Monday, November 10, 2008

နအဖတပ်ပြေးအား လက်ခံထမင်းကျွေးသည့် သားအဖ လုပ်ကြံဗုံးခွဲခံရ

သျှမ်းသံတော်ဆင့်

တပ်ပြေးတစ်ယောက်အား လက်ခံထမင်းကျွေးသည့် သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ ကတ်ထိုက်အုပ်စုနောင်ဆာ ရွာဒေသခံ သားအဖ အဆိုပါတပ်ပြေးဖောက်ခွဲသောလက်ပစ်ဗုံးကြောင့် သေဆုံးခဲ့ရသည်ဟုနယ်စပ် သတင်းရပ်ကွက် ကဆိုပါသည်။

ဗုံးကွဲပြီးနောက်ပိုင်း နအဖပုလိပ်တို့ လာရောက်စစ်ဆေးမှ ကျိုင်းတုံအမြောက်တပ်မှ တပ်ပြေးဖြစ်ကြောင်းသိရသည်ဟုဆို၏။


“စက်တင်ဘာလ ၂ ရက် နံနက် ၈ နာရီအချိန်က ဖြစ်တာ။ အဲဒီတပ်ပြေး လုံးနွဲ့အိမ်မှာ ထမင်းသွားတောင်းစားတော့ သူ့ကိုသနား တာနဲ့ လုံးနွဲ့က သူ့သမီးကို ထမင်းဟင်းပြင်ကျွေးခိုင်းလိုက်တယ်။ ထမင်းစားပြီး အဲဒီစစ်သားဆေးလိပ်ထိုင် သောက်နေတာ တအောင့်လောက်ကြာတော့ သူ့ခါးမှာချိတ်ဆွဲထားတဲ့ လက်ပစ်ဗုံးကို အဲဒီနေရာမှာတင် ခွဲလိုက်တာ စစ်သားရော လုံးနွဲ့နဲ့ သူ့သမီးပါ ၃ လောင်းပြိုင် ပွဲချင်းပြီးဘဲ” - ဟု အသက်မသေဘဲ ဒဏ်ရာအပြင်းအထန်နှင့်ဆေးရုံ ရောက်သွားသည့် လုံးနွဲ့၏ အသက် ၁၁ နှစ်အရွယ်မြေးမလေးက ပြန်လည်ပြောပြကြောင်း နောင်ဆာရွာ ဒေသခံ တစ်ဦးကပြော၏။

လက်ပစ်ဗုံးကြောင့်သေဆုံးသူ ဦးလုံးနွဲ့မှာ အသက် ၆၂ နှစ်ရှိပြီး ၎င်း၏သမီးမှာ အသက် ၃၃ နှစ်ခန့်ရှိသည်ဟုဆို ပါသည်။ ဗုံးပေါက် သည်ဟုသိသိချင်း သျှမ်းသူပုန်များ၏ လက်ချက်ဟု နအဖ၀န်ထမ်းများကျိုင်းတုံရဲစခန်းအား လိမ်လည်အကြောင်း ကြားသဖြင့် ကား ၅ စီးဖြင့် လာရောက် စစ်ဆေးကြသည်ဟုဆို၏။

“တပ်ပြေးရဲ့လက်ချက်လို့သူတို့သိသိချင်း အဲဒီတပ်ပြေးဟာ ကျပ်မပြည့်တဲ့လူဘဲ ဆိုပြီး ဘာမှမလုပ်ပေးဘူး။ အလောင်း ၃ လောင်း ကိစ္စလဲ ရွာသူကြီးကို တာဝန်ယူခိုင်းလိုက်တယ်” ဟု အဆိုပါနောင်ဆာ ရွာဒေသခံကပြောပြသည်။

စင်စစ်ထိုတပ်ပြေးမှာ နအဖပုလိပ်တို့ ပြောသည့်အတိုင်း ကျပ်မပြည့် မဟုတ်ကြောင်း၊ ၎င်းသည် နောင်ဆာရွာသို့ကျောက်ခဲ များ လာသယ်လေ့ရှိသဖြင့် ၎င်းအားရွာသားများက သိနေကြကြောင်း၊ ဦးလုံးနွဲ့၏သမီးကလေးအမေအား ခိုးကြိက်နေ ကြောင်း၊ လုံးနွဲ့က သဘောမတူသဖြင့် ဤကဲ့သို့ တမင်သက်သက် ဗုံးခွဲလုပ်ကြံခြင်းဖြစ်နိုင်ကြောင်းရွာသားများကပြော နေကြသည်။


No comments: