Monday, October 6, 2008

ရန်ကုန်လက်ကျန်ဝန်ထမ်းများကို ၂၀၀၉ မတိုင်မီ နေပြည်တော်ပြောင်းခိုင်း

မင်းနိုင်သူ/ ၆ အောက်တိုဘာ ၂၀၀၈။ ။

ရန်ကုန်တွင် လက်ကျန်ရှိနေသည့် ဌာနဆိုင်ရာ ၀န်ထမ်းများအား ၂၀၀၉ ခုနှစ်မတိုင်မီ နေပြည်တော်ပြောင်းရန် အမိန့် ထုတ်ထားသည့်အတွက် ၀န်ထမ်းအချို့ အလုပ်မှထွက်ကုန်သည်ဟု စုံစမ်းသိရသည်။

“သူတို့က ရန်ကုန်မှာ ၀န်ထမ်းနည်းနည်းပဲ ထားတော့မယ်။ ကျန်တာအားလုံး ပြောင်းဆိုတဲ့မူကို ကျင့်သုံးနေပြီ။ အခုကို ပြောင်းနေကြရပြီ။ ကျနော်တို့ကတော့ ဘယ်ပြောင်းချင်ပါ့မလဲ၊ ရတဲ့လစာက တလစာ လက်ဖက်ရည်ဖိုးပဲရှိတာ။ အလုပ် ကလေးရှိတယ်ဆိုတာမျိုး ဖြစ်ချင်လို့သာ မှေးနေကြရတာ။ ဟိုကိုသာ ပြောင်းရရင်မလွယ်ဘူး။ ဟိုမှာက သွားရေးလာရေး ခက်သလို လူကြီးတွေနဲ့နီးတော့ အချိန်ပြည့် ကြောက်နေရမှာပဲ။ ဒါကြောင့် အခု ထွက်စာတင်ထားတယ်” ဟု သာသနာ ရေးဦးစီးဌာနမှ ၀န်ထမ်းတဦးက ပြောသည်။


ရန်ကုန်လက်ကျန်ဝန်ထမ်းများကို နောက်ဆုံးအသုတ် နေပြည်တော်ပြောင်းမိန့်ပေးခြင်း၏ အဓိကရည်ရွယ်ချက်မှာ ၂၀၁၀ ရွေးကောက်ပွဲတွင် ၀န်ထမ်းများ၏ ထောက်ခံမဲကို စုစုစည်စည်း ရနိုင်ရန်ဖြစ်နိုင်သည်ဟု အချို့ဝန်ထမ်းများက ယူဆ သည်။ သို့သော် နေပြည်တော်မှ အိမ်ရာအကွက်များကို စည်ကားစေလို၍ မြန်မြန်ပြောင်းခိုင်းခြင်းလည်း ဖြစ်နိုင်သည်ဟု အချို့က ယူဆသည်။

မိုး/ဇလမှ ၀န်ထမ်းတဦးက “ကျမတို့ ဌာနမှာ အပိုဝင်ငွေ ရပေါက်ရလမ်းက အင်မတန် နည်းပါတယ်။ ဒီကြားထဲ ပြောင်းရ ရွှေ့ရမယ်ဆိုတော့ မလွယ်ဘူး။ ဒီမှာက အိမ်ဆိုင်လေး ဖွင့်ထားတော့ စားနေရသေးတယ်၊ ဟိုမှာဆို မလွယ်ဘူး။ အလုပ် ထွက်လိုက်ပြီးတော့ အပြင်မှာပဲ လုပ်ကိုင်စားတော့မယ်” ဟု ဆိုသည်။

နေပြည်တော်သို့ ၀န်ထမ်းများ ပြောင်းရွှေ့မှုကို ၂၀၀၅ ခုနှစ်က ပြုလုပ်ခဲ့ဖူးပြီး ယခုလည်း အလုံးအရင်းဖြင့် ပြောင်းရွှေ့ ခိုင်းမှုများ စတင်နေပြီဖြစ်ကြောင်း သိရသည်။ ယခုကဲ့သို့ ပြောင်းရွှေ့စေမှုများကြောင့် လစာငွေနည်းပါးကာ အပိုဝင်ငွေ မရရှိနိုင်သည့် ဌာနများမှ ၀န်ထမ်းများ အခက်အခဲတွေ့ကြရပြီး အလုပ်ထွက်စာတင်သူများ များပြားနေသည်ဟု ၀န်ထမ်း များ အသိုင်းအ၀န်းမှ ကြားသိရသည်။

နေပြည်တော်သို့ ပြောင်းရွှေ့ခိုင်းမှုများကြောင့် အောက်ခြေ၀န်ထမ်း အများအပြား အလုပ်ထွက်လိုကြပြီး အချို့က ပြည်ပထွက် အလုပ်လုပ်ရန် ကြိုးစားနေကြသကဲ့သို့ အချို့ကလည်း အန်ဂျီအိုများတွင် တာဝန်ထမ်းဆောင်နိုင်ရန် သက်ဆိုင်ရာသင်တန်းများသို့ တက်ရောက်နေကြပြီဖြစ်ကြောင်း ကြားသိရသည်။

ယခုကဲ့သို့ ၀န်ထမ်းများ ပြောင်းရွှေ့ခိုင်းမှုများအပြင် ရန်ကုန်ရှိ ၀န်ကြီးဌာနပိုင် အဆောက်အဦများအား နအဖစစ်အစိုးရ က ပြည်ပကုမ္ပဏီများသို့ အငှားချထားမှုနှင့် ရောင်းချမှုများ ပြုလုပ်နေပြီး မကြာမီကာလတွင်လည်း ဗိုလ်ဆွန်ပက်လမ်းရှိ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနပိုင် အဆောက်အဦကို ရောင်းချလိမ့်မည်ဖြစ်ကြောင်း အိုးအိမ်ဦးစီးဌာနမှ အမည်မဖော် လိုသည့် အဆင့်မြင့်အရာရှိတဦးက ပြောသည်။

ရန်ကုန် စစ်ထောက်ချုပ်ရုံးမှ ဝန်ကြီးဌာနအသီးသီးသို့ ထုတ်ပြန်ချက်အရဆိုရင် ၂ဝဝ၅ ခု အောက်တိုဘာမှ ၂ဝဝ၆ ခု ဧပြီလထိ (၆) လအတွင်း ရန်ကုန် ဝန်ကြီးဌာနပေါင်း (၃ဝ) နှင့် ရုံးဌာန (၈) ခု၏ ရုံးပစ္စည်းများကို စစ်ထောက်ချုပ်ရုံး အစီအစဉ်ဖြင့် စစ်သုံးယာဉ် အစီး (၃,၉ဝ၃) စီးသုံးပြီး ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

မူလက ၂ဝဝ၆ ခု မေလ (၂ဝ) ရက်မှာ ရန်ကုန်ဝန်ကြီးဌာနများအားလုံး နေပြည်တော်အပြီးသတ် ပြောင်းဖို့ ရည်မှန်းခဲ့ သော်လည်း အဆင်မပြေခဲ့ပေ။ ထို့ကြောင့် ၂ဝဝ၆ ခု မေလမှ စက်တင်ဘာထိ (၄) လအတွင်း စစ်သုံးယာဉ် (၁,၃၃၆) စီးနှင့် ဝန်ကြီးဌာနများကို ထပ်မံပြောင်းရွှေ့ခဲ့ရသည်။ ၀န်ကြီးဌာနများ နေပြည်တော်မပြောင်းခင် (၃) နှစ်စာ ဖိုင်တွဲ များကလွဲပြီး အစောပိုင်းနှစ်များမှ ဖိုင်မှန်သမျှ ဖျက်ဆီးရန် အထက်အာဏာပိုင်များက ညွှန်ကြားခဲ့သည်။


No comments: