Sunday, October 5, 2008

ကုလသမဂ္ဂမှ စစ်အစိုးရတရားဝင်မှု ရုပ်သိမ်းရေးအဆို ပယ်ချခဲ့ခြင်း မဟုတ်

Kaowao

မြန်မာနိုင်ငံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ MPU က ၆၃ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံစစ်အစိုးရ ကုလသမဂ္ဂတွင် တရားဝင်မှုမရှိကြောင်း အဆိုတင်ပြချက်အပေါ် ကုလသမဂ္ဂမှ ပယ်ချကြောင်း သတင်းဌာနအချို့ ဖော်ပြချက်များ မှားယွင်းနေကြောင်း MPU မှ မွန်ပြည်နယ်၊ သထုံမြို့ အမှတ် ၂ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မြင့်ထွန်းက အောက်ပါအတိုင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။

“ကုလသမဂ္ဂ ဥပဒေရေးရာရုံး ဥက္ကဌ၊ ပက်ထရီရှာ အို ဘရိုင်ယန် (Patricia O'brien) ကျနော်တို့ထံ အကြောင်းပြန်ကြားရာမှာ Reject ပယ်ချတယ် ဆိုတဲ့စကားလုံး မပါဘူး၊ အဲဒီအဓိပ္ပာယ်လည်း မပေါက်ဘူး၊ MPU တင်သွင်းချက်တွေမှာ သူတို့ ဆက်လက်ဆောင်ရွက်နိုင်ဖို့ လိုအပ်ချက် တွေ့ရှိပါတယ်၊ လုပ်ထုံး လုပ်နည်းအရ လိုအပ်ချက် တွေ့ရှိနေတဲ့ ကိစ္စရပ်ကို အကြောင်းပြန်တာပါ။

လွန်ခဲ့သည့် စက်တင်ဘာလ ၁၈ ရက်နေ့၌ နိုင်ငံခြား မြန်မာပိုင်းဌာနများနှင့် အင်တာနက်သတင်းများတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ MPU တင်ပြချက်ကို ကုလသမဂ္ဂမှ ပယ်ချကြောင်း သတင်းဖော်ပြခဲ့ပါသည်၊ ယင်းဆုံးဖြတ်ချက်ကို MPU မှ တရားဝင်ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိခဲ့သော်လည်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ်ရုံး ပြောဆိုခွင့်ရှိသူ မစ်ရှဲလ် မွန်းတပ်စ်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့သည်ဟု ကိုးကား ဖော်ပြခဲ့ပါသည်။

MPU မှ ပြောကြားရာတွင် နအဖကို တရားဝင်သည်ဟု ကုလသမဂ္ဂ အနေဖြင့် သတ်မှတ်ခြင်းလည်း မဟုတ်ပါ၊ MPU မှ တင်ပြချက်များ ကုလသမဂ္ဂရုံးတွင် ဆက်လက်အမှု ဖွင့်ထားဆဲဖြစ်ပြီး ကုလသမဂ္ဂ ချမှတ်ထားသည့် စည်းမျဉ်း အမှတ် ၂၇ နှင့် ကိုက်ညီစေရန် အချက်အလက်များ ထပ်မံဖြည့်ဆည်းရပါလိမ့်မည်၊ လာမည့် အောက်တိုဘာလ ၆ ရက်နေ့ တွင်လည်း အဖွဲ့ဝင် ၉ ဦးပါ Credential Challenge ကော်မတီ အစည်းအဝေးပြန်လည် ကျင်းပမည်ဖြစ်ပြီး ကုလသမဂ္ဂ ဥပဒေရေးရာရုံးမှ တင်ပြချက်ကို ဆက်လက်ဆွေးနွေးဆုံဖြတ် သွားမည် ဖြစ်သည်။


No comments: