Sunday, November 9, 2008

ထိုင်းမြန်မာနယ်စပ်မှာ မြန်မာတို့၏ ဘုံကထိန်များ စပြီ

နိုဝင်ဘာ ၉။ သောင်ရင်းနဂါး

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့၏ တောင်ဘက်တွင် ရှိသော ပုပ္ဖရမြို့နယ် ၃၇ ကီလိုမီတာကျေးရွာ၊ ၄၈ ကီလိုမီတာကျေးရွာ၊ ဝှေ့နုကလီ ကျေးရွာ၊ အလားတူ မဲဆောက်မြို့အစွန် ဘတ်မိုင်ကျေးရွာတို့တွင် တန်ဆောင်တိုင်ပွဲတော်နှင့် မြန်မာ့ရိုးရာ ဘုံကထိန်ပွဲတော် စတင်နေပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

၄၈ ကီလိုမီတာကျေးရွာ သာသနာ့ဗိမာန် ဘုန်းတော်ကြီးကျောင်းတွင် နိုဝင်ဘာလ ၅ ရက်နေ့က ထိုင်းနှင့် မြန်မာ ဗုဒ္ဓဘာသာဝင် အချင်းချင်း ချစ်ကြည်ရင်းနှီးစွာဖြင့် စုပေါင်းဘုံကထိန်ပွဲများ ဆင်နွှဲခဲ့ကြကြောင်းကို ဒေသခံ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအသင်း (DARE Team)က ဆော်သြအကျိုးဆောင်ခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ဝှေ့နုကလီကျေးရွာ ပရဟိတ ဘုန်းတော်ကြီးကျောင်း စုပေါင်းဘုံကထိန်ပွဲတော်နှင့် ၃၇ ကီလိုမီတာကျေးရွာ ထိုင်းဘုန်းတော်ကြီးကျောင်း စုပေါင်းဘုံကထိန်ပွဲတော်ကိုလည်း နိုဝင်ဘာလ ၈ ရက် ယနေ့တွင် ကျင်းပရာ ထိုင်းနှင့် မြန်မာ ချစ်ကြည်ရင်းနှီးစွာဖြင့် စုပေါင်းဆောင်ရွက်ခဲ့ကြသည့်အပြင် ကလေးများ ကျောင်းကပွဲ၊ ရွှေနန်းပျော် မြန်မာဇာတ်ပွဲ၊ မိုးလင်းပေါက် ရုပ်ရှင်ပိတ်ကားထောင်ပွဲ၊ ကာရာအိုကေ အဆိုပြိုင်ပွဲ စသည်တို့ဖြင့် စည်ကားလှသည်ကို တွေ့ရသည်။

အလားတူ မဲဆောက်မြို ဘတ်မိုင်ကျေးရွာ စုပေါင်းဘုံကထိန်ပွဲကိုလည်း ရုပ်ရှင်ပိတ်ကား၊ ကာရာအိုကေ အဆိုပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနေသည်ကို တွေ့ရသည်။ သို့ရာတွင် ယမန်နေ့က ဝှေ့နုကလီကျေးရွာ စုပေါင်းဘုံကထိန်ပွဲ အကြိုည ကျောင်းကပွဲမှ ပြန်လာသော မြန်မာစိုက်ပျိုးရေးအလုပ်သမား ၁၀ ဦးခန့်ကို ပြည်သူ့စစ်မှ ဖမ်းဆီးထားသည်ကို တွေ့ရသည်။ မဲဆောက်မြို့ တောင်ဘက်အစွန်ဆုံး နေရာနှင့် ပုပ္ဖရမြို့နယ် တခွင်သည် မြန်မာစိုက်ပျိုးရေးအလုပ်သမား ခုနစ်သောင်းခန့် ရှိပြီး ယင်းတို့၏ နေ့စဉ် လုပ်အားခမှာ ၆၀၊ ၇၀၊ ၈၀၊ ၉၀၊ ၁၀၀ အစားစား ရှိသည်။ ယင်းသို့ လုပ်အားခ ခွဲခြားပေးမှု၊ ကလေးငယ်များအား လုပ်အားခ ချိုးနှိမ်ပေးမှု၊ ထိခိုက်ဒဏ်ရာ အနာတရ ရပါက ဆေးဝါးကုသခွင့် မရရှိမှု၊ လက်ပြတ်ခြေပြတ်ပါက အလုပ်ရှင်မှ တာဝန်မယူမှု၊ လုပ်ငန်းခွင်သုံး ကာကွယ်ရေး ပစ္စည်းများ ထုတ်မပေးမှု၊ အိမ်သာ မသန့်ရှင်းမှု၊ အချို့နေရာတွင် အိမ်သာ လုံးဝ မရှိမှု၊ အလုပ်ရှင်သူဌေးများ၏ ခြိမ်းခြောက်အကျပ်ကိုင်မှု၊ အများစု အလုပ်သမားလက်မှတ် မရှိမှုအပေါ် သုံ့ပန်းကဲ့သို့ သဘောထားခံရကာ အမြဲတစေ ဆက်ကြေးပေးနေရမှု (ဝါ) လစဉ်ကြေးပေးနေရမှု၊ အသက်ဆုံးရှုံးပါကလည်း လျော်ကြေးလုံးဝမရမှု စသည့် အလုပ်သမား အခွင့်အရေးများကို ချိုးဖောက်ခံနေရကြောင်း ကာယကံရှင် အလုပ်သမားများက ပြောပြကြသည်။

ဆက်လက်၍ ဟစ်တိုင်မှ သိရသည်မှာ ပုပ္ဖရမြို့နယ် အခါးကောင် ကျေးရွာ မြန်မာတောရကျောင်းတွင်လည်း နိုဝင်ဘာလ ၁၃ ရက်နေ့တွင် စုပေါင်းဘုံကထိန်ပွဲတော် ကျင်းပရန် ရှိသည်ကိုလည်းကောင်း၊ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် မဲဆောက်မြို့ရှိ ထိုင်းဘုန်းတော်ကြီးကျောင်း အသီးသီးနှင့် မြန်မာဘုန်းတော်ကြီးကျောင်းများ တွင်လည်း စုပေါင်းဘုံကထိန်ပွဲနှင့် လွိုင်ကထုံ မီးဖောင်မျှောပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြကြောင်း သိရသည်။

ထိုင်းနိုင်ငံအဖို့မူ ထိုနေ့ ထိုဝင်ဘာလ ၁၂ ရက်နေ့သည် နိုင်ငံတော် ရုံးပိတ်ရက် ဖြစ်သည်။ မဲဆောက်မြို့ တောင်ဘက်အစပ်ရှိ ကျေးရွာများနှင့် ပုပ္ဖရမြို့နှင့် အုန်းဖန်မြို့များတွင် ရှိသော မြန်မာစိုက်ပျိုးရေး အလုပ်သမား တစ်သိန်းကျော်မှာ ထို့နေ့အဖို့ အလုပ်မပိတ်ကြကြောင်း အလုပ်ရှင်များက အလုပ်ခိုင်းမြဲ ခိုင်းလျက်ရှိကြောင်း ယမန်နှစ် အတွေ့အကြုံကို ရရှိထားသည့် မြန်မာအလုပ်သမား အချို့က ပြောပြသည်။


No comments: