Thursday, November 6, 2008

ဗမာကိုမနိုင် တရုတ်ကိုတိုင်

Narinjara News

မြန်မာ နအဖ စစ်အစိုးရမှ ယခု ဂတ်(စ်) ရှာဖွေနေသော ရေပြင်ပိုင်နက်မှာ မြန်မာပိုင်ဖြစ်သဖြင့် ဂတ်စ် ရှာဖွေမှုအား ရပ်တန့်ရန် မဖြစ်နိုင်ကြောင်း ဘင်္ဂလာဒေခ်ျ့သို့ အကြောင်းပြန်ကြားပြီး နောက်တနေ့တွင်အဆိုပါ ဂတ်စ်ရှာဖွေမှုကို မြန်မာဘက်က ရပ်တန့်လိုက်သည်။

ယခုကဲ့သို့ ရပ်တန့်လိုက်မှုမှာ ဘင်္ဂလာဘက်မှတရုတ်သို့ တိုင်ကြားလိုက်သဖြင့် ဖြစ်ပုံရသည် ဟု လေ့လာသူများကပြောသည်။


ဘင်္ဂလားပင်လယ်ပြင်တွင် မြန်မာဘင်္ဂလာနှစ်နိုင်ငံအငြင်းပွားနေသည့် နေရာတွင် သဘာဝ ဓာတ်ငွေ့ရှာဖွေမှုအပါအဝင် နယ်နိမိတ်သတ်မှတ်ရေးပြဿနာများကို တရုတ်နိုင်ငံမှ ဝင် ရောက်ဖြေရှင်းပေးရန် ဘင်္ဂလာဒေခ်ျ့နိုင်ငံမှ ယမန်နေ့က အကူအညီတောင်းခံခဲ့သည်။

အဆိုပါ တောင်းခံမှုကို ဘင်္ဂလာဒေခ်ျ့ဘက်မှ ဘင်္ဂလာဒေခ်ျ့နိုင်ငံဆိုင်ရာ တရုတ်သံအမတ် ဇင်းအိုးဒင်းကို နိုင်ငံခြားရေး အကြံပေးပုဂ္ဂိုလ် အက်ဖ်တာအာမတ်မှ တွေ့ဆုံပြီး တောင်းဆို ခဲ့ခြင်း ဖြစ်သည်။

မြန်မာနှင့် ဘင်္ဂလားဒေခ်ျ့ နှစ်နိုင်ငံအကြား ဖြစ်ပွားနေသော ရေပြင်ပိုင်နက် ပြဿနာအပေါ် နှစ်ဘက်နိင်ငံအနေဖြင့် ပြေလည်အောင် ဖြေရှင်းနိုင်မည့် အနေအထားတွင် မရှိသောကြောင့် ဘင်္ဂလာဘက်က တရုတ်ကို တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ မြန်မာနှင့် ဖြစ်ပေါ်ခဲ့သော ပြဿနာအပေါ် ဖြေရှင်းရန် တရုတ်ကိုတိုင်ကြားရသဖြင့် မြန်မာ့ စစ်အာဏာပိုင်များအပေါ် တရုတ်ကမည်မျှထိ သြဇာလွှမ်းမိုးထားသည်ကို သိရှိနိုင် ကြောင်း လေ့လာအကဲခတ်သူများက ပြောသည်။

ယမန်နေ့ နံနက်ပိုင်းထိ မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံအကြား အခြေအနေ အထူးတင်းမာ ခဲ့ပြီး မြန်မာဘက်က အသင့်အနေ အထားဖြင့်ရှိနေရန် ရခိုင်ပြည်နယ်ရှိ တပ်ဖွဲ့များအားလုံးသို့ ညွှန်ကြားခဲ့သည်။

၎င်းပြင် ပုံမှန်လုပ်နေကျ တပ်ပြောင်းရွှေ့ခြင်း၊ ခရီးသွားခြင်း၊ စစ်သားများ ခွင့်ယူခြင်းများကို လည်း အနောက်ပိုင်းတိုင်း လက်အောက်ခံ တပ်ရင်းများတွင် ယမန်နေ့က ရပ်တန့်ထားခဲ့ သည်။

ယနေ့တွင် မြန်မာဘက်က ဂတ်စ်ရှာဖွေရေးအား ရပ်တန့်လိုက်သဖြင့် အခြေအနေမှာ ပုံမှန် အနေအထားသို့ ပြန်ရောက်ရှိနေပြီ ဖြစ်ကြောင်းသိရသည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံအနေဖြင့် မြန်မာဘက်က ဂတ်စ်ရှာဖွေနေမှုကို ရပ်တန့်လိုက်ပြီးနောက် ပိုင်း ရေပြင်ပိုင်နက် သတ်မှတ်ရေးကိစ္စကို မြန်မာဘက်က ဆက်လက်လုပ်ဆောင်နိုင်ရန် မြန်မာကို တရုတ်ကတဆင့် ဖိအားပေးသွား မည်ဖြစ်ကြောင်း သိရသည်။


No comments: