မောင်ရမ္မာ၊ ခိုင်မင်းမူ (နိရဉ္စရာ)
ရခိုင်ပြည်နယ် မြို့တော်စစ်တွေ အကျဉ်းထောင်မှ ထောင်သားများကို ရခိုင်ပြည်နယ်အတွင်းရှိ ရဲဘက်အကျဉ်းစခန်းများသို့ထုတ်ယူပြီး ပုဇွန်လုပ်ငန်းရှင်နှင့်ပူးပေါင်းကာ အလုပ်ကြမ်းများ စေခိုင်းနေကြောင်း သတင်းရရှိသည်။
“အားလုံး ထောင်သား ၂၀၀ ပါတယ်။ သူတို့ကို အသပြာကျွန်း ရဲဘက်အကျဉ်းစခန်းနဲ့ ငမန်းရေးကျွန်းမှာရှိတဲ့ ရဲဘက်အကျဉ်းစခန်းတွေကို ပို့မှာဖြစ်တယ်၊ အဓိကတော့ ငမန်းရေး ကျွန်း ရဲဘက်အကျဉ်းစခန်းကို ပို့ဆောင်မှာဖြစ်ပါတယ် ”ဟု အမည်မဖေါ်လိုသူ ရဲဝန်ထမ်းတဦးက ပြောသည်။
အဆိုပါ ထောင်သားများကို အောက်တိုဘာလ ၃၁ ရက်နေ့က စစ်တွေအကျဉ်းထောင်မှ ထုတ်ယူပြီး စစ်တွေဘုတ်ဆိပ်မှ စက်လှေသုံးစီးဖြင့် ခေါ်ဆောင်သွားကာ ပေါက်တောမြို့နယ် အသပြာကျွန်းရှိ ရဲဘက်အကျဉ်းစခန်းနှင့် မြေပုံမြို့နယ် ငမန်းရေးကျွန်း ရဲဘက်စခန်းသို့ ပို့ဆောင်လိုက်ခြင်းဖြစ်သည်။
အသပြာကျွန်း ရဲဘက်အကျဉ်းစခန်းတွင် အုပ်ချုပ်နေသော ထောင်မှူးမှာ ၀င်းမောင်ဖြစ်ပြီး ငမန်းရေးကျွန်း ရဲဘက်အကျဉ်းစခန်းတွင် အုပ်ချုပ်နေသော ထောင်မှူးမှာ အေးထွန်းဖြစ်ကြောင်း သိရှိရသည်။
ငမန်းရေးကျွန်းသို့ပြောင်းရွေ့ခံရသော အကျဉ်းသားများကို ထောင်မှူး အေးထွန်းက မြေပုံမြို့နယ် လွမ်းလုံပိုက်ကျေးရွာမှ ပုဇွန်ဒိုင်ပိုင်ရှင် ဦးကျော်ဝင်းနှင့် ပူးပေါင်းပြီး ဦးကျော်ဝင်း ပိုင်ဆိုင်သောပုဇွန်တာများတွင် အလုပ်စေခိုင်းနေခြင်းဖြစ်သည့်အပြင် ကျန် ထောင်သားများကို တခြားပုဇွန်တာပိုင်ရှင်များသို့ နေ့စားအလုပ်သမားများအဖြစ် ငှားရမ်းနေကြောင်းလည်း အမည်မဖေါ်လိုသူ ဒေသခံတဦးအပြောအရ သိရှိရသည်။
ပုဇွန်တာတွင် အလုပ်လုပ်ကိုင်နေရသော ထောင်သားများမှာ နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီထိတကြိမ်၊ မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီထိ တနေ့လျှင်နှစ်ကြိမ် ခိုင်းစေခြင်းကို ခံနေကြရခြင်းဖြစ်ကြောင်း သိရှိရသည်။
ထောင်အာဏာပိုင်များမှာ ရခိုင်ပြည်နယ်အနှံ့အပြားတွင်ရှိသော ပုဇွန်မွေးမြူရေးကန်များတွင် ထောင်သားများကို လုပ်အားပေးခိုင်းစေရန်အတွက် စစ်တွေအကျဉ်းထောင်ကြီးမှ ၆ လ တကြိမ် ထောင်သားများကို ထုတ်ယူခိုင်းစေနေကြောင်း စုံစမ်းသိရှိရသည်။
No comments:
Post a Comment