း။ ။

(မဟေသီမဂ္ဂဇင်းတွင် ဖော်ပြပြီးဖြစ်သည့် ဆရာစောလူ၏ ဆောင်းပါးကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်)


No comments: