မောင်စွမ်းရည်
နှစ်ပေါင်း (၂၀) လောက် ထောင်သွင်းအကျဉ်းချခံထားရတဲ့ သတင်းစာဆရာကြီး ဦးဝင်းတင် ထောင်ကနေလွတ်လာပြီ။ လွတ်တာက လည်း ဦးမညွတ်၊ ဒူးမညွတ်ဘဲ လွတ်လာတာဆိုတော့ တကမ္ဘာလုံးက ၀မ်းမြောက်ဝမ်းသာ ဂုဏ်ပြုသြဘာ ပေးလိုက်ကြပါတယ်။
ဦးဝင်းတင်ကို အများပြည်သူ သတိမူမိကြတာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် သတင်းစာဆရာကြီး အဖြစ်နဲ့ သူ့ရဲ့ အတွေး အမြင်၊ သူ့ရဲ့ ရဲစွမ်းသတ္တိ၊ သူ့ရဲ့ ဦးဆောင်မှုအရည်အချင်းတို့ကို မျက်ဝါးထင်ထင် မြင်တွေ့လာကြရလို့ ဖြစ်ပါတယ်။ ဦးဝင်းတင်ရဲ့ သတင်း စာဆရာကြီး ဘ၀ကဂုဏ်ရည်များကိုတော့ သိသူနည်းပါလိမ့်မယ်။ အထူးသဖြင့် နောက်ပိုင်းမှ မွေးဖွားကြီးပြင်းလာကြရတဲ့ လူငယ်တွေက အသိနည်းပါတယ်။
သိခွင့်လည်း မသာခဲ့ကြရှာပါဘူး။ စစ်ဗိုလ် ချုပ်တွေက လွတ်လပ်စွာ ထုတ်ဝေခွင့်၊ လွတ်လပ်စွာ လေ့လာခွင့် မပေးခဲ့ကြဘူးဆိုတာကိုတော့ သမိုင်းသက်သေ တည်ထားရပေလိမ့်မယ်။ ဒါကြောင့်လည်း ပြင်ပက စာပေသမားများက ဦးဝင်းတင်ရေးခဲ့တဲ့ စာပေနဲ့လုပ်ဆောင်ခဲ့တဲ့ စွမ်းဆောင်မှုတွေကို ပြန်လည်ဖော်ထုတ်ကြဖို့ ကြိုးစားနေကြပါတယ်။ နှစ်ပေါင်း (၂၀) နီးပါး ကြာသွားပေမယ့် ဦးဝင်းတင် စာပေထုတ်ဝေရေး၊ လက်နှေးကြတာကိုတော့ ကျနော်အပါအ၀င် လူကြီးစာပေသမားများကိုပဲ အပြစ်တင်ကြရပါတော့မယ်။ ဒါပေမယ့် ကျနော်တို့ ဆက်လက် ကြိုးပမ်းနေကြ ပါကြောင်းကိုတော့ သတင်းကောင်းပါးပါရစေ။
ဦးဝင်းတင်ရဲ့ လက်ရာတွေထဲက ကျနော်သဘောအကျဆုံး ဟံသာဝတီသတင်းစာ ခေါင်းကြီးပိုင်းတခုကို ဦးစွာတင်ပြ လိုက်ရပါတယ်။ (ရက်စွဲ ရုတ်တရက် ရှာမရတာကိုတော့ ခွင့်လွှတ်ပါ) ဦးဝင်းတင်ရေးတဲ့ “ပြည်သူတို့ရဲ့ စကားပြန် (၁၉၇၄)” ဆိုတဲ့ စာတမ်းထဲက ပြန်လည်ထုတ်နုတ်တင်ပြလိုက်တာပါ။
ဦးဝင်းတင် နိဒါန်းချီထားတာက ဒီလိုပါ။ “ပြည်သူတို့၏ စကားပြန်သတင်းစာသည် လူနှစ်ဦးအကြား၌ ဘာသာပြန်ပေးသည့် စကားပြန်ကဲ့သို့ စက်ရုပ်အလားလှုပ်ရှားသည့် အရာမဟုတ်။ ဝေဖန်ခြင်း၊ ဆန်းစစ်ခြင်း၊ သတ္တရချခြင်း၊ ကောက်ချက်ချခြင်း၊ မှတ်ချက်ပေးခြင်း စသောတည်းဖြတ်မှုဖြင့် ဘာသာပြန်ပေးသည့် အသိဥာဏ်ယန္တရားဖြစ်သည်” တဲ့။ ဒါက “ပြည်သူတို့ရဲ့ စကားပြန်” ဆိုတဲ့စကားကို အဓိပ္ပာယ် ဖွင့်ဆိုချက်ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ ဦးဝင်းတင်က သူကိုယ်တိုင်ရေးခဲ့တဲ့ ဟံသာဝတီ သတင်းစာ ခေါင်းကြီးပိုင်းတခုကို ထုတ်နုတ်ဖော်ပြပြီး အဖြေပေးပါတယ်။ ခေါင်းကြီးပိုင်းမှာပါတာက မေးခွန်း တွေဖြစ်ပါတယ်။ ဒီမေးခွန်းတွေကို စာဖတ်သူတွေကိုယ်တိုင်ဖြေကြည့်ရင် ဦးဝင်းတင်ရဲ့ သတင်းစာဝါဒကို အလိုလို သိလာနိုင်ပါတယ်။
ဒီမေးခွန်းတွေမှာ “ဆိုရှယ်လစ်” ဆိုတဲ့ စကားလုံးတလုံးပါရှိနေတာကိုတော့ ကျနော်က ကြားဖြတ် မှတ်ချက် ပေးလိုပါတယ်။ ဒီစာကို ဦးဝင်းတင် ရေးထားတာက မဆလ ခေတ်ဦးမှာ ဆိုရှယ်လစ် လမ်းစဉ်အတွက် စည်းရုံးရေး ကာလအတွင်းဖြစ်ပါတယ်။ ဒါကြောင့် ဆိုရှယ်လစ် သတင်းစာဝါဒကို ရှင်းလင်းတင်ပြရာမှာ တကယ့်ဆိုရှယ်လစ် အစစ်တို့ရဲ့ သဘောတရားနဲ့ အညီ ရှင်းပြထားတာ ဖြစ်ပုံရပါတယ်။ ဦးဝင်းတင်ဟာ (ကျနော်တို့လိုပဲ) ဆိုရှယ်လစ်ဝါဒရဲ့ အနှစ်သာရတရပ်ဖြစ်တဲ့ တရားမျှတလွတ်လပ်ခြင်းနဲ့အညီ ခေါင်းပုံဖြတ်မှုကင်းတဲ့ အလုပ်သမား၊ လယ်သမား၊ ဆင်းရဲသားတို့ကောင်းစားရေးဝါဒကို နှစ်နှစ်ကာကာ ယုံကြည့်ခဲ့သူဖြစ်တယ်လို့ ကျနော်နားလည်ထားပါတယ်။ ဒါပေမယ့် မဆလရဲ့ ဆိုရှယ်လစ်လမ်းစဉ်ကိုတော့ အဲဒီကာလကတည်းက လုံးဝ ယုံကြည်ခဲ့သူ မဟုတ်ကြောင်းကို ဟံသာဝတီ ခေါင်းကြီးနဲ့တကွ သူ့စာတွေက သက်သေပြနေပါတယ်။ သူတို့ စစ်အစိုးရက ဒုတိယ၀န်ကြီး ရာထူးနဲ့ သတင်းစာလောကထဲက ဖယ်ထုတ်ဖို့ ကြိုးစားခဲ့တာကို သူက လုံးဝ ငြင်းဆိုခဲ့ပါတယ်။ ဒါဟာ လူသိနည်းတဲ့ အချက်ပါ။ ဒီအချက်ဟာ ဦးဝင်းတင်အနေနဲ့ ပြည်သူတို့ရဲ့ စကားပြန်ဘ၀ကိုသာ မြတ်နိုးပြီး ရာထူး၊ ဂုဏ်ထူးတွေ လုံးဝမမက်ခဲ့ကြောင်းကို သက်သေပြခဲ့တဲ့အချက် တချက်ဖြစ်ပါတယ်။ ဦးဝင်းတင်ရဲ့ ဟံသာဝတီသတင်းစာ ခေါင်းကြီးပိုင်းကို အရင်းအတိုင်း ဖော်ပြလိုက်ပါတယ်။ ခေါင်းစဉ်က “သတင်းစာဆိုတာ ဘာလဲ” တဲ့။
၁။ ။ ၀ါဒဖြန့်စာရွက်လား။ “မှန်ပါ့ဘုရား။ သံတော်ဦးတင်လွှာလား” “ခေါင်းတော်ညိတ်၊ စိတ်တော်သိ” ဘုန်းတော်ဘွဲ့ စာတမ်းလား။ “အားလုံးကောင်းပါသည်ခင်ဗျား” အစီရင်ခံစာလား။ “ခိုင်းရာရေး၊ ပေးရာထုတ်ပြန်သည့် ပြန်ကြားရေး စာစဉ်လား။ လက်ညှိုးညွှန်ရာ ရေဖြစ်ချင်သူတို့၏ ဖောင်တော်စီး လက်မှတ်လား။
၂။ ။ အာဏာနှင့် ငွေကို ရေလိုသုံးကာ ကိုယ်ကျိုးရှာသူ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ၀ါဒရေး ဖောက်ပြန်သူ၊ အာဏာနှင့် အခွင့်အရေး အလွဲသုံးသူတို့၏ အသိပျက်မှု၊ အကျင့်ပျက်မှု၊ တာဝန်ပျက်မှု၊ စည်းကမ်းပျက်မှု၊ ယုံကြည်ချက်၊ ခံယူချက်၊ ရပ်တည်ချက်ပျက်မှုများကို ဖုံးကွယ်ပေးသည့် စက္ကူကန့်လန့်ကာလား။
၃။ ။ အမှန်တရား၊ အရှိတရား၊ အဖြစ်တရားကို ပိတ်ဟဲ့၊ ဆို့ဟဲ့၊ တားဟဲ့၊ ဆီးဟဲ့၊ လျှို့ဟဲ့၊ ၀ှက်ဟဲ့နှင့် သတင်းထောက်က တကောက်ကောက်လိုက်ခြင်း၊ သတင်းစာက တစာစာရေးခြင်းကို မခံနိုင်မရပ်နိုင်ဖြစ်ကာ၊ ပြည်သူတို့၏ နားမျက်စိပိတ်ခြင်း၊ အကြံတုံး၊ ဥာဏ်တုံး၊ နလပိန်းတုံးများဖြစ်အောင် ပြုလုပ်ရာ၌ အသုံးပြုသည့် စက္ကူမျက်နှာဖုံးလား။
၎။ ။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီက အဓိပ္ပာယ်ဖွင့်သည့်အတိုင်း အမဲကို အဖြူမလုပ်၊ အမှန်တရားကို မဖုံးအုပ်၊ ပြည်သူ့ထင်မြင် ယူဆချက်များကို မနှောင်ချုပ်ဘဲ ပြည်သူကို အသိပညာပေး၊ ပြည်သူကို စည်းရုံး၊ ပြည်သူကို လှုံ့ဆော်၊ ပြည်သူနှင့်အစိုးရကြားကို ပေါင်းကူးပေးသည့် ပြည်သူ့ဆက်သွယ်ရေး ယန္တရားကြီး၊ ပြည်သူ့ မဏ္ဍိုင်ကြီး ပြည်သူ့ အာဘော်ကြီးလား။
အထက်ပါမေးခွန်းတွေဟာ ဦးဝင်းတင်အနေနဲ့ မဆလခေါ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ခေါ် ဆိုရှယ်အတုအယောင် ခေတ်ကို စိန်ခေါ်ခဲ့တဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။ ဒီမေးခွန်းတွေ ဖတ်ပြီး ဖတ်ရသူတွေအားလုံး တုန်လှုပ်သွားခဲ့ကြရပါတယ်။ ဗိုလ်နေ၀င်း စစ်အစိုးရဘက်က ကြည့်ရင် ဟံသာဝတီသတင်းစာကို ပိတ်ပစ်လိုက်တာ “နည်းတောင်နည်းသေး” လို့ ဆိုကြမှာ မလွဲပါဘူး။
အဲဒါ ဦးဝင်းတင်အစစ်ရဲ့ လက်ရာအစစ်ပါပဲခင်ဗျား။
ကျနော်ကတော့ ရဲဘော်ကြီး ဦးဝင်းတင်၊ ရေးဘော်ကြီး ဦးဝင်းတင်၊ နောင်တော်ကြီး ကိုဝင်းတင် ထောင်က ထွက်လာတဲ့ သတင်းကို ကြားရင်ကြားချင်း ကဗျာလေး တပုဒ်ရေးဖွဲ့လိုက်မိပါတယ်။ သူစွဲလန်းခဲ့တဲ့ စာအုပ်တအုပ်ရဲ့ ခေါင်းစဉ်အတိုင်း “သူ့လိုလူ” လို့ ခေါင်းစဉ်တပ်လိုက်ပါတယ်။
“သူ့လိုလူ”
သူနဲ့သူသာ၊ နှိုင်းစရာမို့
သူသာ “စံ” ထူ၊
“သူ့လိုလူ” ကို
လူတိုင်းကြည်ညို ဆုတောင်းဆိုပြီ
သူ့လိုလူတွေ များစေသော။
သူ့လိုစိတ်ထား ပွားစေသော။
သူ့သက်ရာကျော် ရှည်စေသော။
No comments:
Post a Comment