Saturday, October 4, 2008

ထမင်းဟင်းတောင်းမရ လူကိုရိုက်

Kaowao

တနသာင်္ရီတိုင်း၊ ရေဖြုမြို့နယ် ကျွဲသုံးညီမ(ကျွန်း)ရွာတွင်လွန်ခဲ့သော အောက်တိုဘာ(၁)ရက်နေ့ ညပိုင်းတွင် အလှူအိမ်တစ်အိမ်မှာ ကျေးရွာသားများချက်ပြုတ်ရေးပြုလုပ်နေစဉ် အဆိုပါကျွန်းတွင် အခြေပြုနေသော တနသာင်္ရီရေတပ်စခန်းမှ ရဲဘော်အချို့မူးယစ်ပြီး ထမင်းဟင်းဝင်ရောက်တောင်းရမ်းရာမှ စကားများကြ၍ ဝင်ရောက်ဖြန်ဖြေသူ နိုင်အဇင်အသက်(၅၅)နှစ် အရိုက်ခံလိုက်ရသည်ဟုနီးစပ်သူရွာသားဦးက(Kaowao Newsgroup)တို့ ဖုန်းဆက်ပြောကြားခဲ့ပါသည်။

လွန်ခဲ့သည့်ရက်သတ္တပတ်က အဆိုပါကျေးရွာတွင် ကွယ်လွန်သူ နိုင်ငယ်၏ ရက်လည်ဆွမ်းအတွက်ညပိုင်းတွင် ကျေးရွာခံနှင်လူငယ်များ ချက်ပြုတ်ရေးစီစဉ်နေစဉ် မပြီးစီးသေး၍ ထမင်းဟင်းများ ပေးရန်မဖြစ်နိုင်သေးကြောင်း ပြောဆိုရာမှ အခင်းဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ နံနက်မိုးလင်းတွင် ရွာခံသုံးဆယ်ဦးခန့် သက်ဆိုင်သည့် ရေတပ်စခန်းတာဝန်ခံအရာရှိ (အမည်မသိ) ထံ ၄င်းဖြစ်ရပ်နှင့်ပတ်သက်၍ မကျေနပ်ချက်ကို သွားရောက်တိုင်တန်းပါသည်။

အဆိုပါအရာရှိက ရဲဘော်များထမင်းဟင်းတောင်းစားသည်ကိုမပေးသည့်သူတွေမှာသာအပြစ်ရှိကြောင်း ထိုကြောင့် ယနေ့မှစ၍ အခင်း ဖြစ်ပွားခဲ့သည့် အနောက်ပိုင်းရပ်ကွက်သားများ ရာဘာခြံသွားလျှင်လူတစ်ဦးချင်း ထောက်ခံစာတစ်စောင် တစ်ရက်ကြိုတင်၍ ရေတပ်စခန်း မှာစာရင်းတင်ရမည်။ ရွာအပြင်ထွက်ခွင့် ထောက်ခံစာတစောင်ကို တစ်ရက်စာ ငွေ(၇၀၀)ကျပ်ပေးဆောင်ရမည်။ ကျန်သော ရွာလယ်ပိုင်းရပ်ကွက်နှင့် ထားဝယ်စုရပ်ကွက်သားများ ဒီကိစ္စတွင်မပါဝင်သဖြင့် ရွာပြင်ထွက်ခွင့်ထောက်ခံစာ တစ်စောင်တစ်ပတ်စာ ငွေကျပ်(၃၀၀)ပေးဆောင်စေရန်အမိန့်ချမှတ်လိုက်ကြောင်း အဆိုပါရွာသားက မကျေနပ်စွာဖြင့် ပြောပြခဲ့ပါသည်။


No comments: