သျှမ်းသံတော်ဆင့်
၂၀၀၈ နှစ်နှောင်းပိုင်း မိုင်းပြင်းမြို့နယ် မိုင်းပူးလုံအုပ်စု ဘိန်းခွန်ကောက်စားလွယ်သည့်လားဟူ ပြည်သူ့စစ်ထိန်းချုပ် နယ်မြေတွင် မိုင်းပြင်းအခြေစိုက် နအဖစစ်တပ်တို့ဒေသခံ များအား လွတ်လပ်စွာဘိန်းစိုက်ပျိုးခွင့်ပေးထားသည်ဟု နယ်စပ်သတင်းရပ်ကွက်က ဆိုပါသည်။
လာမည့် တန်ဆောင်မုန်းလ၌ ဘိန်းဆီခြစ်မည့် ဘိန်းခင်းကို တော်သလင်းလက စိုက်ပျိုးပြီး အချို့မှာပန်းပွင့်ဆဲ၊ အချို့ မှာသီးနေပြီ ဖြစ်ကြောင်း အသက် ၃၀ ၀န်းကျင် မိုင်းပြင်းဒေသခံ အမျိုးသား တစ်ဦးက ပြောပြသည်။
“ဒုတိယသုတ်ဘိန်းခင်းကိုတော့ ပြီးခဲ့တဲ့ သီတင်းကျွတ်ကဘဲ ယာမြေရှင်းတာ။ ပလောင်ဒေသခံတွေက တောင်ကုန်း တွေမှာစိုက် တယ်။ မိုင်းပူးလုံအုပ်စု အနောက်ဘက် မိုဟိုင်း၊ ဟွေ့ပိန်း၊ မိုင်းပူးလုံတောင်ဘက် လွယ်ခီ့ခတ်၊ ပိန်းလုံ၊ မိုင်းပူးလုံအရှေ့ဘက် လုံဝိုင်၊ နားဟွန်၊နားမော် တို့ဘက်မှာ လားဟူတို့ဘိန်းခင်းတွေချည်းဘဲ။ အဲဒီဘက်မှာ ထိန်း ချုပ်နေတာ လားဟူပြည်သူ့စစ် ဂျဖိုးလူတို့ အဖွဲ့ပေါ့။ ဒေသခံ သျှမ်းတွေ အိမ်ခြေ ၂၀ လောက်ဘဲရှိတယ်”ဟု ၎င်းက ပြောသည်။
တစ်လတစ်ခေါက်သွားရောက်လှည့်လည်သော နအဖစစ်ကြောင်းတို့က ဆိုင်ရာရွာသူကြီးထံ၌သာ ဘိန်းခွန်ကောက်သည် ဟုလည်း ဆို၏။
“လားဟူပြည်သူ့စစ်က ၁ ဧက ၃၀ ကျပ်သား ဘိန်းခွန်ကောက်တယ်။ ပိုက်ဆံမယူဘူး၊ ဘိန်းဘဲယူတယ်။ နအဖ စစ်ကြောင်းတို့ ကတော့ ရွာသူကြီးကိုဘိန်းခွန်ကောက်ပေးခိုင်းတယ်။ ဘယ်လောက်လို့ မသတ်မှတ်ဘူး။ စစ်ကြောင်းမှူးကို ရွာသားတွေက ကြက်၊ ၀က်၊ အရက် တည်ခင်းဧည့်ခံရင် ‘တောတောင်တွေမှာနေတော့ ဘိန်းမစိုက်ရင်၊ သာမာန် ဆန်၊ ပြောင်းဘဲစိုက်ရင် ၀င်ငွေရှိမှာ မဟုတ်ဘူး ’ လို့တောင် အားပေးသေးတယ်” ဟု မိုင်းပူးလုံအုပ်စု ဒေသခံပလောင်အမျိုးသမီး တစ်ဦးကလည်း ပြောပြသည်။
ဘိန်းခင်းအလုပ်သမားများ လုပ်အားခ တစ်ရက် ကျပ် ၂,၅၀၀ ရပြီး ယာထွန်ကျွဲပါ အလုပ်လုပ်ရပါက ကျွဲရောလူပါ လုပ်အားခ တစ်ရက် ကျပ် ၆,၀၀၀ ရသည်ဟုဆို၏။ ယခုနှစ် ဘိန်းသစ်ရောင်းဝယ်သည့် အစိမ်းဈေးနှုန်းမှာ ၁ ပိဿာ ကျပ် ၄၅၀ယ၀၀၀၊ ဘိန်း ဟောင်းတစ်ပိဿာ ကျပ် ၇၈၀,၀၀၀ အပြင် ရာဘတစ်ပြား ကျပ် ၁,၅၀၀ မှ ကျပ် ၂,၀၀၀၊ ဆေးတောင့် (ကက်ပ်ဆူး) သွင်းရောင်း သော ရာဘဆေးမှုန့် တစ်တောင့်ကျပ် ၂,၃၀၀ ရှိသည်ဟုဆိုပါသည်။ ဒိုင်ခံ ရောင်းဝယ်သည့် လောပန်းကြီး မရှိသော်လည်း လားဟူ ပြည်သူ့စစ်အဖွဲ့ဝင်များက မိုင်းဆတ်ဘက်မှ (ရာဘများ)ယူဆောင်၍ဒေသခံ များအားရောင်းပေးကြောင်း၊ ငွေကြေးကြွယ်ဝသူများ တစ်ဦးလျှင် ၃-၄ ဧကထက်မနည်း ရင်းနှီး၍ ဘိန်းစိုက်ပျိုးကြပြီး သံလွင်အနောက်ခြမ်းကျိုင်းခမ်းမှငွေရှင်အချို့လည်း မိုင်းပူးလုံဘက် သို့ ဘိန်းလာစိုက်ကြကြောင်း သိရပါသည်။
No comments:
Post a Comment